ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်း ရရှိနေ

ညောင်ဦးမြို့နယ် လက်ပံခြေပေါ် ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေကောင်း ရရှိနေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု   ကျေးရွာများနှင့် ပတ်ဝန်းကျင် ကျေးရွာများ၌ တစ်နှစ်ပတ်လုံး  ပြောင်းဖူးစိုက်ပျိုး ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း   သစ်ထောင့်ကျွန်းကျေးရွာ  ပြောင်းဖူးစိုက်တောင်သူ ဦးမင်းညိုထံမှ သိရသည်။

အဆိုပါ   ပြောင်းဖူးစိုက်ပျိုးသည့် ကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံ ကားလမ်းမကြီး လမ်းဘေးဝဲ/ယာ (ဧရာဝတီတံတား-ပခုက္ကူ)  တောင်ဘက်ခြမ်းတွင်တည်ရှိကာ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ် ခြံမြေစိုက်ပျိုးရေး လုပ်ငန်းများ  လုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်း လုပ်ငန်းကို တစ်နှစ်ပတ်လုံး လုပ်ကိုင်ကြသည်။ ပြောင်းဖူးကို တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း၊ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးနှစ်မျိုး အဓိကထားစိုက်ပျိုးကာ  ကြက်တမော့ (ဒေသအခေါ်) ပြောင်းဖူးလည်း ရံဖန်ရံခါ စိုက်ပျိုးကြသည်။   

အချို့ပြောင်းဖူးစိုက်  တောင်သူများသည်    လက်ပံခြေပေါ်မြစ်ရေတင်ဖြင့်စိုက်ပျိုးကာ     တောင်သူအများစုမှာ မြေအောက်ရေ တူးဖော်စိုက်ပျိုးကြသည်။

ထွက်ရှိလာသည့် ပြောင်းဖူးများကို ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊  ညောင်ဦး၊   မြင်းခြံမြို့တို့မှ  ပြောင်းဖူးပွဲစားများက အခင်းများအထိ  လာရောက်ဝယ်ယူကြကြောင်း၊ တစ်ခေါက်ဝယ်လျှင် ပြောင်းဖူးနှစ်သောင်းမှ   သုံးသောင်းထိ   ကားတစ်စီး အပြည့် ဝယ်ယူလေ့ရှိကြောင်း    ပြောင်းဖူးပွဲစား ဦးဝင်းတင်က ပြောသည်။

မိုးရာသီပြောင်းဖူး စိုက်ပျိုးလျှင် ရက်ပေါင်း ၉ဝ မှသာ ပြောင်းဖူးရရှိပြီး နွေရာသီတွင် ရက်ပေါင်း ၇၅ ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်းသိရကာ တစ်နှစ်လျှင် ပြောင်းဖူး လေးကြိမ်ထိ စိုက်ပျိုးကြကြောင်း၊ ပေါ်သမျှ၊ ထွက်သမျှပြောင်းဖူးများ   ရောင်းချရခြင်းကြောင့်   ဒေသခံတောင်သူများ အနေဖြင့် ပြောင်းဖူးကို တစ်နှစ်ပတ်လုံး  စိုက်ပျိုးကြသည်။

ပြောင်းဖူးတစ်ဖူးလျှင်     ငွေကျပ် တစ်ရာ့သုံးဆယ်ဖြင့်   ရောင်းချနေရပြီး လက်လီလက်ကား    ရောင်းချခြင်းဖြင့် ပြောင်းဖူး စိုက်ပျိုးရောင်းချသူများ  ဝင်ငွေ ကောင်း ရရှိနေကြကြောင်း သိရသည်။