ကီလိုမာလကာသီးများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ စီးပွားရေး အဆင်ပြေ

ကီလိုမာလကာသီးများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ စီးပွားရေး အဆင်ပြေ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ကီလိုမာလကာသီးများ  အောင်မြင်ဖြစ်ထွန်းပြီး    ကီလိုမာလကာ တစ်ပိဿာလျှင်     ငွေကျပ် ၁၅ဝဝ ဖြင့် ရောင်းချရ၍ စိုက်ပျိုးသူများ     စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ဖလံတောကျေးရွာမှ ကီလိုမာလကာ စီးပွားဖြစ် စိုက်ပျိုးသူ ဦးဖိုးလှိုင်၏ ပြောပြချက်အရ သိရသည်။

ကီလိုမာလကာစိုက်ပျိုးရာတွင် ပျိုးပင်ကို စိုက်ပျိုးနိုင်သကဲ့သို့ ကိုင်းကူးစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်ကြောင်း၊ ပျိုးပင်စိုက်ပျိုးပါက  အနည်းဆုံး  ငါးနှစ်ခန့် ကြာမြင့်ပြီး ကိုင်းကူးစနစ်ဖြင့်  စိုက်ပျိုးပါက  တစ်နှစ်အကြာတွင် အသီးစတင် ဆွတ်ခူးရောင်းချနိုင်ကြောင်း သိရသည်။

ကိုင်းကူးစနစ်ဖြင့် စိုက်ပျိုးရာတွင် ပင်ခြားအနေဖြင့် ၁ဝ ပေခန့်၊ တန်းကြားအနေဖြင့် ၁၅ ပေခန့်ခွာ၍ စိုက်ပျိုးရကြောင်း သိရသည်။

''ကီလိုမာလကာကို မြေအောက်ရေနဲ့ စိုက်ပျိုးပြီး စိုက်နည်းစနစ်ကတော့ ကိုင်းကူးစနစ်နဲ့ စိုက်ပျိုးတာဖြစ်ပါတယ်။ ပျိုးပင်ဝယ်ပြီး စိုက်ပျိုးမယ်ဆိုရင် အချိန်ကြာလို့ ကိုင်းကူးစနစ်နဲ့ စိုက်ပျိုးတာပါ'' ဟု ဦးဖိုးလှိုင်ကပြောသည်။

ကီလိုမာလကာစိုက်ပျိုးရေး လုပ်ငန်းကို စနစ်တကျ စိုက်ပျိုးမည်ဆိုပါက တောင်သူများ တွက်ခြေကိုက်သည့်အတွက် စိုက်ပျိုးသင့်ကြောင်း သိရသည်။