မယ်စဲ့မြို့နယ်၌ ပဲပုပ်ချပ်ပြုလုပ်ရောင်းချသူများ မိသားစု အပိုဝင်ငွေရရှိ

မယ်စဲ့မြို့နယ်၌ ပဲပုပ်ချပ်ပြုလုပ်ရောင်းချသူများ မိသားစု အပိုဝင်ငွေရရှိ

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်၌ ဒေသထွက်ပဲပုပ်များကို ပဲပုပ်ချပ်ပြုလုပ် ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားကာ အဆင်ပြေလျက်ရှိကြောင်း ပဲပုပ်ချပ်ပြုလုပ် ရောင်းချသူများထံမှ သိရသည်။

ဒေသခံတောင်သူများအနေဖြင့် ဆောင်းသီးနှံပဲပုပ်ကို လယ်၊ ဥယျာဉ်ခြံ၊  တောင်ယာများ၌  အများဆုံး စိုက်ပျိုးလျက်ရှိကြသည်။ ပဲပုပ်ချပ်ကို မြို့နယ်အတွင်းရှိ ရှမ်းလူမျိုးများ အများဆုံးနေထိုင်သည့်  ကျေးရွာ များ၌ ပြုလုပ်ကြသည်။ ပဲပုပ်ပေါ်ချိန်တွင် ပဲပုပ်စေ့များ အိုးကြီးနှင့် ပြုတ်ပြီး သုံးညခန့်နှပ်ထားရသည်။ နှပ်ထားပြီးသော  ပဲပုပ်များကို ကြိတ်ဆုံနှင့်ကြိတ်ကာ ပဲပုပ်ချပ် ပြုလုပ်၍ နေပူလှန်းရသည်။ ပဲပုပ်စေ့  ၁၂  ဘူးလျှင် ပဲပုပ်ချပ် ၁ ပိဿာ  ၂၅  ကျပ်သားထွက်ရှိပြီး ပဲပုပ်ချပ်များကို ၅ဝ ကျပ်သားထုပ် နှင့် ၁ ပိဿာထုပ်များ ထုပ်ပိုးကာ ရောင်းချကြသည်။   ယခင်နှစ်က ပဲပုပ်ချပ် တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ ဖြင့် ရောင်းချရပြီး ယခုနှစ် တွင် ငွေကျပ် ၆ဝဝဝ မှ ၇ဝဝဝ ဈေးဖြင့်ရောင်းရသဖြင့်   ပဲပုပ်ချပ်ပြုလုပ်ရောင်းချသူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားကာ  အဆင်ပြေကြောင်း ပဲပုပ်ချပ်ပြုလုပ် ရောင်းချသူ ဒေါ်နန်းမြိုင်ထံမှ သိရသည်။

ပဲပုပ်ချပ်ကို ဒေသခံတိုင်းရင်း သားပြည်သူများက ပဲပုပ်ရည်ဖျော်၊ ပဲပုပ်ဟင်းနှင့်  ပဲပုပ်ကို  မီးဖုတ် သုပ်စား၍  သော်လည်းကောင်း၊ ဒေသဓလေ့ ဟင်းရွက်များချက်ရာတွင်   ထည့်ချက်၍သော်လည်းကောင်း၊ ပဲပုပ်ဟင်းချက်ဖြင့် လည်းကောင်း၊ ပဲပုပ်ချပ်မပြုလုပ်မီ ပဲပုပ်စေ့ကြော်အဖြစ် လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြသည်။ ဒေသထွက် ပဲပုပ်ချပ်များကို ဒေသတွင်း စားသုံးရုံသာမက ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးတို့မှ လာရောက် ဝယ်ယူကြသဖြင့် ယခုနှစ် ပဲပုပ်ချပ်များ ဈေးကောင်း ရရှိကြောင်း သိရသည်။