ဥရောပတိုက်တစ်ခုလုံး၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ငါးသန်းကျော်လာပြီ

ပဲရစ်၊ ကျန်းမာရေး

နိုဗယ်ကိုရိုနာဗိုင်းရပ်တွေ့ရှိသည့် ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလမှစ၍ ဥရောပတိုက်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်းငါးသန်းကျော်လာပြီဖြစ်ကြောင်း တာဝန်ရှိသူများက စက်တင်ဘာ ၂၃ ရက်တွင် ပြောသည်။ သေဆုံးသူအရေအတွက်မှာမူ ၂၂၇၁၃၀ ကျော်လာပြီဖြစ်သည်။

ဥရောပတိုက်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူအများဆုံးနိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး ၁၁၂၂၂၄၁ ဦးရှိသည်။ ထိုနိုင်ငံ၌ သေဆုံးသူအရေအတွက်မှာ ၁၉၇၉၉ ဦးရှိသည်။ ယင်းနောက် စပိန် နိုင်ငံ၌ ရောဂါဖြစ်ပွားသူ ၆၈၂၂၇၆ ဦးနှင့် သေဆုံးသူ ၃၀၉၀၄ ဦး၊ ပြင်သစ်နိုင်ငံ၌ ရောဂါ ဖြစ်ပွားသူ ၅၀၂၅၄၁ ဦးနှင့် သေဆုံးသူ ၃၁၄၁၆ ဦး၊ ဗြိတိန်နိုင်ငံ၌ ရောဂါဖြစ်ပွားသူ ၄၀၃၅၅၁ ဦးနှင့်သေဆုံးသူ ၄၁၈၂၅ ဦးရှိကြောင်း သိရသည်။

ဥရောပတစ်တိုက်လုံး၌ ပြီးခဲ့သည့် သီတင်းပတ်တစ်ပတ်တည်းမှာပင် ရောဂါဖြစ်ပွားသူ ၃၈၀၀၀၀ ကျော်ရှိသည့်အတွက် ကမ္ဘာ့ကပ်ရောဂါစတင်ဖြစ်ပွားပြီးနောက်ပိုင်း ဒေသတွင်း အများဆုံးပမာဏဖြစ်သည်။

ယခုကဲ့သို့ ရောဂါဖြစ်ပွားသူ အရေအတွက်မြင့်တက်လာရခြင်းမှာ ပြင်သစ်နိုင်ငံအပါအဝင် နိုင်ငံများစွာ၌ ကျန်းမာရေးစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာနိုင်ခြင်းကြောင့် ဖြစ်သည်။ ပြင်သစ်နိုင်ငံ၌ သီတင်းပတ် တစ်ပတ်အတွင်း လူဦးရေ တစ်သန်းကျော်အထိကို ကျန်းမာ ရေးစစ်ဆေးပေးနေသည်။

ရောဂါဖြစ်ပွားသူ မြင့်တက်လာသော်လည်း ကျန်းမာရေးစစ်ဆေးမှု မခံယူရသေးသည့် ရောဂါ မပြင်းထန်သူ သို့မဟုတ် ရောဂါလက္ခဏာမပြသူ အများအပြားရှိနိုင်သေးကြောင်း သိရသည်။

Ref: CNA