ဥရောပ၌ ရိုက်ခတ်မှုပြင်းထန်လာသော ဗိုင်းရပ်ဒုတိယလှိုင်းနှင့် အမေရိကန်ကို ကျော် တက်လာနိုင်သည့် အိန္ဒိယ

ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ်ကူးစက်မှု  အရှိန်လျော့မသွားဘဲ ကူးစက်မှု စုစုပေါင်း သန်း ၃၀ ကျော်လာသည်အထိ ဒုတိယလှိုင်း က ပိုမိုအားကောင်းလာခဲ့သည်။ ဗိုင်းရပ် ကူးစက်မှု ပထမလှိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်မှာ သုံးလသာရှိသေးသော ဥရောပနိုင်ငံ များ၌ ယခု ကူးစက်မှုစံချိန်များက နေ့စဉ် ထပ်တိုးလာနေသောကြောင့် ကန့်သတ် ပိတ်ပင်မှု များကို ပိုမိုတင်းကျပ်စွာ ချမှတ်ရန် ပြင်ဆင်နေရပြီဖြစ်သည်။

ဗြိတိန်၏ ဗိုင်းရပ်ကူးစက်မှုစာရင်းအရ စက်တင်ဘာ ၂၀ ရက်မှစတင်ကာ နေ့စဉ် ကူးစက် ခံရသူ ၄၀၀၀ ကျော်အထိရှိလာပြီး မေလမှစတင်သော ဒုတိယလှိုင်းတွင် အမြင့်ဆုံး စံချိန်တင် ကူးစက်မှုဖြစ်သည်။

ထို့ကြောင့် ဘောရစ်ဂျွန်ဆင်အစိုးရက ဗြိတိန်ကို ပထမအကြိမ်ထက် ပိုမိုပြင်းထန်သည့်  ကန့်သတ်မှုများကို ပြုလုပ်မည်ဟုသတိပေးကာ ဥပဒေမလိုက်နာသူများအား ဒဏ်ကြေး ချမှတ်မည်ဖြစ်သည်။

ဗြိတိန်၌ ဗိုင်းရပ်ကူးစက်မှုပထမလှိုင်းတွင် တင်းမာမှုမရှိသည့် ကန့်သတ်မှုများကြောင့်    ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရပြီး ဒုတိယအကြိမ် ပြန်လည်ကြိုးစားရာမှ ပထမလှိုင်းကို အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကိုယ်တိုင် ဗိုင်းရပ်ကူးစက်ခံရပြီး အထူး ကြပ်မတ် ကုသဆောင် (ICU)၌ပင်  ကုသမှုခံယူခဲ့ရသည်။ ယခုဒုတိယလှိုင်းတွင် ပထမတစ်ကြိမ် ကကဲ့သို့ မဖြစ်လာစေရေး ဗြိတိန်အစိုးရက တင်းတင်းကျပ်ကျပ်  ကိုင်တွယ်တော့မည်ဖြစ်ကာ စည်းကမ်းလိုက်နာပြီး  Quarantine ဝင်ရသည့် ဝင်ငွေမရှိသူများကိုလည်း ပေါင်   ၅၀၀ အထိ   ထောက်ပံ့မည်ဟု ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ဗြိတိန်သည် ဥရောပ၌ ဗိုင်းရပ်ကြောင့် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ပြီး စီးပွားရေး ကျဆင်းမှု ဒဏ်ကိုလည်း ရာစုနှစ်အတွင်း အဆိုးရွားဆုံးခံစားနေရသည်။ ထိုအချိန် ပထမလှိုင်းတွင် ဗိုင်းရပ်ကို ထိန်းမနိုင်ရုံသာမက လူနာများအား ကုသရေးအတွက် အိမ်နီးချင်း ဥရောပ နိုင်ငံများထံ အကူအညီ တောင်းခံခဲ့ရသော ပြင်သစ်၌လည်း နေ့စဉ် ဗိုင်းရပ်ကူးစက်မှုများက  ၁၃၀၀၀ အထိ ရောက်လာပြီဖြစ်သည်။

ဗိုင်းရပ်ကူးစက်ခံရသူများတွင် စီးပွားရေးဝန်ကြီး ဘရူနိုလည်းပါဝင်ခဲ့ပြီး မတ်လမှစ၍ လေးဦး မြောက်ပြင်သစ်ဝန်ကြီး ဗိုင်းရပ်ကူးစက်ခံရခြင်းဖြစ်သည်။ ပထမလှိုင်းကို အောင်မြင်စွာ ဖြတ် ကျော်ခဲ့ပြီးနောက် ပြင်သစ်၌ ဘားနှင့်စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ခွင့်ပေး ခဲ့သော် လည်း ဒုတိယလှိုင်းတွင် လူစုလူဝေးမှ ဗိုင်းရပ် ကူးစက်နိုင်ခြေများစေမည့် အရာများကို လုံးဝ သည်းခံတော့မည်မဟုတ်ကြောင်း မက်ခရွန်အစိုးရက ကြေညာချက်ထုတ်ပြန် ထားသည်။

စက်တင်ဘာ ၁၄ ရက်က အမေရိကန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC)၏ တွေ့ရှိချက်အသစ်တစ်ခုအရ စားသောက်ဆိုင်နှင့် ဘားများသို့သွားခဲ့သည့် လူငယ်အများစု ရောဂါကူးစက်ခံရမှု နှစ်ဆကျော်သည်ဟု တွေ့ရှိခဲ့ပြီး ယင်းမှာ တခြားအရာများနှင့်ယှဉ်လျှင် ကူးစက်မှု အများဆုံးဖြစ်သည်။ ထို့ကြောင့် ဥရောပ အစိုးရများက ကော်ဖီဆိုင်၊ စားသောက် ဆိုင်နှင့်ဘားများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာကာ ထိရောက်သောအရေး ယူမှုများ ပြုလုပ်လာကြခြင်းဖြစ်သည်။

ဥရောပ၌ ပထမလှိုင်းရော ဒုတိယလှိုင်းပါ ဦးစွာခံစားနေရသည့် အီတလီ၌ ကူးစက် မှုအသစ်များက ၁၆၀၀ ကျော်အထိ နေ့စဉ် မြင့်တက်လာကာ ဗြိတိန်၊ ပြင်သစ်တို့နှင့်ယှဉ်လျှင်  သက်သာရာရနေသေးသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အီတလီ၏ သေဆုံးမှုနှုန်းက ဥရောပ၌ ဗြိတိန်ပြီးလျှင် ဒုတိယအများဆုံးဖြစ်ကာ ၃၅၀၀၀ ကျော်အထိရှိသည်။

ထိုအချိန် အစ္စရေး၌လည်း ဗိုင်းရပ်ကူး စက်မှု နေ့စဉ် ၅၀၀၀ ကျော်တွေ့ရှိနေသောကြောင့်  တစ်နိုင်ငံလုံးကို သုံးပတ်ကြာ Lockdown ချလိုက်သော်လည်း Lockdown ကာလအတွင်း  နေတန်ယာဟု အစိုးရကို အယုံအကြည်မရှိသည့် ဆန္ဒပြမှုများနှင့်ကြုံနေရသည်။ နိုင်ငံ၏ စီးပွားရေးကျဆင်းလာမှုနှင့် အလုပ်လက်မဲ့ဦးရေများလာသည့်အတွက် Lockdown အစီအစဉ် များကို အစ္စရေးပြည်သူများ အယုံအကြည်ကင်းမဲ့လာခဲ့ရာမှ ဆန္ဒပြမှုများ ဖြစ်လာရ သည်။

အာရှဘက်ကိုကြည့်လျှင် အိန္ဒိယ၌ ဗိုင်းရပ်ကူးစက်မှုနှုန်းက နေ့စဉ် ၈၀၀၀၀ နှင့်အထက် ရှိနေရာ ကူးစက်မှုအများဆုံးဖြစ်သော အမေရိကန်ကို မကြာမီကျော် တက်တော့မည်ဖြစ် သည်။ စက်တင်ဘာ ၂၀ ရက်က ကူးစက်မှု တစ်သိန်းကျော် အထိရှိခဲ့ပြီး ယင်းမှာ တစ်ရက် တာကူးစက်မှု အမြင့်ဆုံးစံချိန်ဖြစ်သည်။ ပထမတစ်ကြိမ် တစ်နိုင်ငံလုံး Lockdown ကို အိန္ဒိယတို့ မတ်လမှာပင်အစောဆုံးချခဲ့သည့်အတွက် ယခု ဒုတိယတစ်ကြိမ်တွင် တစ်နိုင်ငံလုံး Lockdown မချနိုင်တော့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏စီးပွားရေးကလည်း အမြင့်ဆုံးတိုးတက်မှုဆီမှ အနိမ့်ဆုံးဆီသို့ ကျဆင်းလာသောကြောင့်ဖြစ်သည်။

အိန္ဒိယ၏ ၂၀၂၀ ပြည့်နှစ် ပထမလပတ် အသားတင်ထုတ်ကုန်တန်ဖိုး ၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ကာ ဒုတိယလပတ်တွင် ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်။ ထို့ကြောင့် မိုဒီအစိုးရမှာ အတိုက်အခံပါတီများ၏ ဝေဖန်မှုကိုသာမက ပြည်သူများ၏ ဝေဖန်မှုကိုပါခံနေရသည်။   ယခု လည်း ဗိုင်းရပ်ကူးစက်မှုများကြားမှပင် ဂျမူးနှင့် ကတ်ရှ်မီးယား၌ စာသင်ကျောင်းများကို အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီး အထင်ကရ တာ့ဂျ်မဟာကိုလည်း စက်တင်ဘာ ၂၁ ရက်တွင် စတင်ဖွင့်လှစ် ပေးလိုက်ပြီဖြစ်သည်။

The Indian Express သတင်းစာ၏ ဖော်ပြချက်အရ စက်တင်ဘာ ၂၁ ရက်အထိ အိန္ဒိယ၌ စုစုပေါင်းကူးစက်မှု ၅၄၈၇၅၈၀ အထိရှိလာပြီး  နေ့စဉ်  သေဆုံးမှုနှုန်းကလည်း  ၁၃၀၀ ကျော် ရှိသည်။ ထို့ကြောင့် စုစုပေါင်းသေဆုံးမှုနှုန်း ၈၇၈၈၂ ရှိလာကာ အများစုက  ထိုကိန်းဂဏန်း များထက်ပင် ပိုများနိုင်သည်ဟု ခန့်မှန်းနေကြသည်။ သို့သော်လည်း အိန္ဒိယက ကမ္ဘာပေါ်၌ ဗိုင်းရပ်ကူးစက်မှုခံရပြီး ပြန်လည်ကောင်းမွန်လာသူ ၈၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးရပ်တည် နေနိုင်ကာ လက်ရှိကုသဆဲလူနာလည်း တစ်သန်းကျော်သာရှိသည်။

ထို့ကြောင့် ဗိုင်းရပ်ကူးစက်မှုနှုန်း ခြောက်သန်းကျော်ဖြင့် စံချိန်တင်ပထမနေ ရာတွင်ရှိသော   အမေရိကန်၏နေရာသို့ အိန္ဒိယတို့ရောက်လာလျှင် အမေရိကန်နီးပါး သေဆုံးမှုများမည် မဟုတ်ဘဲ ယင်းမှာ လူငယ်ဦးရေများသော အိန္ဒိယတို့၏ အားသာချက်ဖြစ်သည်။ ယခု အမေရိကန်၌  သေဆုံးသူစုစုပေါင်း  ၂၀၀၀၀၀ ကျော်ရှိပြီဖြစ်ကာ သမ္မတဒေါ်နယ်ထရမ့်က  ဗိုင်းရပ်ကို အကောင်းဆုံးကိုင်တွယ်နိုင်ကြောင်း ပြောပြီး နိုဝင်ဘာ ၃ ရက်အတွက် မဲဆွယ် နေဆဲဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။      ။                  

ရှိန်းထက်

Ref; Indian Express Daily Sabah