နိုဗာဗက်ကုမ္ပဏီ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးအဆင့်လက်တွေ့ စမ်းသပ်မှု စတင်

ဝါရှင်တန်၊ ကျန်းမာရေး

အမေရိကန်ဇီဝနည်းပညာ ကုမ္ပဏီဖြစ်သည့် နိုဗာဗက်ကုမ္ပဏီက ဖော်စပ်ထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အရေးကြီးသည့် နောက်ဆုံးအဆင့် လက်တွေ့စမ်း သပ်မှုကို စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီက စက်တင်ဘာ ၂၅ ရက်တွင် ပြောသည်။

ထိုလက်တွေ့စမ်းသပ်မှုကို ဗြိတိန်နိုင်ငံ၌ အသက် ၁၈ နှစ်မှ ၈၄ နှစ်ကြားရှိ လူဦးရေ ၁၀၀၀၀ ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး အချိန်အားဖြင့် သီတင်းပတ်လေးပတ်မှ ခြောက်ပတ် အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည့်အတွက် ယခု ကာကွယ် ဆေးကို နောက်ဆုံးအဆင့် စမ်းသပ်မှုက မြန်မြန်ဆန်ဆန်ပြီးဆုံးမည် ဖြစ်သည့်အပြင် ရလဒ်ကိုလည်း အချိန်တိုအတွင်းရရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း နိုဗာဗက်ကုမ္ပဏီ၏ သုတေသနဌာနမှူး ဂရီဂိုရီဂလင်းက ပြောသည်။

နိုဗာဗက်ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် နောက်ဆုံးအဆင့် လက်တွေ့ စမ်းသပ်မှုသို့ ရောက်ရှိလာသည့် ကမ္ဘာ့ ၁၁ ခုမြောက် ဆေးဝါးဖြစ်လာသည်။

အဆိုပါကုမ္ပဏီသည် အမေရိကန်အစိုးရထံမှ ထောက်ပံ့ငွေဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကို ရရှိထားပြီး နှစ်ကြိမ်ထိုးရ မည့်ကာကွယ်ဆေးကို ထုတ်လုပ်နေခြင်း ဖြစ်သည်။ လက်ရှိ ဖော်စပ်နေသည့် ကာကွယ်ဆေးတွင် ကိုယ်ခံအားတုံ့ပြန်မှုကို မြှင့်တင်ပေးသည့် ပစ္စည်းထည့် သွင်းအသုံးပြုထားပြီး အရည်အမျိုးအစားဖြစ်ကြောင်းနှင့် ၂ ဒီဂရီစင်တီဂရိတ်မှသည် ၈ ဒီဂရီ စင်တီဂရိတ် ကြားရှိသည့်အပူချိန်တွင် သိမ်းဆည်းနိုင်ကြောင်းသိရသည်။          

Ref: CAN