ဖေဖော်ဝါရီလလယ်ပိုင်းမှစ၍ ကွမ်းရွက်ဈေးနှုန်း ကောင်းမွန်လျက်ရှိ

ဖေဖော်ဝါရီလလယ်ပိုင်းမှစ၍ ကွမ်းရွက်ဈေးနှုန်း ကောင်းမွန်လျက်ရှိ

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးရှိ ကွမ်းရွက်ဈေးကွက်အတွင်း   ဖေဖော်ဝါရီလ လယ်ပိုင်းမှစ၍ ကွမ်းရွက်ဈေးနှုန်း ကောင်းမွန်လျက်ရှိကြောင်း   ဧရာဝတီတိုင်းဒေသ ကြီးရှိ ကွမ်းခြံလုပ်ငန်း လုပ်ကိုင်သူများ၏ပြောပြချက်အရ သိရသည်။

''ကျွန်တော်က ကွမ်းခြံလုပ်ငန်းအပြင်  ငရုတ်ပင်တွေလည်း စိုက်တယ်။ ဆေးရွက်ကြီးပင်တွေလည်း စိုက်ပျိုးထားပါတယ်။

လက်ရှိမှာ ကွမ်းအပင်ရေ ၈ဝဝဝ ကျော် စိုက်ပျိုးထားပါတယ်။ မြောင်းမြ၊ ဂွဒေသက ကွမ်းစိမ်းမျိုးကို စိုက်ပျိုးတာပါ။ လက်ရှိမှာ ရန်ကုန်မြို့က သီရိမင်္ဂလာဈေးကို တင်ပို့ရောင်းချနေပါတယ်။  အခုတစ်ပတ်ထဲမှာ ကွမ်းဈေး ပြန်ကောင်းနေပါတယ်''  ဟု ဧရာဝတီတိုင်းဒေသကြီး  ညောင်တုန်းမြို့နယ်   ရွှေဒင်္ဂါးကျွန်းကျေးရွာမှ   ကွမ်းခြံလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်မင်းလှိုင်ကပြောသည်။

ကွမ်းရွက်ဈေးနှုန်းများအနေဖြင့် အရည် အသွေးအလယ်အလတ်တန်းစား ကွမ်းရွက်ပိဿာချိန် ၁ဝ လျှင် ငွေကျပ် ၇၅ဝဝဝ မှ ၈ဝဝဝဝ အထိ၊ အရည်အသွေးမြင့် ကွမ်း ချောပိဿာချိန် ၁ဝ လျှင် ငွေကျပ် ၉ဝဝဝဝ အထိ ဈေးရရှိနေကြောင်း ကွမ်းရွက်ဈေးကွက်မှ သိရသည်။

''ကျွန်တော်တို့  ကွမ်းစိုက်ပျိုးတဲ့အခါ ဈေးကွက်ကောင်းချိန်ကို တွက်ချက်ပြီးမှ စိုက်ပျိုးလေ့ရှိပါတယ်။   ကွမ်းစိုက်တာက ပုံမှန်အားဖြင့်  တစ်နှစ်ပတ်လုံး  စိုက်ပျိုးလို့ရပါတယ်။ ကျွန်တော်ကတော့ ဈေးကွက်ကို တွက်ချက်စိုက်တာဖြစ်လို့ စက်တင်ဘာလလောက်မှာ    တစ်ခေါက်စိုက်တယ်။

နိုဝင်ဘာလလောက်မှာ တစ်ခေါက်စိုက်ပျိုးပါတယ်။စိုက်ပျိုးပြီး  နှစ်လခွဲ၊  သုံးလဝန်းကျင်မှာ ကွမ်းစခူးလို့ရပါပြီ''ဟု ဦးကျော်မင်းလှိုင်ကပြောသည်။

ယခုနောက်ပိုင်းကာလများတွင်    လုပ်သားခများနှင့်  ဝါးတိုင်ဈေးနှုန်းများ  မြင့် တက်လာခြင်းကြောင့် ကွမ်းခြံစိုက်ပျိုးကုန်ကျစရိတ်များလည်း အနည်းငယ်မြင့်တက်နေ ကြောင်း သိရသည်။