ရွှေပြည်ဌာနဝေးသူ၏ အဆွေး အတွေးနှင့် အရေး

မြန်မာစာပေသမိုင်းတွင်  “မဲဇာတောင်ခြေ”ချီပိုဒ်စုံရတုဖြင့် ထင်ရှားကျော်ကြားခဲ့သော လက်ဝဲသုန္ဒရ အမတ်ကြီးကို မသိသူနည်းလိမ့်မည် ထင်သည်။

ဘုရင်မင်းမြတ် အမျက်တော်ရှပြီး မင်းပြစ်မင်းဒဏ် ခံနေရသော လက်ဝဲသုန္ဒရအမတ်ကြီးသည် မဲဇာတောင်ခြေချီပိုဒ် စုံရတုကို ဘုရင်မင်းမြတ်ထံရေးသားဆက်သွင်းခဲ့ရာ ယင်းရတုပိုဒ်စုံကိုဖတ်ရသဖြင့် ဘုရင်မင်းမြတ်  အမျက်တော်ပြေခဲ့ပြီး   အမတ်ကြီးအား မဲဇာတောမှ နေပြည်တော်သို့ ပြန်လည်ခေါ်ယူခဲ့လေသည်။

ထိုဖြစ်ရပ်ကြောင့်ပင်လျှင် လက်ဝဲသုန္ဒရအမတ်ကြီးနှင့် မဲဇာတောင်ခြေချီပိုဒ်စုံရတုတို့မှာ ခွဲခြားမရဘဲ ထင်ရှားကျော်ကြား လူသိများခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါ၏။

လက်ဝဲသုန္ဒရအမတ်ကြီး၏ ဘဝဖြစ်စဉ်နှင့် စာပေ

ရွှေဘိုမြို့မြောက်ဘက်   မန်ကျည်းတုံရွာဇာတိ ဦးမြတ်စံကို သက္ကရာဇ် ၁၀၈၅ ခုနှစ်တွင် မွေးဖွားခဲ့၏။ ဦးမြတ်စံသည်   စိန္တကျော်သူနှင့်   တစ်ခေတ်တည်းပေါ်ပေါက်လာသည်။  စိန္တကျော်သူကဲ့သို့ပင်    အင်းဝမြို့မှပြေးလာသူဖြစ်သည်။

ဟံသာဝတီရောက်မင်းလက်ထက်လွှတ်ရုံးတွင် စာရေးစာချီလုပ်သည်။ အင်းဝပျက်သော် အလောင်းမင်းတရားကြီး၏ ဘုန်းတော်ကို ဝင်ရောက်ခိုလှုံ၍ အမှာတော်ရေးရာထူးဖြင့် အမှုထမ်းရာမှ လက်ဝဲသုန္ဒရဘွဲ့ကို ရသည်။

သက္ကရာဇ် ၁၁၂၅ ခုနှစ်တွင် ဆင်ဖြူရှင်မင်းတရားလက်ထက်    အင်းဝရွှေပြည်ကို ပြန်လည်ရောက်ရှိပြီး ဆင်ဖြူရှင်မင်းတရားကြီး၏ ညီတော်အမြင့်မြို့စား၏ အိမ်တော်၌ အကြီးတော်အရာဖြင့် အခစားထမ်းရွက်ရသည်။      သက္ကရာဇ် ၁၁၂၈ ခုနှစ်တွင်    လူပျိုတော်ငထင်ကျော်အမှုဖြင့်  ရာဇဝတ်သင့်၍   မဲဇာတောသို့ အပို့ခံခဲ့ရ၏။  ပြစ်ဒဏ်သင့်ပြီး  ၄၅ ရက်အကြာတွင် ရတနာသိင်္ဃကုန်းဘောင်မြို့ကို သတိရတမ်းတကြောင်း “မဲဇာတောင်ခြေ” ချီပိုဒ်စုံရတုနှင့်   သား၊မယားတို့ကိုလွမ်းဆွတ်တသကြောင်း “ဝေရွှန်းစန္ဒာ” ချီပိုဒ်စုံရတုကို ရေးသား ဆက်သွင်း သောကြောင့် ဘုရင်မင်းမြတ်လွန်စွာ သနားတော်မူကာ နေပြည်တော်သို့ပြန်ခေါ်တော်မူခဲ့သည်။

အဆိုပါ ပိုဒ်စုံရတုနှစ်စုံမှာ အများသိပြီးဖြစ်သည့်အတိုင်း စာဆို၏အရေးအသား၊ အဖွဲ့အနွဲ့တို့သည် စာဖတ်သူ၏စိတ်ကို  ကရုဏာသက်ဝင်၍  သနားကြင်နာခြင်းကိုဖြစ်ပေါ်စေပါ၏။ သို့ကြောင့်ပင်လျှင် စာဆိုလက်ဝဲသုန္ဒရ အမတ်ကြီးသည် ရတုအဖွဲ့အနွဲ့များတွင် ၎င်းနှင့်ခေတ်ပြိုင်စာဆို စိန္တကျော်သူဦးသြထက် များစွာသာလွန်ကြောင်း ထင်ရှားပေသည်။

မဲဇာတောင်ခြေချီရတုနှင့် ဝေရွှန်းစန္ဒာချီရတုနှစ်စုံလုံး၏ အဖွဲ့အနွဲ့များသည် စာဆို၏ ရင်တွင်းဖြစ်ပေါ်လာ သော “ခံစားချက်” ကို အသက်သွင်းထားခြင်းဖြစ်သကဲ့သို့ အခါအခွင့်နှင့်သင့်တင့်ညီညွတ်စွာ စပ်ဆိုဖွဲ့နွဲ့ထားခြင်း လည်းဖြစ်သောကြောင့်      မြန်မာစာပေသမိုင်းတွင် မှတ်တမ်းတင်ထိုက်သော ရတုများဖြစ်ခဲ့ပေသည်။

ရတုပိုဒ်စုံနှစ်ခုလုံးကို အပြည့်အစုံ ဖော်ပြမည်ဆိုလျှင် စာရှည်နိုင်ပါသဖြင့် စာရှုသူများ လေ့လာအကဲဖြတ်နိုင်ရန်  အမြည်းသဘောမျှသာ ဖော်ပြလိုက်ရပါ၏။  ရှေးဦးစွာ   မဲဇာတောင်ခြေချီရတုမှ  စာဆိုအမတ်ကြီး၏ နှလုံးသားခံစားချက်ကို    ပီပီပြင်ပြင် ဖော်ပြထားသည့် စာပိုဒ်တစ်ပိုဒ်ကို ထုတ်နုတ်တင်ပြပါရစေ။

“မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောစည်ကာ၊ ရွှေပြည်ကိုသာ တရှာတော့မိ၊ မိုးရှိရှိလျှင်၊   သီရိကျက်သရေ၊    တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံပျက်မြင်၊ ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။   ။ ရွှေပြည်ဌာနေဝေးသောကြောင့်”

စာဆို၏ရင်တွင်းခံစားချက်

မဲဇာတောကြီးသို့ မင်းပြစ်မင်းဒဏ်ဖြင့် ရောက်နေရသူလက်ဝဲသုန္ဒရအမတ်ကြီးသည် ရတနာသိင်္ဃကုန်းဘောင် ရွှေပြည်တော်ကိုသာ မျှော်မှန်းလွမ်းဆွတ်တမ်းတကာနေရရှာသည်။ နေပြည်တော်ကြီးသည် ကျက်သရေအပေါင်း တိုးတက်ဖြိုးဝေကာ တင့်တယ်လှသည်။

ကုန်းဘောင်ပြည်ကြီးသည် အချက်အချာအောင်ရာမြေဖြစ်သည်။ ဘိုးတော်(အလောင်းဘုရား၏ခမည်းတော် မင်းညိုစံ)၏ကောင်းမှု၊ ဘိုးတော်တည်ထားခဲ့သည့် ဇမ္ဗူ့ဆီမီးဘုရားနှင့်တကွ ရွှေကူကြီးဘုရား၊ ရွှေလင်းပင်ဘုရား၊  ရွှေခြင်္သေ့ဘုရား၊  မြွေဘုရား  စသည်တို့မှရောင်ခြည်တော်ခြောက်သွယ်တို့သည်        ရွှန်းလင်းတောက်ပ ဝေဖြာနေပါတော့သည်။

ထိုစေတီအပေါင်းတို့မှ ရောင်ခြည်တော်တို့သည် ထက်ဝန်းကျင်အရပ်တို့တွင် ပိတ်သီးယှက်သန်းကာ ထွန်းတောက်လျက်ရှိ၏။ ဘုရင်မင်းမြတ်စံရာရွှေနန်း၊ ရွှေဘုံတို့မှာလည်း လျှပ်ရောင်တန်းသကဲ့သို့ ပြိုးပြိုးပြက်ပြက် တစ်ခဲနက်သော ရွှေရောင်၊ ရတနာရောင်တို့ ထွန်းတောက်နေပါသည်။ ထိုစေတီဘုရားပုထိုး တို့နှင့်တကွ ရွှေနန်း၊ ရွှေဘုံတို့ကို ကိုယ်တွေ့မျက်မြင်ဖူးမြော်ချင်လှပါသည်။ ယခုအခါမှာမူ စိတ်အာရုံအတွင်းမှာသာ တွေးတောမှန်းဆကာ ရော်ရမ်းဖူးမြော်ရပါသည်။

စာပေရှုထောင့်မှသုံးသပ်ချက်

“မဲဇာတောင်ခြေ”ချီရတုသည် အတ္တာလင်္ကာရတည်းဟူသော အနက်အဓိပ္ပာယ်ဖြင့် တန်ဆာဆင်ခြင်း၊ သဒ္ဒါလင်္ကာရတည်း ဟူသောအသံဖြင့် တန်ဆာဆင်ခြင်းတို့ဖြင့် ပြည့်စုံသည်။ ရတုတစ်ပုဒ်လုံးပင် ဖြစ်ပျက်ပုံအလုံးစုံကို   ကရုဏာသက်အောင် ရေးခြယ်ခဲ့သည်။

အဆွေးဓာတ်ခံကို   ဖြေမဆည်နိုင်အောင်    စာပန်းချီခြယ်ခဲ့၏။   အစပ်၊   အဟပ်ကာရန်များကိုလည်း အသံလွင်၊ အသံလတ်တို့ဖြင့် ဖွဲ့ဆိုထားသည့်အတွက် ရတုတစ်ပုဒ်လုံး ဂီတသံတို့ပြည့်လျှမ်းနေသည်။

ထို့ကြောင့်ပင် မဲဇာတောင်ခြေချီရတုကို ရှေးလူတို့က ဟင်းရွက်ခူး၊ ဆီးသီးကောက်၊ ထင်းခွေ၊ ရေခပ်ရင်းပင် နှုတ်အရသာခံစားကာ တနွှဲနွှဲဆွဲငင် သီဆိုခဲ့ကြပါ၏။

ထို့ပြင် စာဆိုသည် မဲဇာတောင်ခြေချီရတုပိုဒ်စုံတွင် “သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း” အစချီသော စာပိုဒ်အဖွဲ့ကို လည်းကောင်း၊ “ပွဲခါညောင်ရေ၊သွန်းမြဲပေတည့်” အစချီသောစာပိုဒ် အဖွဲ့ကိုလည်းကောင်း သီကုံးစပ်ဆိုထားပါ၏။ ရတုပိုဒ်စုံတစ်ခုလုံးကို ခြုံငုံသုံးသပ်ပါက စာဆို၏လက်ရာ “မဲဇာတောင်ခြေ”သည် အဓိပ္ပာယ်ကို ကြည်လင်ထင်ရှားရှင်း လင်းစေသည့် “ပသာဒဂုဏ်”နှင့်လည်း ပြည့်စုံ၏။ ကြောက်ရွံ့ဖွယ်ဖြစ်စေသော “ဘယာနက”ရသနှင့်လည်း အကျုံးဝင်၏။ အံ့သြဖွယ်ဖြစ်စေသော “အမ္ဘုတ”ရသနှင့်လည်း အံဝင်ပါ၏။ မည်သို့ဆိုစေ “မဲဇာတောင်ခြေ” ချီရတုသည် စာဆိုလက်ဝဲသုန္ဒရ အမတ်ကြီးအား ထိပ်တန်းစာရင်းဝင်စာဆိုရှင်ဖြစ်အောင် ပို့ဆောင်ပေးခဲ့သည်မှာ အမှန်ပင်ဖြစ်ပါ၏။

ထိုမှတစ်ဖန် မဲဇာတောင်ခြေချီရတုကဲ့သို့ပင် စာဆိုအမတ်ကြီးကို မြန်မာစာပေ သမိုင်းစင်မြင့်ထက်သို့ ပို့ဆောင်ပေးခဲ့သာ စာဆို၏လက်ရာ “နွေကျွန်းသန်ဝါ” ချီရတုပိုဒ်စုံသည်လည်း အောင်မြင်ကျော်ကြားသော ရတုတစ်ပုဒ်ဖြစ်ခဲ့ပါ၏။ စာရှုသူများလေ့လာနိုင်ရန် အမြည်းဖော်ပြလိုက်ပါ၏။

“နွေကျွန်းသံဝါ၊ ခုချိန်ခါကို၊ ကျောင်းသာရာမ်ခင်း၊ ဝေတီတွင်း၊ သီတင်းအလှူ၊ ရွှေပြည်သူတို့၊ ဆုယူစည်းဝေး၊ ဖြူဖြူဖွေးလိမ့်၊ စက်မှေးခိုက်တွင်၊ အိပ်မက်မြင်သို့၊ မရွှင်ရှုတ၊ လွမ်းလိုက်လှရှင့်၊ ညွှန်ပြကျိုးဆက်၊ ဆယ်ကျော်သက်က၊ ကြင်ဘက်အတူ၊ တောင်းဆုယူသည်၊   အိမ်သူချောသွယ်၊   သုံးယောက်မယ်နှင့်၊ ပင်လယ်ခြားရာ၊    ခရီးကွာသို့၊    မှာလည်းမကြား၊ သွားလည်းမသင့်၊ ဖြစ်သဖြင့်လျှင်၊ ပူခွင့်ရှည်ရေး၊ ရှိချေသေး၏၊ ရင်သွေးရွှေတောင်၊ သားမောင်နှမ၊ ဆင်းသိင်္ဂတို့၊ မွေးဘရင်ခွင်၊ ရွှေလက်တင်၍၊ ယူငင်ပိုက်ဖြား၊ ပျော်မည်များနှင့်၊ နှစ်ပါးမျက်ခြည်၊ သားနှင်းရည်သည်၊ ရွှေလည်တွဲချင်ရှာလိမ့်မည်”

စာဆို၏ အဖေ့လက်ရာရတုတစ်ပုဒ်ဖြစ်သော “ဝေရွှန်းစန္ဒာ”  ချီသည့် မဲဇာတောမှ ရတနာသိင်္ဃရွှေမြို့တော်ရှိ စာဆို၏ ကြင်ဖက်သက်နှံနှင့် သားသမီးရတနာတို့ကို မှန်းဆ၍ သီကုံးထားသော တမ်းတရတု ဖြစ်ပါ၏။

စာပေအသွင်ရှုမြင်ချက်

“ဝေရွှန်းစန္ဒာ”ချီရတုသည်   လူ့ရိပ်မြုံ၏ဓမ္မတာသဘောကို အာရုံကြောထိစေပြီးလျှင် ကရုဏာရသပေါ်လွင်စေပါသည်။ ဆိုရလျှင် ၎င်းင်းရတုသည်မဲဇာတောင်ခြေနှင့်အတူ လက်ဝဲသုန္ဒရကို စာဆိုထိပ်တန်း ဘဝသို့ရောက်အောင် ဘိသိက်သွန်းလောင်းခဲ့ပါ၏။

အတ္တာလင်္ကာရအရာ အနက်အဓိပ္ပာယ်တန်ဆာဆင်ခြင်းတွင် “ဝေရွှန်းစန္ဒာ”သည် မဲဇာတောင်ခြေထက်ပင် လက်ဝဲသုန္ဒရ၏ ခိုကိုးရာမဲ့ သနားစဖွယ်အဖြစ်သနစ်တို့ကို ပိုမိုထင်ရှားအောင် သရုပ်ဖော်ထားပါ၏။

စာဆို၏ အလွမ်းဝေဒနာကို ဖော်ပြရာတွင် စာဆိုသည် အသက်ဆယ်နှစ်ကျော် အရွယ်ကစ၍ အတူတကွဆုတောင်း၊ ဆုယူပြုခဲ့ကြသော ကြင်ဖော်ကြင်ဖက် ချစ်ဇနီးအိမ်သူနှင့် ပင်လယ်ခြားသကဲ့သို့ ဝေးကွာနေရပါသည်။ ပြေပြစ်သွယ်လျ ချောမောလှပသည့်သားသမီးသုံးယောက်မိခင်ဖြစ်သူ အိမ်သူသက်ထားနှင့် အလွန်ခရီးဝေးကွာသည် ဖြစ်သည့်အတွက် အကြောင်းစကားမှာထားသော်လည်း မကြားနိုင်ပေ။ ကိုယ်တိုင်သွား ရောက်ချင်လှပါသော်လည်း သွားရန်မသင့်လျော်သည့် ဘဝဆိုးနှင့် ကြုံကြိုက်နေရပါ၏။ သို့အတွက် ပူခွင့်၊ ပူရေး၊ ပူဖို့ရန်အကြောင်းမှာ တာရှည်ရပါဦးမည်။

ထို့ပြင် ရင်သွေး၊ ရင်နှစ်ဖြစ်သည့်  ရွှေတောင်ရွှေခဲပမာ နှစ်သက်ဖွယ်မောင်နှမသုံးယောက်တို့သည်လည်း မွေးသဖခင်၏ ရင်ခွင်တွင် ယုယခြင်းတို့ခံယူချင်ပေလိမ့်မည်။ ရွှေဆင်းကဲ့သို့လှပဝင်းဝါသည့် သားသမီးသုံးယောက်တို့သည် ဖခင်၏လက်ကိုမြှောက်တင်ယူငင်ကာ စိတ်ကိုဖြေဖျော်ရှာပေလိမ့်မည် စသည်ဖြင့် စာဖတ်သူများကရုဏာစိတ်ပွားအောင် ရေးသားဖွဲ့ဆိုထားသည်မှာ လွမ်းဆွတ်ကြေကွဲဖွယ်ကောင်းလှပါ၏။

ကလောင်လက်နက်အစွမ်းထက် စာဆိုလက်ဝဲသုန္ဒရအမတ်ကြီးသည် မင်းပြစ်မင်းဒဏ်ခံရပြီး ဝေးလံခေါင်သီလှသည့် မဲဇာတောသို့ အပို့ခံခဲ့ရသဖြင့် စာဆို၏ စိတ်နှလုံးသည် ကြိမ်မီးအုံးသကဲ့သို့ ပူပန်သောကရောက်နေသည်မှာ မလွဲပေ။ မဲဇာတောင်ခြေနှင့် ဝေရွှန်းစန္ဒာရတုများသည် ထိုအချိန်ထိုကာလ၌ စပ်ဆိုသော ကဗျာဖြစ်၍ ကရုဏာရသအဖွဲ့များကို ရတုနှစ်ပုဒ်စလုံးတွင် ဖတ်ရှုရပါ၏။

ဖော်ပြပါ ရတုနှစ်ပုဒ်စလုံးသည်ပင် မင်းပြစ်မင်းဒဏ်ခံနေရရှာသော လက်ဝဲသုန္ဒရအမတ်ကြီးကို ပြန်ခေါ်ကာ ချမ်းသာခွင့်ပေး ရလောက်အောင် အဖိုးထိုက်တန်ပြီး   အစွမ်းထက်လှပါ၏။  ဤသည်မှာ စာဆိုတို့၏ ကလောင်လက်နက်   မည်မျှအစွမ်းထက်သည်ကို သာဓကတင်လိုက်ခြင်းဖြစ်သည်ဟု ထင်မြင်မိပါ၏။  ။

တက္ကသိုလ်သင်္ခ