မိုးတွင်းမှိုတက် အသည်းပျက်

ယခုကျရောက်နေသော  မိုးရာသီကာလတွင် ကျွန်မတို့ပတ်ဝန်းကျင်ရှ ိလေထုထဲမှာ စိုထိုင်းဆများပြားမှုကြောင့် ကျန်းမာရေးကို ထိခိုက်စေသော ဗိုင်းရပ်ပိုးများထကြွသောအချိန်ဖြစ်သည်။ သို့ပါသောကြောင့် မိမိတို့  အသက်ရှူခြင်း၌လည်းကောင်း၊ ကိုင်တွယ်အသုံးပြုပြီးသော ပစ္စည်းများမှ တစ်ဆင့်သော်လည်းကောင်း၊ ဗိုင်းရပ်ပိုးများသည် ပုံစံအမျိုးမျိုးဖြင့် မိမိတို့ဆီကူးစက်ဝင်ရောက်နိုင်သည်ကို သတိချပ်စေလိုသည်။

ဗိုင်းရပ်များအလွယ်တကူ ဝင်ရောက်နိုင်သော ကာလဖြစ်သကဲ့သို့ အစားအစာများ စားသုံးရာတွင်လည်း အထူးသတိပြုရမည့်ကာလ ဖြစ်သည်။ အကြောင်းမှာ မိုးကာလ၏ စိုထိုင်းမှုများကြောင့်  မုန့်အပါအဝင်၊ စားစရာသီးနှံအများစုသည် ကြာရှည်မခံဘဲ မှိုတက်လေ့ရှိသောကြောင့်ဖြစ်သည်။ ကျွန်မတို့ ပတ်ဝန်းကျင်တွင် မှိုအမျိုးမျိုးရှိသည်။ကျန်းမာရေးကို အထောက်အကူပြုသော မှိုရှိသကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေသော မှိုများလည်း ရှိသည်ကိုဖြင့် သတိချပ်စေလိုသည်။

မိုးကာလတွင် အများအားဖြင့် အသင့်စား ပေါင်မုန့်များတွင် လည်းကောင်း၊ မိမိတို့အိမ်တွင် ချက်ပြုတ်သော ဆီများတွင် လည်းကောင်း၊ ငရုတ်သီးခြောက်၊ ပြောင်းဖူး၊ ကြက်သွန်နီ စသည်တို့တွင် လည်းကောင်း  မှိုများတက်နေနိုင်သည်။ မိမိတို့ဟင်းလျာထဲတွင် ထည့်သွင်းချက်ပြုတ်နေသော မြေပဲဆီများတွင်လည်း မှိုများကိန်းအောင်းနေတတ်သည်ကို သတိပြုစေလိုသည်။ နောက်ထပ်မှိုများ ပေါက်ပွားနိုင်သော အစားအစာများလည်း ရှိပါသေးသည်။

မှိုတွင်တွေ့သော  အဆိပ်အတောက်ပစ္စည်းများကြောင့် အသည်းပျက်စီးခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများကို ဖြစ်စေသည်။ မှိုနှင့်ပတ်သက်၍ အဖြစ်များဆုံးနှင့် အဆိပ်အတောက် အဖြစ်ဆုံးမှာ Aflatoxin ဖြစ်သည်။ ယင်းမှိုသည် အထူးအားဖြင့်  မြေပဲနှင့်ပြောင်းဖူး၊ ငရုတ်သီးများတွင် အများဆုံးတွေ့နိုင်သည်။

မှိုတက်စာများနှင့် ပတ်သက်၍ ပန်းနာရင်ကျပ်သမားများတွင် ပိုမိုထိခိုက်နိုင်ခြေရှိသကဲ့သို့ ကလေးငယ်များ၊ အသက်ကြီးသူများ၊ ကင်ဆာသမားများ၊ အသည်းရောင်ရောဂါများ၊ ကိုယ်ခံအားနည်းသူများတွင် ထိခိုက်နိုင်ခြေများသည်။ မှိုတက်စာကိုမစားမိလျှင်တောင် မှိုတက်နေသော အစားအစာများကြောင့် ချောင်းဆိုးခြင်း၊နှာစေးခြင်း၊ မျက်စိယားခြင်း၊ မျက်စိစပ်ခြင်း၊ အသားများယားယံခြင်းများခံစားရနိုင်သည်။ မှိုနှင့်ကြာရှည်ထိတွေ့သူများအနေဖြင့်ဆံပင်ကျွတ်ခြင်း၊  စိုးရိမ်ပူပန်စိတ်များခြင်း၊ ခြေ၊လက်များထုံကျဉ်ခြင်း၊ အလင်းရောင်မခံနိုင်ခြင်း၊  ကြွက်တက်ခြင်း၊   အကြောင်းရင်းမရှိဘဲ ဝိတ်တက်လာခြင်းတို့ ဖြစ်လာနိုင်သည်။

မှိုတက်စာများ စားမိခြင်းကြောင့် အများဆုံးခံစားရသော အသည်းရောင်ခြင်းအကြောင်း မျှဝေပေးလိုသည်။ အသည်းရောင်ရောဂါကို တိုင်းရင်းဆေးဝေါဟာရအားဖြင့် ယကနသောထဟု ခေါ်ပါသည်။ ယကန ဆိုသည်မှာ အသည်းဖြစ်ပြီးသော ထဆိုသည်မှာ တင်းရောင်ခြင်း ဖြစ်ပါသည်။ အသည်းရောင်ရောဂါကို တိုင်းရင်းဆေးပညာ၏ ဒေသနာနည်းအရ ဖွင့်ဆိုမည်ဆိုလျှင် ကံ၊ စိတ်၊ဥတု၊ အာဟာရတို့လွဲမှားစွာ ကျင့်သုံးခြင်းဖြင့် အသည်းကောဋ္ဌာသတွင် တေဇောဓာတ်များပွားများကာ ယင်း၏မိဿကဓာတ်ဖြစ်သော ဝါယောဓာတ်၏ ဝိတ္ထိမ္ဘိတလက္ခဏာများအကျိုး ထင်လာခြင်းဖြစ်ပါ၏။

အာယုဗ္ဗေဒနည်းအရ ကာလ၊ အတ္ထ၊ ကမ္မတို့လွန်ယုတ်လွဲမှားခြင်းကြောင့် အသည်းနှင့်သွေးလှည့်အဖွဲ့ရှိ ပါစကသည်းခြေနှင့် ရဉ္ဇကသည်းခြေတို့ ဖောက်ပြန်သောကြောင့် ဗျာနလေဒေါသလွန်ပြီး အသည်းရောင်လာခြင်းဖြစ်ပါ၏။ အသည်းရောင်ရောဂါဖြစ်စေသော အကြောင်းများမှာ မွေးရာပါအသည်းလုပ်ငန်းချို့ယွင်းခြင်းနှင့် မျိုးရိုးလိုက်သော အသည်းရောဂါများ၊ ပင်ပန်းစွာလုပ်ကိုင်၍ အသက်မွေးရခြင်း၊ ရောဂါပိုးရှိသော သွေးသွင်းမိခြင်း၊ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံမိခြင်း၊ ပူပန်သောကများခြင်း၊ ဖောက်လွဲဖောက်ပြန်ရှိသော ဥတုနှင့် ထိတွေ့မိခြင်း (ပူသောနေရာများတွင် သွားလာပြီး ချက်ချင်းရေချိုးခြင်း)၊ မသန့်ရှင်းသောရေ၊ အစားအစာများ၊ ပူလွန်းစပ်လွန်းသော အစားအစာများ၊ အသည်းပျက်စေသော အစားအစာများစားသုံးခြင်း (အကင်များ၊မှိုတက်နေသော အစာများ၊ အရက်၊ဘီယာ)၊ ဓာတုဆိုးဆေးများပါသော အစားအစာများ၊ ပိုးဥများ ကပ်နေသော အသီးအရွက်များ စားမိခြင်း၊ ရွှေ၊ ခဲ၊ ပြဒါးပါသော ဓာတ်သတ္တုများနှင့် ဖော်စပ်ထားသော ဆေးဝါးများ၊ ပိုးသတ်ဆေးပါသော အသီးအရွက်များ၊ အစားအစာများကို စားမိခြင်းတို့ ဖြစ်ပါသည်။

အသည်းရောင်ခြင်း၏ ယာယီလက္ခဏာများမှာ ရုတ်တရက်ဖျားခြင်း၊ ဝမ်းဗိုက်ညာခြမ်းအောင့်ခြင်း၊ နာခြင်း၊ ဆီးနည်းခြင်း၊ ဆီးဝါခြင်း၊ ရေငတ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ကိုယ်လက်များကိုက်ခဲခြင်း၊ တဖြည်းဖြည်း အသားဝါလာခြင်း၊ ပြင်းထန်လာလျှင် မျက်စိ၊ လျှာ၊ခြေသည်းလက်သည်းများအထိဝါခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်ပါ၏။ ထိုလက္ခဏာများသည် အနာ

ရှစ်ပါးတွင် ကက္ခဠနာအဆင့်ဖြစ်ပါသည်။

ရက်ကြာလာသောအခါ အထက်ပါယာယီလက္ခဏာများအပြင် နာတာရှည်လက္ခဏာများ ဖြစ်သည့် ဝမ်းဗိုက်နာခြင်း၊ မအီမသာဖြစ်ခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း၊ ဝမ်းလျှောခြင်း၊ အစားပျက်ခြင်း၊ ခန္ဓာကိုယ်လေးလံခြင်း၊ ချမ်းစိမ့်စိမ့်ဖြစ်လာခြင်းတို့ ဖြစ်ပေါ်လာပါသည်။ ဤသို့ဖြစ်ပေါ်လာရခြင်းမှာ အဇ္ဈတ္တပထဝီပျက်၍ ဝါယောအကျိုးထင်လာခြင်း ဖြစ်ပြီး ကက္ခဠအဆင့်မှဒုဝိတ္ထ မ္ဘိတအဆင့်သို့ ကူးပြောင်းသွားခြင်းကြောင့်ဖြစ်ပါ၏။

အသည်းရောင်ရောဂါ၏ ဥပ္ပဒ္ဒဝေါလက္ခဏာများမှာဝမ်းမီးပျက်၍ အစာမကြေခြင်း၊ အားအင်ဆုတ်ယုတ်ခြင်း၊ အသည်းကြီးခြင်း၊ မျက်စိ၊ နားစသော  ဣန္ဒြေတို့ အားနည်းခြင်း၊ တစ်ခါတစ်ရံဝမ်းလျှောခြင်း၊ အသားအရေယားယံခြင်း၊  သွေးခြည်ဥ၍ သွေးယိုစီးခြင်း (အထူးသဖြင့် အစာလမ်းကြောင်း၌ဖြစ်နေခြင်း)၊ ကိုယ်ပူ၍ပိန်ကြုံခြင်း၊ အသည်းခြောက်ခြင်း၊ အဖျဉ်းစွဲခြင်း၊အသည်းကင်ဆာဖြစ်ခြင်း၊ အမှတ်သညာကင်းခြင်း၊ အသက်သေဆုံးနိုင်ခြင်းတို့ ဖြစ်ပါသည်။

တစ်ဆက်တည်း   အသည်းရောဂါများအတွက် ဘေးထွက်ဆိုးကျိုးနည်းသော  သဘာဝအားဆေး တစ်မျိုးကိုလည်း ဝေမျှပေးလိုသည်။ ပါဝင်သော ဆေးပစ္စည်းများမှာ မက်လင်ချဉ်သီး သုံးကျပ်သား၊ ထန်းလျက် ၁၀ ကျပ်သား၊ ဆား  ၈ ပဲသားတို့ကို ထုထောင်းရောနှောခြေကာရေ ၅၀ ကျပ်သားရောပြီး ရေ ၃၀ ကျပ်သားကျန်သည်အထိ ကုန်အောင်ကျိုချက်လိုက်ပါ။

ရလာသောဆေးရည်ကိုအအေးခံကာ တစ်နေ့နှစ်ကြိမ် လက်ဖက်ရည်ပန်းကန်တစ်ဝက်ခန့် သောက်ပေးနိုင်သည်။ ထို့အတူ အသည်းရောဂါအားလုံးသည် အပူနာရောဂါဖြစ်သည့်အတွက် စိတ်အေးချမ်းတည်ငြိမ်မှု ရှိစေရန် ကြိုးစားအားထုတ်သင့်သည်။

အသည်းရောင်ရောဂါရှင်များသည် ကြေကျက်လွယ်သော အစာများကို စားသုံးပေးရပါမည်။ သစ်သီးအရည်များကို သောက်သုံးပေးရမည်။ ငါးကြင်း၊ ငါးရံ့တို့ကိုကင်ပွန်းချဉ်နှင့်ချက်စားပါ။ ရှောက်ရည်၊ သံပရာရည်တို့ကို သကြားနှင့် ဖျော်သောက်ပေးပါ။ ကင်ပွန်းချဉ်ရွက်ကြမ်းကို ထန်းလျက်နှင့် ပြုတ်ပြီးနေ့၊ညအချိန်များတွင် သောက်ပေးနိုင်ပါသည်။ ရေကိုကျို၍ သောက်သုံးပေးနိုင်ပါသည်။ ဟင်းသီးဟင်းရွက်များကို စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ် စားသုံးသင့်ပါသည်။ အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း  လက်ကိုဆပ်ပြာဖြင့်ဆေးကြောပေးရပါမည်။ တောင်ဆီးဖြူကိုလည်း မကြာခဏ ပြုတ်သောက်ပေးသင့်ပါသည်။ တောင်ဆီးဖြူသည် အသည်းနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရာတွင် ထိရောက်စွာပေးဆောင်နိုင်ကြောင်းကို အတည်ပြုထားသော ဆေးဖက်ဝင်အပင် ဖြစ်ပါသည်။

အသည်းရောင်ရောဂါသည် ကူးစက်တတ်သောကြောင့် မိသားစုဝင်ထဲတွင် တစ်ဦးတစ်ယောက်သည်အသည်း ရောင်ရောဂါ ဖြစ်နေပါက သူ၏အသုံးအဆောင်များကို သီးခြားခွဲထားပေးသင့်ပါသည်။ ဆေးလိပ်၊ အရက်များ၊ဘီယာများ သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ရပါမည်။ အထူးအားဖြင့် မှိုတက်နေသောငရုတ်သီးများ၊ ဆိုးဆေးပါသောမုန့်များ၊ အကင်များစားသုံးခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။ အသည်းရောင်ရောဂါရှိ သူများအနေဖြင့် သွေးလှူခြင်းမျိုးကိုလည်း မပြုလုပ်သင့်ပါ။ အဆီများသောအစားအစာများ၊ ကဏန်းကဲ့သို့ အခွံမာသောရေသတ္တဝါများ၊ ပူလွန်း၊ စပ်လွန်းသော အစားအစာများကိုရှောင်ကြဉ်ရပါမည်။

အဆိပ်နှင့်တူသောဆေးဝါးများ၊  မလိုအပ်ဘဲ ဆေးထိုးခြင်း၊ စုတ်ထိုးခြင်းများကိုလည်း ရှောင်ကြဉ်ရပါမည်။ ပင်ပန်းစွာအလုပ်လုပ်ကိုင်ခြင်းကိုလည်း လျှော့သင့်ပါသည်။ ဆီနှင့်ကြာရှည်စွာကြော်ထားသော အီကြာကွေး၊ စမူဆာစသည့် အကြော်များကို ရှောင်ရှားရပါမည်။

မိုးကာလတွင်ဖြစ်ပွားတတ်သော မှိုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် အိမ်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးသင့်သည်။ အိမ်ကြမ်းပြင်နှင့် အခန်းထောင့်များကို ခြောက်သွေ့အောင် ထားထားရမည်။ မှိုတက်နေသည်ကို မြင်သည်နှင့်ချက်ချင်း သန့်ရှင်းခြင်း၊ ရေစိုဝတ်များ၊စိုထိုင်းသော အရာများကို  ခြောက်သွေ့အောင်ပြုလုပ်ထားရမည်။ မိမိတို့စားသုံးမည့် သီးနှံများကိုလည်း လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိသင့်သကဲ့သို့ စိုစွတ်မှုရှိနိုင်သော မီးဖိုချောင်ကို အမြဲသန့်ရှင်းပေးခြင်းဖြင့် မှိုတက်စာများမှ ကင်းဝေးနိုင်မည် ဖြစ်သည်။ အကယ်၍ မှိုတက်ခဲ့လျှင် မှိုတက်သည့် နေရာကိုလည်း ရေနွေးပူပူနှင့်ဆေးကြောပစ်ဖို့ လိုအပ်သည်။ အိမ်ရှင်မများသည်လည်း  အိမ်သူ၊ အိမ်သားတို့၏ ကျန်းမာရေးအတွက်  အသီးအနှံ၊ အစေ့အဆန်၊ ပေါင်မုန့်တို့ကိုဝယ်သည့်အခါ မှိုပါ၊ မပါသေချာကြည့်ပြီးမှဝယ်ခြင်းဖြင့်  မိုးတွင်းမှိုတက်၊ အသည်းပျက်ခြင်းမှ ကာကွယ်နိုင်မည် ဖြစ်သည်။  ။

မုဒိတာ