ရေစကြိုမြို့ရှိ ကျွန်းတိုင်ကြီးများဖြင့် တည်ဆောက်ထားသော မအူအင်းတံတား

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့ မအူအောက်ဆိပ်ရွာ၌ ကျွန်းတိုင်ကြီးများဖြင့် တည်ဆောက်ထားသော တံတားကြီးရှိကြောင်းသိရပြီး တံတားကြီး အကြောင်း သိလိုသဖြင့်  ခရီးသွားစာပေများတွင် ရှာဖွေလေ့လာခဲ့ရသည်။

အဆိုပါတံတားအကြောင်း လေ့လာရန် တိုက်ဆိုင်လာသည်က ရေစကြိုမြို့မှ ဦးပဉ္စင်း တစ်ပါးနှင့် စကားစပ်မိရာမှ တံတားကြီးအကြောင်း အစပေါ်လာခဲ့ခြင်းဖြစ်သည်။  တံတား ကြီးကိုဒေသခံများက မအူအင်းတံတားဟုခေါ်ပြီး ဦးပိန်တံတားကြီးကဲ့သို့ မြန်မာနိုင်ငံ အတွက် ဂုဏ်ဆောင်နိုင်သော်လည်း ခရီးသွားဧည့်သည်များ လာရောက်လေ့လာမှုနည်း ပါးသည်။

ရေစကြိုမြို့သို့ သွားရောက်ချိန်တွင် နယ်မြေခံ ဦးပဉ္စင်းနှင့် မိသားစုများက ကြိုဆိုကြပြီး ရေစကြိုမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပခန်းနယ်နှင့် ရှေးဘုရား၊ စေတီ၊ ကျောင်းများသို့ ပါ ရောက်ရှိရန် အခြေအနေပေးခဲ့သည်။

ခရီးစဉ်အရ ရေစကြိုမြို့နှင့် ငါးမိုင်ခန့် အကွာတွင် ရှေးကျွန်းတိုင်ကြီးများဖြင့် တည်ဆောက် ထားသော တံတားကြီးသို့ ရောက်ရှိခဲ့ပါပြီ။ ကျွန်းတိုင်ကြီးများ မြေအဝင်နှင့်  တံတားကြမ်း ခင်းအလွန် မိုးသို့မျှော်နေဟန်က ဦးပိန်တံတားနှင့် အလွန်ဆင်ပါသည်။ တောင်သမန်အင်းမှ ဦးပိန်တံတားနှင့် ယခု မအူအင်းတံတားကြီးက သစ်သားတံတားချင်းသာ တူရုံမျှမက တခြားတူသည့် အချက်များလည်း ရှိပါသေးသည်။

စာရေးသူရောက်သည့် အချိန်က ခရီးသွားနည်းသောအချိန်ဖြစ်သဖြင့် အေးအေးလူလူ တံတားကြီးပေါ်လျှောက်ကြသောအခါ သက်တမ်းရခဲ့ပြီဖြစ်၍ ကြမ်းခင်းတချို့ ချောင်နေ သယောင်ဖြစ်နေသည်။ ဤတံတားကြီး မပျက်စီးဘဲရှိနေစေချင် ပါသည်။ တံတားကြီး၏ သက်တမ်းသည် ဦးပိန်တံတား၏ သက်တမ်းထက် စောသည် ဟု မှတ်သားရပါသည်။

ရှေးတစ်ချိန်တစ်ခါက မအူငယ်ရွာကို ရန်အောင်မြေတောင်ရွာဟုခေါ်ခဲ့ကြပြီး တစ်ခါသော် ဆင်ဖြူရှင်မင်းကြီးက ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ဘုရား၊ စေတီများအားလှည့် လည်ဖူး မြော်ရင်းရန် အောင်မြေမြောက်ရွာ၌ ရန်အောင်မြေဘုရားအား ဖူးမြော်ရန် ယာယီတဲနန်း ဆောက်၍ ၄၉ ရက်ကြာ စံမြန်းခဲ့ရာ ကျေးရွာသူ၊ ကျေးရွာသားများက လာ ရောက်ခစား ခဲ့ကြသည်။ ထိုရွာသားများတွင်  တောင်သူ ဦးမှော်နှင့် သမီးမဥလည်း ပါခဲ့သည်။ မဥက ၁၆ နှစ်အရွယ် ချောမော လှပမှုကလည်း ထိရက်စရာမရှိ၊ ဤအခြေ အနေကိုမြင်ရသော မင်းကြီးက နှစ်သက်ခြင်းဖြစ်ကာ မိဖုရားအရာတင်မြှောက်ခဲ့ပြီး ရန်အောင်မြေမြောက်ရွာ၊   တောင်ရွာနှင့် ရွှေဘုံသာ မြောက်ရွာ၊ တောင်ရွာတို့ကို အပိုင်စားပေးခဲ့သည်။

ထိုအခါမှစ၍ ရွာအမည်များကိုလည်း ရွှေဘုံသာတောင်ရွာကို မဥတောင်ရွာ ထိုမှ မအူတောင်ရွာ၊ ရွှေဘုံသာမြောက်ရွာကို မဥအလယ်ရွာ နောင်အခါ မအူအလယ် ရွာ၊  ရန်အောင် မြေတောင်ရွာကို မဥငယ်ရွာ နောင်အခါ မအူငယ်ရွာ၊ ရန်အောင်မြေ မြောက်ရွာကို မဥမြောက်ရွာ နောင်အခါ မအူအောက်ဆိပ်ရွာဟု ခေါ်ခဲ့သည်။

မဥကိုအကြောင်းပြု၍ ရွာလေးရွာကို မဥလေးရွာ နောင်အခါ မအူလေးရွာအဖြစ် ရွာအမည် များဖြင့်တည်ခဲ့ရာ ယခုတိုင် ထိုအမည်များနှင့် ရွာကြီးများအဖြစ် ရေစကြိုမြို့နယ်၌ တည်ရှိ နေသည်ဟု ဆိုပါသည်။

ဆင်ဖြူရှင်မင်းကြီးက မိဖုရားမဥကို လွန်စွာချစ်မြတ်နိုးကြောင်း ထပ်မံ၍ သက်သေထူလို သဖြင့် မိဖုရားအလိုရှိရာ တောင်းခံစေဟုမိန့်ဆိုခဲ့၏။ ထိုအခါ မဥ က ရန်အောင်မြေရွာနှင့် ရွှေဘုံသာရွာကြား၌ အလွန်ကျယ်ပြန့်သောအင်းရှိနေသဖြင့် သွားလာကူးသန်းမှု၊ ကုန်စည် ရောင်းဝယ် မှုများအဆင်ပြေစေရန် တံတားတစ်စင်းရှိ စေလိုကြောင်း လျှောက်ထား၏။ ထိုအခါ မင်းကြီးက အင်းရေပြင်၌ တံတားကြီး တစ်စင်းကို နေ့ချင်းပြီး တည်ဆောက်ပေးခဲ့ ကာ တံတားကြီးအမည်ကို မဥတံတားဟု အမည်ပေးခဲ့၏။ ထိုတံတားသည် ယခု မအူအင်း တံတားပင်ဖြစ်သည်ဟု ဆိုပါသည်။

ဆင်ဖြူရှင်မင်းကြီး အသက်ထင်ရှားရှိစဉ်အချိန်က တည်ဆောက်ခြင်းဖြစ်သဖြင့် တံတားကြီး သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်သည်။ ဖြစ်နိုင်ခြေရှိ၊ မရှိ လေ့လာရန် သာဖြစ်သဖြင့် သမိုင်းကြောင်း အနေဖြင့် မှတ်သားရမည်ဖြစ်သည်။

ရေစကြိုမြို့သည် ရှေးဟောင်းဒေသ ဖြစ်သည်မှာ မှန်ပါသည်။ ယခုအခါ ရေစကြိုမြို့၌  သမိုင်းတင်ခေတ်ဖြစ်သော ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ တည်ထားခဲ့သည့် ဘုရား၊  ပုထိုး၊ စေတီ၊ ကျောင်း၊ ရေကန်၊ အင်း၊ အုတ်ကုန်းဆိုသော သာသနိကအဆောက်အအုံ ၃၀၀  ကျော်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ)မှ အကြီး စားပြင်ဆင်မှုများပြုလုပ်ရန် ပြင်ဆင်မှုစီမံကိန်းများ ချမှတ်ထားပြီးဖြစ်သည်ဟုလည်း သိရပါ သည်။

စာရေးသူလည်း မအူအင်းတံတားကြီး၏ တည်ဆောက်မှုသမိုင်းကြောင်းကို လေ့လာမေးမြန်း မှတ်သားမိသမျှနှင့် ရောက်နေသည့်အချိန် မျက်မြင်တွေ့ရှိမှုကိုလည်း မှတ်သားခဲ့ရသည်မှာ တံတားကြီးအား ကျွန်းတိုင်အလုံးပေါင်း ၃၄၄ တိုင်ဖြင့် ဆောက်ခဲ့သည်ကို တဘောင် စကားဖြင့် ဒေသခံများ မှတ်သားခဲ့ကြသည်က ညောင်ရေလောင်း ဟူ၍လည်းကောင်း၊ တံတားကြီးရှိ အခန်း ပေါင်း ၁၇၄ ခန်းကို အောင်နေလင်းဟူ၍ လည်းကောင်း၊  ကုန်ကျငွေမှာ  ငွေဒင်္ဂါး ၅၄၇၅၅ ပြားဖြစ်၍ မျက်လုံးတစ်ဖက်ဖုံး ဟူ၍လည်းကောင်း မှတ်သားခဲ့ကြသည်။ တံတားကြီးအမြင့်သည် ခုနစ်ပေခန့်ရှိပြီး အင်းရေပြင်ဖြတ်တံတားအရှည် ပေ ၂၀၀၀ ဟု မှတ်သားခဲ့ရပါသည်။

တံတားတွင် အမိုးပါနားနေဆောင် သုံးဆောင်ရှိပြီး အင်းရေပြင်တွင် ပိုးပဝါ ရေသို့ဆင်းသက် နေဟန် ခပ်နွဲ့နွဲ့ပုံက တောင်သမန်အင်းရှိ ဦးပိန်တံတားသို့ ရောက်ရှိနေသကဲ့သို့ မအူအင်း ၏မြင်ကွင်းကလည်း သာယာလှပါသည်။ မအူအင်း တံတားကြီး၏ ကြံ့ခိုင်မှုအားက အနည်း ငယ်လှုပ်ယမ်း နေသယောင်ထင်ရသော်လည်း ဒေသခံများ၏ ရှေးမူမပျက် ပြုပြင် မှုများ ကြောင့် သွားလာရအဆင်ပြေနေပါသည်။ ဒေသခံရော ဧည့်သည်များပါ ဝိုင်းဝန်းစောင့် ရှောက်နိုင်မှသာ မျက်မှောက် အချိန်အတွက် ရှေးဟောင်းအမွေအနှစ်များ တည်ရှိနေ မည်ဖြစ်ပါသည်။

တံတားကြီးကို အင်းရေပြင်ရေတိုးချိန် (ချင်းတွင်းမြစ်မှ ရေဝင်ချိန်)၊ မိုးရွာ၍ ရေတိုးချိန်များ တွင် ရေထဲ၌ခွေခွေလေး တွေ့ရမည်ဖြစ်ပြီး နွေရာသီ ကုန်းပေါ်ချိန်တွင်လည်း မြက်ခင်း စိမ်းကလေး သဲသောင်ပေါ် မြေသားများပေါ်က တံတားကြီးက အလွန်တင့်တယ်လှသည်ဟု ဒေသခံများက အမွှမ်းတင်ကြပါသည်။

ဤစကားများမှန်ပါသည်။  မအူအင်း တံတားထိပ် ရေတစ်ဝက် ကုန်းတစ်ဝက် အစပ်နားတွင် အရွယ်တူစေတီ သုံးဆူကိုလည်း ဖူးတွေ့ရမည်ဖြစ်သည်။ ကျေးရွာဓလေ့ ယာမြေတစ်ကြော  စိုက်ခင်းများကလည်း စိမ်းစိမ်းစိုစိုဖြင့် တံတားကြီးပေါ်ကမြင်ကွင်းသည် အလွန်ကြည်နူး စရာပင်ဖြစ်သည်။

စာရေးသူတွင် အလုပ်တာဝန်တစ်ခုရခဲ့ပါပြီ။ ဦးပိန်တံတားကြီးထက် မအူအင်းတံတားက သက်တမ်းမည်မျှ ပိုရှည်သည်ကို တိတိကျကျသိရန် ကြိုးစားရှာဖွေရဦးမည်ဖြစ်သည်။ သို့မှသာ နောက်ထပ် ရေစကြိုမြို့ရောက် ကျွန်မ၏ခရီးစဉ်က ပြည့်ပြည့်စုံစုံဖြစ်မည်ဟု အတွေးဝင်ရင်း ရေစကြိုမြို့ မအူအင်းတံတားရောက် ခရီးသွားတစ်ဦး၏ လေ့လာခဲ့မှုကို စာတစ်ပုဒ်အဖြစ် ရေးသားလိုက်ရပါသည်။   ။

မြမဉ္ဇူဝေ(ကျုံမငေး)