ကျင်စန်းကျော့ဂိတ်မှ တစ်ရက်လျှင် ဖရဲနှင့် သခွားအပါအဝင် လယ်ယာထွက်ကုန် တင်ဆောင်သည့် ယာဉ်အစီးရေ ၁၃ဝ ကျော်ဖြင့် တင်ပို့နေ

ကျင်စန်းကျော့ဂိတ်မှ တစ်ရက်လျှင် ဖရဲနှင့် သခွားအပါအဝင် လယ်ယာထွက်ကုန် တင်ဆောင်သည့် ယာဉ်အစီးရေ ၁၃ဝ ကျော်ဖြင့် တင်ပို့နေ

မူဆယ်  ဖေဖော်ဝါရီ  ၆

မြန်မာ-တရုတ်   နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှ တစ်ရက်လျှင် ဖရဲနှင့်သခွား အပါအဝင် လယ်ယာထွက်ကုန်တင်ဆောင်သည့် ယာဉ်အစီးရေ ၁၃ဝ ကျော်ဖြင့်တရုတ်နိုင်ငံသို့ တင်ပို့နေကြောင်း  မူဆယ် ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း၏ ပြောပြချက်အရ သိရသည်။

ထိုသို့တင်ပို့ရာတွင် တစ်ရက်လျှင် ဖရဲ၊သခွား ယာဉ်အစီးရေ ၁ဝဝ ကျော်နှင့် ဆန်၊ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရော်ဘာ စသည့် လယ်ယာထွက်ကုန် တင်ဆောင်သည့် ယာဉ်အစီးရေ ၃ဝ ကျော်ဖြင့်  တင်ပို့လျက်ရှိကြောင်း သိရသည်။

''ဖရဲ၊ သခွားကတော့ တစ်ရက်ကို ယာဉ်အစီးရေ ၁ဝဝ ကျော်နဲ့ အများဆုံး တင်ပို့ပါတယ်။ ဆန်နဲ့ဆန်ကွဲကတော့ တစ်ရက်ကို ယာဉ်အစီးရေ လေး၊ ငါးစီးလောက်နဲ့ တင်ပို့တယ်။ဆန်နဲ့ဆန်ကွဲဈေးနှုန်း ရရှိမှုက မဆိုးပါဘူး''ဟု ဦးမင်းသိန်း ကပြောသည်။

ကျင်စန်းကျော့ဂိတ်ကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်ကာ ကုန်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံအရောက် ဆန်တစ်အိတ်လျှင်  ယွမ် ၁၄ဝ  နှင့်  ဆန်ကွဲတစ်အိတ်လျှင် ယွမ် ၁၃ဝ ဖြင့် ရောင်းချနေကြောင်း သိရသည်။

မူဆယ်-ကျင်စန်းကျော့ဂိတ်မှ တရုတ်နိုင်ငံသို့  ဆန်၊  ဆန်ကွဲ၊  ပဲမျိုးစုံ၊  ဆီးသီးခြောက်၊ ရော်ဘာနှင့် စားသောက်ကုန်များ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်းနှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းများ    တင်သွင်းလျက် ရှိကြောင်း  သိရသည်။