ကမ္ဘာ့ကပ်ရောဂါကြောင့် အလုပ်လုပ်မှုမှရသည့်ဝင်ငွေ ဒေါ်လာ ၃ ထရီလီယံခွဲကျဆင်း

ဂျီနီဗာ၊ စီးပွားရေး

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်း၌ အလုပ်လုပ်မှုမှရသည့်ဝင်ငွေသည် ပြီးခဲ့ သည့်နှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃ ထရီလီယံခွဲကျဆင်းကြောင်း အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ဝင်ငွေကျဆင်းမှုပမာဏသည် ယခုနှစ်ပထမကိုးလအတွင်းအချက်အလက်များအပေါ် အခြေခံထားခြင်းဖြစ်ပြီး အစိုးရအဖွဲ့များ၏ ထောက်ပံ့မှုကြောင့်ရရှိသည့် ဝင်ငွေများ မပါဝင် ကြောင်း သိရသည်။

ထို့ပြင် အဆိုပါပမာဏသည် ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း ကမ္ဘာ့အသားတင် ကုန်ထုတ် လုပ်မှုတန်ဖိုး၏ ၅ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကပ်ရောဂါကြောင့် အလုပ်များ ဆက်လက်ပိတ်ထားရမှုသည် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမား ဈေးကွက်အပေါ် များစွာထိခိုက်မှုရှိကြောင်း၊ ကမ္ဘာ့အလုပ်ချိန်ကို ဆိုးဆိုးဝါးဝါး ကျဆင်းစေ ကြောင်းနှင့် ထိုသို့ကျဆင်းမှုသည် ယခင်ခန့်မှန်းထားသည်ထက် ပိုမိုများပြားကြောင်း သိရသည်။

ဘက်စုံဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လက်လုပ်လက်စားသမားများ အနေဖြင့် ကပ်ရောဂါ၏ရိုက်ခတ်မှုကို ပိုမိုခံစားရကြောင်း၊ အမျိုးသားများထက် အမျိုးသမီး များအလုပ်လက်မဲ့ဖြစ်မှုက ပိုမိုများပြားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယသုံးလပတ်တစ်ခုတည်းမှာပင် တစ်ကမ္ဘာလုံး၌ အလုပ်ချိန်ဆုံးရှုံးမှုသည် ၁၇ ဒသမ ၃ ရာခိုင်နှုန်းရှိကာ အချိန်ပြည့်အလုပ်နေရာ ၄၉၅ သန်းနှင့်ညီမျှကြောင်းသိရသည်။

တတိယသုံးလပတ်တွင် အလုပ်ချိန်ဆုံးရှုံးမှု  ၁၂  ဒသမ ၁  ရာခိုင်နှုန်းရှိသည့်အတွက် စတုတ္ထ သုံးလပတ်တွင် အလုပ်ချိန်ဆုံးရှုံးမှု ၈ ရာခိုင်နှုန်းရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့က ခန့်မှန်းထားသည်။

Ref: The Straits Times