မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းဗိသုကာ လက်ရာများဖြင့် တည်ဆောက်ထားသည့် အုတ်ကျောင်းတော်သို့ အလည်တစ်ခေါက်

အုတ်ကျောင်းတော်လို့ ဆိုလိုက်တာနဲ့ လူတိုင်းရဲ့ အတွေးမှာ မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့မြောက်ဘက် နှစ်မိုင်အကွာ အင်းဝမြို့ဟောင်းမှာ တည်ရှိတဲ့   ဘကြီးတော် စစ်ကိုင်းမင်းရဲ့တောင်ညာစံမိဖုရား ခေါင်ကြီး နန်းမတော်မယ်နုကောင်းမှုတော် အုတ်ကျောင်းကြီးကိုပဲ ပြေးမြင်လေ့ ရှိကြပါတယ်။

ဒါပေမဲ့ ကျွန်မရောက်ရှိခဲ့တာက စစ်ကိုင်းတိုင်းဒေသကြီး  ရေဦးမြို့နယ်  ဝက်ဖိုးကျေးရွာရဲ့ မြောက်ဘက်နဲ့ မြင်းပေါက်ရွာ ရဲ့ တောင်ဘက်ကြားမှာတည်ရှိတဲ့ အကြီးတော်မင်း ဦးတေအုတ်ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။ နေပြည်တော်နဲ့ အလှမ်းဝေးတဲ့ နေရာမှာ  ရှေးဟောင်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားတဲ့ အုတ်ကျောင်း တော်ကြီးကို တွေ့ရလို့ အံ့သြရသလို  အဲဒီအုတ်ကျောင်းတော်ကြီး    တည်ဆောက်လှူဒါန်းသူ     အကြီးတော်မင်းဦးတေရဲ့ ဘာသာတရား ရိုသေကိုင်းရှိုင်းမှု၊   ထက် သန်တဲ့သဒ္ဓါတရားကိုလည်း   ခန့်မှန်းသိရ ပြီး ကြည်နူးပီတိနဲ့  သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။

ရှေးဟောင်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားတဲ့ အုတ်ကျောင်းတော်ကြီးက  အလျား ၁၁၂ ပေ၊ အနံပေ ၁၀၀၊ အမြင့် ၃၅ ပေရှိပြီး ဘုံသုံးဆင့် ဇေတဝန်ကျောင်းကြီးပဲ ဖြစ်ပါတယ်။ ဘုံသုံးဆင့်ဖြစ်ပေမယ့် တစ်ဘုံနဲ့တစ်ဘုံကြားမှာ အမိုး အကာတွေ မရှိတော့ဘဲ အနောက်မြောက် ထောင့်ပထမဘုံနဲ့ ဒုတိယဘုံကို ဆက်သွယ် ထားတဲ့ အမိုးအစိတ်အပိုင်းသာ ကျန်ပါတော့တယ်။  ပထမဘုံနဲ့  ဒုတိယဘုံမှာ   စိန်ထောင်တချို့ကို တွေ့ရပေမယ့် တတိယဘုံမှာတော့     လုံးဝ မတွေ့ရတော့ပါဘူး။ ဇေတဝန်ကျောင်းမှာ မာရဘင်ခြားထားပြီး မာရဘင်ရှေ့မှာ ဓမ္မသာလာအခန်းပုံစံရှိပါ တယ်။ ဇေတဝန်ကျောင်း အတွင်းဘက်မှာ   လိုဏ်ပတ်လမ်းနှစ်ထပ်ရှိပြီး   ဇေတဝန် ကျောင်းတံခါးမုခ် ၁၉ မုခ်ရှိပါတယ်။

တောင်ဘက်နဲ့မြောက်ဘက်မှာ  ခြောက်မုခ်စီရှိပြီး    အရှေ့ဘက်မှာ   ငါးမုခ်၊ အနောက်ဘက်မှာ   နှစ်မုခ်စီရှိပါတယ်။ တံခါးမုခ်တွေကို  ကြီးမားတဲ့သစ်သားတန်းကြီးတွေခံပြီး အုတ်စီထားပါတယ်။ တံခါးမုခ် တိုင်းမှာ ခံ့ညားလှပတဲ့ အမရပူရလက်ရာ ကနုတ်ပန်းတွေနဲ့  အလှဆင်ထားတာကို တွေ့ရပါတယ်။ ကျောင်းတော်ကြီးရဲ့အမိုးကို   အုတ်တွေနဲ့ပြုလုပ်ပြီး   အမိုးပုံစံကို  ဇေတဝန်ကျောင်း  ပထမဘုံနဲ့  ဒုတိယဘုံ ကြားမှာ  ဒီနေ့အထိ တွေ့မြင်နေရပါသေး တယ်။

ဇေတဝန်ကျောင်းအပြင်ဘက် တောင်နဲ့မြောက် ၁၀ ပေစီ အကျယ်အဝန်းနဲ့ အရှေ့အနောက်ကို ကိုးပေကျယ်ဝန်းတဲ့ အမိုး အကာမပါ စင်္ကြံပတ်လမ်းလည်း ရှိပါသေးတယ်။ အုတ်ကျောင်းတော်ကြီးပေါ်ကို တက်ဖို့ တောင်ဘက်နဲ့မြောက်ဘက်မှာ လှေကား နှစ်စင်းစီရှိပါတယ်။    အကြီးတော်မင်း ဦးတေအုတ်ကျောင်းတော်ကြီးမှာ ဇေတဝန် ကျောင်းသာပါပြီး   ကျောင်းဦးပြာသာဒ်၊ ဘောဂဆောင်တို့ကိုမတွေ့ရပါဘူး။ အုတ် ကျောင်းတော်ကြီးရဲ့ အောက်ခံအုတ်ပေါင်း ကူးတွေမှာ  တိုးစီပုံစံ  အုတ်ပေါင်းကူးများ ဖြစ်ပြီး   အရှေ့ဘက်နဲ့ အနောက်ဘက်မှာ ခုနစ်ခုစီနဲ့ တောင်ဘက်နဲ့မြောက်ဘက်မှာ ခြောက်ခုစီပါရှိပါတယ်။  အုတ်ပေါင်းကူး တိုးစီပုံစံမှာ   မယ်နုအုတ်ကျောင်းကြီးနဲ့ ဆင်တူပါတယ်။

ရှေးတုန်းက ကျောင်းတော်တွေတည် ဆောက်ရာမှာ ဒီနေ့ခေတ်လို မိမိကြိုက်တဲ့ ပုံစံမျိုးတည်ဆောက်ခွင့်မရှိဘဲ ကျောင်းထိုင် မယ့်ဆရာတော်ရဲ့  ပညာအရည်အချင်း၊ ကျောင်းဆောက်လုပ်လှူဒါန်းမယ့် ဒါယ ကာရဲ့ အဆင့်အတန်းကို ကြည့်ပြီး ခွင့်ပြုတာဖြစ်ပါတယ်။  ရှင်ဘုရင်၊ မိဖုရားနဲ့ အကျွမ်းဝင်သူက အဆင်တန်ဆာပိုခြယ်သ ခွင့်ရပြီး   ရှင်ဘုရင်ခွင့်ပြုတဲ့ အဆင့်ထက်ကျော်လွန် တန်ဆာဆင်ပါကလည်း   ကြီးလေးတဲ့အပြစ်ဒဏ်ကို ခံရကြောင်း သိရပါ တယ်။ ကျောင်းတော်တွေကို စိတ်တိုင်းကျ အဆင်တန်ဆာ   ခြယ်သခွင့်ရှိသူတွေက တော့ ရှင်ဘုရင်နဲ့ မိဖုရားပဲဖြစ်ပါတယ်။

အဆော်လေးမျိုးမှာ    နတ်ဆော်၊ အထောက်သုံးမျိုးမှာ အရုပ်ထောက်၊ အခံသုံးမျိုးမှာ အရုပ်ခံ၊ အတင်သုံးမျိုးမှာ အရုပ် တင်ကို ရှင်ဘုရင်နဲ့ မိဖုရားတို့ တည်ဆောက်တဲ့ ကျောင်းတွေမှာပဲ စိတ်ကြိုက်တပ်ဆင် ခွင့်ရပြီး အဲဒီအဆင်တန်ဆာ တွေကို ဓာတ်တော်နဲ့ဆိုင်တဲ့ အဆင်တန်ဆာလို့ခေါ်ကြပါတယ်။  ဒါ့ပြင် မှန်ကင်းမှာ ငှက်မြတ်နား ကို မှန်ကင်းနှစ်ဆူ၊   မှန်ကင်းလေးဆူစတဲ့  သတ်မှတ်ချက်နဲ့ ဓာတ်တော်တွေသာ ထည့် ခွင့်ရပါတယ်။  ဒါကြောင့် ရှေးကကျောင်း တော်ကြီးတွေမှာ ထည့်သွင်းတည်ဆောက်ထားတဲ့ အဆင်တန်ဆာတွေကိုကြည့်ပြီး ကျောင်းတော်ကြီး  တည်ဆောက်သူရဲ့  အဆင့်အတန်းကို   ခန့်မှန်းသိရှိနိုင်တာ ကြောင့်  ဝက်ဖိုးရွာရှိ  အုတ်ကျောင်းတော် ကြီးမှာ ထည့်သွင်းထားတဲ့ အဆင်တန်ဆာ တွေကိုကြည့်ပြီး    မိဖုရားအဆင့်ရှိသူက တည်ဆောက်ခဲ့တာမဟုတ်ကြောင်း သိနိုင် ပါတယ်။

ဘာကြောင့်လဲဆိုတော့ အုတ်ကျောင်းတော်ကြီးမှာ ကျောင်းဦးပြာသာဒ်မပါသလို စင်္ကြံပတ်လမ်းမှာလည်း စိန်ထောင်ရံထား တာမရှိဘဲ  လှေကားလေးစင်းသာပါပြီး အရုပ်တင်၊ အရုပ်ထောက်တွေလည်းမပါ ပါဘူး။ ဒါ့ပြင်  တံခါးမုခ်တွေမှာလည်း နတ်ဆော်၊ အရုပ်ဆော်မပါဘဲ ပန်းဆော် တွေသာပါရှိတာကြောင့် ကျောင်းတော်ကြီး တစ်ခုလုံးကို ခြုံငုံပြီး ကြည့်ပါက   မိဖုရား ခေါင်ကြီးတစ်ပါး တည်ဆောက်တဲ့ အဆင်တန်ဆာ လုံးဝမရှိတဲ့အတွက်   နန်းမတော် မယ်နုတည်ဆောက်ခဲ့တာ မဟုတ်ကြောင်း ထင်ရှားပါတယ်။

အုတ်ကျောင်းတော်ကြီးကိုတည်ဆောက်သူမှာ   အဂ္ဂမဟေသီ နန်းမတော်မယ်နု ရာဇဝင်မူမှန်ကျမ်းထဲက   ဖော်ပြခဲ့တဲ့ အတိုင်း အကြီးတော်မင်းဦးတေ  တည်ဆောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပြီး ခိုင်မာတာကတော့  အုတ်ကျောင်းတော်ကြီးနဲ့ဆိုင်တဲ့ ပုရပိုက်မှတ်တမ်းကို  ကျမ်း ဆရာကိုယ်တိုင်ဖတ်ရှုခဲ့ပြီး  ပုရပိုက်ထဲမှာ အင်းဝမြို့မှ  အကြီးတော်မင်းဦးတေပေး လိုက်တဲ့စာနှစ်စောင်နဲ့အတူ လက်ရှိ အုတ် ကျောင်းတော်ကြီးပုံနဲ့ ပုရပိုက်ထဲက အုတ် ကျောင်းတော်ကြီးအတူတူပဲလို့ အတိအကျ ဆိုထားပါတယ်။

အုတ်ကျောင်းတော်ကြီးနေရာမှာ ရှေးတုန်းက တည်ရှိခဲ့တဲ့ သရက်တောကျောင်းတိုက် ဆရာတော်ကို အုတ်ကျောင်းတော် ကြီး ဆောက်လုပ်ဖို့အကြောင်းအရာတွေ လျှောက်ထားပေးပို့လိုက်တဲ့ အကြီးတော်မင်း ဦးတေရဲ့စာနှစ်စောင်ကို   မူရင်းသတ်ပုံအတိုင်း  ထုတ်နုတ်ဖော်ပြလိုက်ပါတယ်။ ပထမစာကတော့ “ဘုရားတပည့်တော် ကျောင်းဒကာအကြီးတော် ခြေတော်ဦးခိုက် လျှောက်ထားလိုက်ပါသည်။ ဆရာတော်ဘုရား၊ ကျောင်းဆောက်လုပ်ရန်မှာသည်ကို ကျောင်းဆောက်လုပ်ရန်ပုံ၊  အရပ်၊ အလျား၊ အနံပုံစနစ်များကိုရွှေဖဝါးတော် အောက်တွင် လျောက်ပတ်တင့်တယ်သည့် ကျောင်းဆောက်လုပ်နည်း၊  လက်သမား အတတ်ကျွမ်းကျင်နားလည်သူ လက်သမားဆရာတို့နှင့် ညှိနှိုင်းတိုင်ပင် ရေးသားပေးအပ်လိုက်ပါသည်။ ကျောင်းတွင် ဆောက်လုပ်ရန် သစ်ပျဉ်မှာလည်း ဆရာတော်ဘုရား လက်သစ်နဲ့  စာရင်းတွင်ပါသည့်အတိုင်း လွှတိုက်သမားတို့ကို ဆင့်ဆိုနှိုးဆော်တော်မူ၍ လက်သစ်ပေးအပ်တိုက်ခွဲပါစေမည့် အကြောင်း၊ တိုက်ခွဲရန် ပျဉ်စုမှာ မယုတ် မလွန်စေရအောင် ဆရာတော်ဘုရား၏ကျောင်းပုံ၊ ပျဉ်ကုန်ဝင်ရန် စာရင်းများနှင့် သိမ်းထားတော်မူ၍ တိုက်ပြီးပျဉ်မည်မျှရသည်၊ မည်မျှလိုသည်များကို မေးမြန်းတော် မူ၍ထားတော်မူပါမည့်အကြောင်းကို ခြေ တော်ဦးခိုက်   လျှောက်တင်ဝံ့ပါသည် ဘုရား” ဒုတိယစာကတော့ “အကြီးတော် မင်းမှာလိုက်သည် ညီရှင်မြတ်ကောင်းရှင် သာပေတို့။   ကျောင်းဆောက်လုပ်ရန်  ကျောင်း  အလျား၊  အနံ၊ အမြင့်ပုံစံစနစ် ဆောက်လုပ်ရန်  သစ်ပျဉ်ထုပျက်များကို ဆရာတော်ဘုရားမှာ လျှောက်ထားတိုင်ပင် ၍ တိုက်ခွဲစေရမည်။ ယခုနှစ်လယ်လုပ် စာစပါးများနှင့်မြေစု ၁၃၀၀ သါးတို့မှာ ၁၅ တင်းဈေး၊   ခံဝယ်ဆယ်လိုက်သည့်စပါး ၃၀၀၀ တင်း၊ ၎င်းင်းအပြင်  အခြားကပေး ပို့စေမည့်စပါး   ၁၀၀၀  တင်းများကို လှောင်ထားရန်မီး၊ ထင်းကိစ္စလွတ်ရာဝင်း အရှေ့ထောင့်မှာဖြစ်စေ၊ သင့်ရာမှာဖြစ် စေ စပါး  ၅၀၀၀ တင်း၊ ၆၀၀၀ တင်း ဝင်လောက်အောင်  ကျီနှစ်လုံးတန်သည်၊  သုံးလုံးတန်သည်ဆောက်လုပ်မည်။ ဆောက် လုပ်ရန်စရိတ်မှာ သင့်ရာငွေကမှတ်သား၍  ဝယ်ခြမ်းလုပ်ဆောင်လေ။  ကုန်သည့်ငွေများကို စာရင်းအသေအချာနှင့် မှတ်သား ပေးလိုက်ရမည်”ဟူ၍ဖြစ်ပါတယ်။

အဂ္ဂမဟေသီနန်းမတော်မယ်နုရာဇဝင် မူမှန်ကျမ်းမှာတွေ့ရတဲ့ အကြီးတော်မင်းဦး တေရဲ့စာနှစ်စောင်အရ အုတ်ကျောင်းတော် ကြီးတည်ဆောက်သူမှာ အကြီးတော်မင်း ဦးတေဖြစ်ကြောင်းထင်ရှားပါတယ်။ ပုရပိုက် မှာ အုတ်ကျောင်းတော်ကြီးရဲ့ ဘုံသုံးဆင့် ပုံစံပါရှိတာကြောင့်လည်း ပိုပြီးခိုင်မာခဲ့ပါ တယ်။

အင်းဝမြို့မှာရှိတဲ့  မယ်နုအုတ်ကျောင်းကြီးနဲ့ ဝက်ဖိုးရွာရှိ အုတ်ကျောင်းကြီးပုံစံတူ ဖြစ်တယ်ဆိုတဲ့အဆိုများကြောင့်    အဲဒီ ကျောင်းတော်ကြီးနှစ်ကျောင်းကို သေချာ လေ့လာကြည့်ခဲ့ချိန်မှာတော့ တစ်ပုံစံတည်း မဟုတ်ဘဲ   ကွဲပြားမှုများစွာကို တွေ့ခဲ့ရပါတယ်။  မယ်နုအုတ်ကျောင်းတော်ကြီးက အလျား ၁၉၂ ပေ၊ အနံ ၁၁၂ ပေ၊ အမြင့် ၉၄ ပေရှိပြီး လှေကားရှစ်စင်းပါပေမယ့် အကြီးတော်မင်း  ဦးတေအုတ်ကျောင်း ကြီးမှာ အလျား  ၁၁၂ ပေ၊ အနံ ပေ ၁၀၀၊ အမြင့်  ၃၅ ပေသာရှိပြီး   လှေကားက လည်း  လေးစင်းပဲရှိပါတယ်။ ဒါ့ပြင် မယ်နုအုတ်ကျောင်းတော်ကြီးမှာ လှေကားမုခ် တွေပါပြီး အပြင်စင်္ကြံပတ်လမ်းမှာလည်း  စိန်ထောင်တွေကာရံထားပါတယ်။ ဦးတေ အုတ်ကျောင်းကြီးမှာ လှေကားမုခ်မပါသလို စင်္ကြံပတ်လမ်းမှာလည်း စိန်ထောင်တွေ မပါပါဘူး။ မယ်နုအုတ်ကျောင်းကြီးမှာ ကျောင်းဦးပြသာဒ်ပါပြီး    ဦးတေအုတ် ကျောင်းကြီးမှာမပါပါဘူး။  မယ်နုအုတ် ကျောင်းအတွင်း စင်္ကြံပတ်လမ်းများကို နေရောင်ခြည်ဖြာပုံစံ အုတ်ပေါင်းကူးတွေနဲ့  အမိုးပြုလုပ်ပြီး  ဦးတေအုတ်ကျောင်းကြီး မှာ ကုန်းလျှောပုံစံဖြစ်ပါတယ်။

ဒါ့ပြင် မယ်နုအုတ်ကျောင်းတော်ကြီးမှာ မနုဿီဟရုပ်တို့ပါပြီး ဦးတေအုတ်ကျောင်းကြီးမှာ မပါခဲ့ပါဘူး။  အထက်ပါ နှိုင်းယှဉ်ချက်တွေကြောင့် မယ်နုအုတ်ကျောင်းတော်ကြီးနဲ့  ဦးတေအုတ်ကျောင်းတော်ကြီးကို ပုံစံတူလို့ အလွယ်ပြောကြပေမယ့် သေချာ လေ့လာကြည့်ရင် မတူညီကြောင်း သိနိုင်ပါတယ်။

အကြီးတော်မင်း ဦးတေအုတ်ကျောင်းတော်ကြီးကို  ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံ ငွေနဲ့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက  ပြန်လည်ပြုပြင်ထိန်း သိမ်းခဲ့တာကြောင့်     မြန်မာ့ယဉ်ကျေးမှု   အမွေအနှစ်ရှေးဟောင်းဗိသုကာလက်ရာ တွေနဲ့တည်ဆောက်ထားတဲ့  အုတ်ကျောင်းတော်ကြီး အကြောင်းကို    လေ့လာနိုင်ဖို့ ရေးသား လိုက်ရပါတယ်။     ။

 မေမြတ်နိုင်(ပုသိမ်)