အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော်  သြဂုတ်  ၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး အဖွဲ့သည် ၂ဝ၁၈-၂ဝ၁၉ ပထမခြောက်လပတ် ဘတ်ဂျက်ဖြင့် မြို့ပြ စည်ပင်သာယာရေး လုပ်ငန်းများ ဆောင် ရွက်ရာတွင် ငွေကြေးအလွဲသုံးစား ပြုလုပ်ခြင်းအပေါ်  စိစစ်ဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေး တိုင်းဒေသကြီး မိတ္ထီလာမြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ အငယ်တန်းအင်ဂျင် နီယာ-၂ ဦးမျိုးဇော်သည် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် အမှိုက်ကျင်း ပြင်ဆင်ခြင်း လုပ်ငန်းတွင် အမှိုက်ကျင်း ဟောင်း ပြင်ဆင်ခြင်းအတွက် မူလခွင့်ပြုငွေမှ ငွေကျပ်သိန်း ၁၅ဝ ကို ငွေလက်ခံ ရယူသူ လက်မှတ်မပါရှိဘဲ အမှန်တကယ် ပေးချေခဲ့ခြင်း မရှိသည့် ငှားရမ်းခပြေစာ နှစ်စောင် အသုံးပြု၍ ထုတ်ယူခဲ့ပြီး Dozer  ငှားရမ်းခငွေကျပ် ၁၅ သိန်းသာ ပေးချေခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ် ၁၃၅ သိန်း နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးဇော်က ငွေကျပ်သိန်း ၁၅ဝ တင်ပြတောင်းခံခဲ့ရာတွင် ငွေထုတ်ယူ ခွင့်ပြုခဲ့သည့် အမှုဆောင်အရာရှိ ဒုတိယ ညွှန်ကြားရေးမှူး  ဦးခင်မောင်တင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း၊ အင်ဂျင် နီယာမှူး ဦးမြင့်ဝင်းသည် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်ရှိ နယ်မြေ ၂ နှင့် ၃ တို့၌ အရှည် ပေ ၃ဝဝဝ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူမှု မရှိခြင်း၊ ဘတ်ဂျက်ခွင့်ပြုငွေမှ ပိုလျှံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲမှုမရှိ ခြင်းတို့ကြောင့် နိုင်ငံတော် ဘဏ္ဍာငွေမှ ငွေကျပ်   ၆၇၁ဝဝ၇၄  နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သဖြင့် အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ ဦးမြင့်ဝင်းက ရာထူးတာဝန်အရ ပေါက်ချောင်းရပ်ကွက်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ငွေထုတ်ယူခွင့်ပြုခဲ့သည့် အမှုဆောင် အရာရှိ  ဒုတိယညွှန်ကြားရေးမှူး  ဦးခင်မောင်တင်အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မ ရဲစခန်း၌  ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ သတင်းရရှိသည်။