အကောင်းဆုံးဖန်တီးနိုင်သည့်စိတ်

အခက်အခဲဟူသည်  လူတိုင်းကြုံတွေ့ရသော လောကဓံဖြစ်ပေသည်။ အချို့စိတ်ဓာတ်က ပြောင်းလဲလွယ်သည်။ အချို့စိတ်ဓာတ်က သံမှိုစွဲမြဲမြံသည့်ပမာ စိတ်ထဲတွင်သိုမှီးထားသည်။ စိတ်ပြောင်းကိုယ်ခွာမလုပ်သဖြင့် စိတ်ထဲတနုံ့နုံ့ ခံစားနေလေ့ရှိသည်။ အမှန်စင်စစ် လောကဓံတရား အမျိုးမျိုးကြုံရသည့်တိုင် မိမိကိုယ်သာအားကိုးရာဖြစ်ပါသည်။ မိမိကလွဲ၍ သူတစ်ပါးကို မှီခိုခြင်းသည် ရေရှည်ကြံ့ခိုင်မှုမျိုးမဟုတ်ပေ။ လူ့အဖွဲ့အစည်းနှင့် သီးသန့်ခွဲခြားနေထိုင်ခြင်းမျိုး မဟုတ်ဘဲ မိမိ၏ကြိုးစားလိုစိတ်ကို အမြဲမြှင့်တင်နေသူဖြစ်ရေးက အလွန်တရာအရေးကြီးလှသည်။

မည်သည့်နယ်ပယ်  ကဏ္ဍအသီးသီးတွင်ဖြစ်စေ ထူးချွန်ရန်အတွက် ဇွဲ၊ လုံ့လ၊  ဝီရိယအရင်းခံလျက် လူတိုင်းကြိုးစား ရမည်သာ ဖြစ်သည်။  သူဌေးတစ်ယောက်ဖြစ်လိုသူ ပြင်းပြသော စိတ်ခံစားချက်ရှိပါက သူဌေးဖြစ်နိုင်သည်။ အရာရှိတစ်ယောက်ဖြစ်လိုစိတ်ရှိပါက ကြိုးစားပါက အောင်မြင်နိုင်သည်။ ထူးချွန်သော အားကစားသမား တစ်ယောက်ဖြစ်လိုပါက ကြိုးစားလေ့ကျင့်မည်ဆိုပါက ရွှေတံဆိပ်မျှော်မှန်းနိုင်သည်။ အလားတူ စာရေးဆရာတစ်ယောက် ဖြစ်လိုစိတ်ရှိပါက စာများများဖတ်၊ များများရေးရမည်သာဖြစ်သည်။

ကံ၊ ဉာဏ်၊ ဝီရိယသည် အမြဲဆောင်ထားသင့်သည့် ကိုယ်စောင့်လက်နက်ဖြစ်ပေသည်။ ကံမရှိ၊ ဉာဏ်မရှိ၊ ဝီရိယမရှိပါက လက်ရှိအခြေအနေထက်တိုးတက်ရန် မလွယ်ကူပေ။ မြင့်သည်ထက်မြင့်အောင် ကြိုးစားရမည်ဖြစ်သည်။

ငွေစုဆောင်းသူအတွက် သေချာသည်က ငွေရမည်သာဖြစ်သည်။   ပုံမှန်စုဖြစ်သည့်အလျောက် အတိုင်းအတာတစ်ခုအထိ  ပိုက်ဆံများမိမိအနားရှိနေမည်သာဖြစ်သည်။ ငွေစုသူတစ်ယောက်အနေဖြင့် မိမိစိတ်ကိုသိရှိရန် လိုအပ်သည်။ ဝင်ငွေထွက်ငွေသည် မိမိလက်ထဲက တိုင်းထွာစရာ ပေတံတစ်ချောင်းဖြစ်သည်။ ဘဝကိုလွယ်လွယ်တွေး၊ လွယ်လွယ်သုံးစွဲပါက မှားမည်သာဖြစ်သည်။ ဘဝအခက်အခဲဟူသည်  အချိန်မရွေးဝင်လာနိုင်သော ဘဝပြဿနာတစ်ရပ် ဖြစ်သည်။ 

ပျော်ပျော်နေရုံမျှမပြီးမစီး ဒုက္ခပင်လယ်ဝေရသူများလည်း ရှိနေသည်။ တွေးဆသင့်သောငွေကြေးစီမံခန့်ခွဲသည့်အတွေးမျိုး ကြိုတင်တွေးမထားမိသဖြင့်  ငွေကြေးအခက်အခဲရှိလာနိုင်သည်ကို သတိပြုရမည်။ ငွေကြေးရှာဖွေစုဆောင်းခြင်းသည် အချိန်ကာလတစ်ခုအတွက် အဓိပ္ပာယ်ရှိရှိသုံးစွဲလှူဒါန်းရန်ဖြစ်ပြီး  စိတ်ချမ်းသာမှု၏အထောက်အပံ့တစ်ခုအဖြစ် သဘောပေါက်ရန်လိုသည်။

လူမှုရေးရှုထောင့်တွင်လည်း ပြဿနာမျိုးစုံရှိနေတတ်သည်။ အချင်းချင်းသွေးခွဲခြင်း၊ သွေးကွဲခြင်း၊ တစ်ဦးကောင်းစားမှုကို တစ်ဦးမနာလိုခြင်း၊ အမြဲပြိုင်အမြဲနိုင်လိုခြင်း၊ အနာမခံအသာစံလိုခြင်း၊ ချောက်တွန်းခြင်း၊ ကိုယ်ဖြင့်ရန်ပြုခြင်း၊ စိတ်ဖြင့်တိုက်ခိုက်ခြင်းများ အချိန်နှင့်အမျှ ဖြစ်ပေါ်နေနိုင်သည်။  မိမိစိတ်သည် အဓိကဖြစ်သည်။ မိမိစိတ်တွင် ဖြစ်ပေါ်နေသော ပျော်သောစိတ်၊ မပျော်သောစိတ်သည်   မိမိစိတ်ကသာ ဖန်တီးလေ့ရှိသည်။ ချစ်သူ၊ မုန်းသူအပြုံးများ အချိန်တန်လျှင်ပြီးဆုံးသွားလေ့ရှိသည်။  မမြင်လိုကမျက်နှာလွှဲထားနိုင်ပြီး မိမိအလုပ်မိမိအာရုံစိုက်ထားသင့်သည်။

အရှုံးမလိုချင်သူတိုင်း ရှုံးနိုင်သည့် အတွေးမျိုးမတွေးတောရန်လိုပါသည်။ အနိုင်ရသည့်စိတ်လည်း တဒင်္ဂအတွင်း ဖြစ်ပျက်မြန်ဆန် နေလေ့ရှိသည်။ ထို့အတူ အရှုံးသည်လည်းအတူတူပင်။ ခံယူသည့်စိတ်သာ အဓိကဖြစ်နေသည်။ ထိုစိတ်က တစ်သက်လုံးအရှုံးထင်မှတ်ပြီး ခေါင်းမဖော်နိုင်အောင်စည်းရုံးလေ့ရှိသည်ကို သတိပြုသင့်သည်။ မကောင်းသောစိတ်ခံစားချက်များရှိလာသည်နှင့် ချက်ချင်းမောင်းထုတ်ရန် ပြင်ဆင်ရန်လိုအပ်သည်။

တွေးမိတိုင်းကြောက်လန့်ရသည့် အခြေအနေများကို တည်ငြိမ်စွာရင်ဆိုင်လျက် အကောင်းဆုံးဖြေရှင်းသူ တစ်ယောက်ဖြစ်ရမည်။ ကျောင်းစာမရသဖြင့် စိတ်ညစ်နေသူတစ်ယောက်မည်သို့ဖြေရှင်းမည်နည်း။ စာမရသဖြင့် စိတ်ညစ်နေသူသည် စာကိုဘယ်လိုကြည့်ကြည့်စိတ်မဝင်စားသဖြင့် စာကရမည်မဟုတ်ပေ။ မရသော ကျောင်းစာသည် မိမိအတွက် အခက်အခဲဖြစ်နေသည်။ မကောင်းသောစိတ်ခံစားမှုက အခက်အခဲကိုဖြစ်ပေါ်စေပြီး  ကောင်းသောစိတ်ခံစားချက်က အခက်အခဲကို ကျော်လွှားနိုင်စေသည်။ အဓိကဖြစ်နေ သည့်စိတ်ကိုညင်သာစွာ ကိုင်တွယ်ရန်လိုအပ်သည်။

အတားအဆီးအဖြစ်   ဆက်လက်တည်ရှိမနေဘဲ စိတ်အေးအေးဖြင့် စာကိုကြိုးစားသင့်သည်။ လူချင်းတူလျက် စာတော်သူ၊ စာညံ့သူဖြစ်ပေါ်ရခြင်း အခြေအနေများကိုကြည့်လျှင် ဦးနှောက်အရင်းအနှီးနှင့်  စိတ်အခြေအနေများကြောင့် ဖြစ်သည်ဟု တွေးမြင်သုံးသပ်နိုင်သည်။

မိသားစုအတွင်းကိုကြည့်လျှင်  စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာအခြေအနေဟု ထင်စရာရှိသည့်  ပြောဆိုဆက်ဆံမှုများ တွေ့ရသည်။ ဇနီးကြောင့်၊ ခင်ပွန်းကြောင့်၊ သားသမီး၊ မြေး၊ မြစ်ကြောင့်ဟူသော အကြောင်းပြချက်များစွာ၊ စိတ်အခန့်မသင့်စရာများက လူကိုအိုစာစေသည်။ အရုပ်ဆိုးစေသည်။ မိသားစုအရေးပြဿနာမျိုးစုံရှိကြစမြဲဖြစ်သည်။ ဘဝရည်ရွယ်ချက်ရှိသူတိုင်း ကြိုးစားကြသည်။ စိတ်ရှုပ်စရာပြဿနာကြားတွင် ခေါင်းရှုပ်ခံနေထိုင်လေ့မရှိကြပေ။ အပူပင်မဲ့လွန်းသည်ဟု ထင်စရာရှိသည်။ အချိန်တန်လျှင် ပြန်လည်အေးချမ်း တည်ငြိမ်သွားသည့် သဘောကို နားလည်လက်ခံသူ၊ သတိရှိသူ၊   တရားသဖြင့် နေထိုင်သူများ လုပ်ဆောင်လေ့ရှိသော    သဘောတရားသာဖြစ်သည်။

လုပ်ငန်းခွင်များတွင်လည်း လိုလားစိတ်နှင့် ဆက်ဆံသူများရှိသည်။ မလိုလားစိတ်များဖြင့်  အပြုံးများ ပျောက်ဆုံးနေသော မျက်နှာများကိုလည်း တွေ့ရသည်။ အသာစီးရလိုမှုသည် နေရာတိုင်းတွင် ရှိနေသောစိတ်ခံစားချက်များ ဖြစ်ပါသည်။ နှစ်သိမ့်ဆွေးနွေးမှုသည် လူကြားကောင်းသော ဟန်ဆောင်မှုလည်း ဖြစ်နိုင်သည်။ ခင်မင်ဖွယ်အပြုံးသည်လည်း မျက်နှာဖုံးတစ်ခုဖြစ်နိုင်သည်။ အပေးအယူရှိသူအတွက် စိတ်အခြေအနေများကို လေ့လာကြည့်ပါက ခန့်မှန်းမရနိုင်စွာ  ဆက်ဆံရေး ကောင်းကြသည်ကို သတိပြုမိသည်။

အခက်အခဲဟူသမျှ  ရင်ဆိုင်လိုစိတ်ရှိသူ၏ စိတ်မျက်နှာစာတွင် အတားအဆီးမြူတစ်စပင် တွေ့ရမည်မဟုတ်ပေ။ လိုအပ်ချက်ဖြစ်၊ မဖြစ်စူးစမ်းနိုင်စိတ်ကြောင့် လိုသုံး၊ မလိုသုံးအခြေအနေများကို ဆုံးဖြတ်နိုင်စွမ်းရှိစေသည်။ မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကြောင့် အရာအားလုံးအောင်မြင်နိုင်သည်။   စစ်မရောက်ခင်မြားကုန်သည့်စိတ်မရှိသဖြင့် စစ်ပွဲအောင်မြင်ရေးတစ်ပန်းအသာစီးရဖွယ်ရှိသည်။ မရောက်ရှိသေးသည့် ကာလတစ်ခု၊ အခြေအနေတစ်ခုအတွက် အတွေးဖြင့်စိတ်ပျက်သွားခြင်းက ပျော့ညံ့လွန်းသည်။ မလိုလားအပ်သော အတွေးများကို မတွေးတောခြင်းသည်ပင်လျှင် ခိုင်မာသောစိတ်ဓာတ် တည်ဆောက်ရေးအတွက် အသုံးဝင်လှသည်။ ခိုင်မာသောစိတ်ဖြင့် တည်ငြိမ်သော ယုံကြည်ချက်ကို မွေးမြူလေ့ကျင့်ခြင်းဖြင့် နေပျော်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်သည်။

မိမိစိတ်က မိမိကိုခိုင်းစေနေသည်ကို သတိပြုသင့်သည်။ မိမိတွင်ငြင်းဆန်နိုင်စွမ်းမရှိ၊  စိတ်၏စေရာပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် စိတ်မခိုင်းစေမီ မိမိက စိတ်ကိုကောင်းသည့်ဘက်တွင် ငြိမ်ဝပ်စေရမည်။ စိတ်ဓာတ်ကြံ့ခိုင်စေသော ဝင်လေ၊ ထွက်လေမှတ်သားခြင်း သမာဓိတစ်ရပ်နေ့စဉ်အချိန် သတ်မှတ်ထူထောင်ထားသင့်သည်။ စိတ်ညစ်မှန်းသိသာသည်။ စိတ်ရှင်းမှန်းလည်းသိသာသည်။ မကြာချက်ချင်း မိမိစိတ်အခြေအနေကို  အကဲစွမ်းအားတိုးတက်လျက် အသိဦးဖြင့် စိတ်ရှုပ်ထွေးမှု၊  စိတ်မွန်းကျပ်မှုများမှ ရုန်းထွက်နိုင်သည်။  အခက်အခဲပြဿနာ၏ အဖြေကိုရှာသော နည်းလမ်းကောင်း တစ်ခုဟုပင်ဆိုချင်သည်။

လူသားတိုင်းလောကကြီးထဲ အလည်လာသည့် ဧည့်သည်များသာဖြစ်သည်။ လာခြင်းကောင်းသော လူ့ဘဝတွင် လူပီသအောင် နေထိုင်ရပါမည်။ မပြန်မီ ခဏတာအချိန်အတွင်း ကောင်းတာတွေး၊ ကောင်းတာကြံ၊ ကောင်းတာပြောရန် လိုအပ်နေသည်။ ပြန်ခြင်းကောင်းအောင်စိတ်ဖြူအောင် ကြိုးစားအားထုတ်ထားရမည်။ ကြုံဆုံရမြဲလောကဓံ၏ ဝမ်းသာ၊ ဝမ်းနည်း၊ ချမ်းသာ၊ ဆင်းရဲမှုများသည် ခဏတာသာဖြစ်သည်။

လောဘ၊ ဒေါသ၊ မောဟ၏ အဖျက်စွမ်းအားမှာ ကြီးမားလှပြီး စိတ်ပင်ပန်းဆင်းရဲခြင်းကိုသာ ဖြစ်စေသည်။ ခင်တွယ်စိတ်ကြောင့် ဖြစ်ပေါ်သောစိတ်များကို အသိမှန်ဖြင့်သိရန်သာလိုသည်။ မိမိကိုယ်နှင့်မကွာဆောင်ထားသင့်သည့် သတိတရားသာဖြစ်သည်။  စိတ်ပင်ပန်းဆင်းရဲမှုဖြစ်စဉ်များသည်   စိတ်စွဲလမ်းခြင်းကြောင့်ဖြစ်ပွားရသည်ကို   သတိပြုဆင်ခြင်လျက် စိတ်ချမ်းသာမှုရရှိရေး အစဉ်ကြိုးစားခြင်းဖြင့် မိမိနှင့်တကွ ပတ်ဝန်းကျင်တစ်ခုလုံး သာယာလှပနေမည်သာ ဖြစ်သည်။   ။

ထက်ဝေအောင်(စစ်ကိုင်း)