ဟိုပုံးမြို့နယ်၌ နှစ်စဉ် စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်း ရရှိ

ဟိုပုံးမြို့နယ်၌ နှစ်စဉ် စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်း ရရှိ

ဟိုပုံး  ဇန်နဝါရီ  ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   ဟိုပုံးမြို့နယ်၌ နှစ်စဉ် စိုက်ပျိုးရောင်းချသည့် စတော်ဘယ်ရီသီးများ ယခုနှစ်တွင် အထွက်နှုန်းနည်းသော်လည်း စတင်ထွက်ရှိချိန်မှာပင် ဈေးကောင်း ရရှိနေကြောင်း စတော်ဘယ်ရီစိုက်ပျိုး ရောင်းချသူများ၏ ပြောဆိုချက်အရ သိရသည်။

စတော်ဘယ်ရီပင်သည် အေးသောရာသီဥတုကို ကြိုက်နှစ်သက်၍ ရှမ်းပြည်နယ်၌ စိုက်ပျိုးမှုများပြားသည်။  ဟိုပုံးမြို့နယ်၌ စတော်ဘယ်ရီသီးကို နှစ်စဉ် စိုက်ပျိုးရောင်းချလျက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် အထွက်နှုန်း နည်းသော်လည်း ယခင်နှစ်ကထက် ဈေးကောင်းပိုမို ရရှိ၍ စတော်ဘယ်ရီစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။

ပြီးခဲ့သည့်နှစ်က   စတော်ဘယ်ရီသီး စတင်ထွက်ရှိချိန်တွင် တစ်ပိဿာ သုံးဆယ်ကျပ်သားဝင် ပုံးတစ်ပုံးလျှင် ငွေကျပ် ၅ဝဝဝ ဖြင့် စတင်ရောင်းချရပြီး စတော်ဘယ်ရီသီး လှိုင်လှိုင်ထွက်ရှိချိန်တွင် တစ်ပုံးလျှင် ငွေ ကျပ် ၃ဝဝဝ ခန့်သာရရှိကြောင်း၊ ယခုနှစ်စတင် ထွက်ရှိချိန်တွင် တစ်ပုံးလျှင် ငွေကျပ် ၇ဝဝဝ အထိရရှိကြောင်း စတော်ဘယ်ရီ စိုက်ပျိုးရောင်းချသူ ဒေါ်ပြည့်ပြည့်ပြည်စိုး ကပြောသည်။

စတော်ဘယ်ရီပင်ကို မိုးဦးကျတွင် စတင်ပျိုးထားပြီး ပျိုးပင်ပေါက်များကို ဇူလိုင်လမှစ၍ စိုက်ပျိုးကြကာ ဒီဇင်ဘာနောက်ဆုံးပတ်တွင်   အသီးများ ဆွတ်ခူးနိုင်ပြီဖြစ်ကြောင်း၊ ဟိုပုံးမြို့နယ်၌ ထိုင်ဝမ်အပျော့၊ ကောမတ် ခေါ် အမာသီး၊ ဂျပန်နှင့် မြန်မာမျိုးစပ်ထားသော စတော်ဘယ်ရီမျိုးများကို စိုက်ပျိုးမှုများကြောင်း သိရသည်။