ကြိမ်ထည်ပစ္စည်းများ အရောင်းအဝယ်ကောင်းသဖြင့် ပြုလုပ်ရောင်းချသူများ အဆင်ပြေ

ကြိမ်ထည်ပစ္စည်းများ အရောင်းအဝယ်ကောင်းသဖြင့် ပြုလုပ်ရောင်းချသူများ အဆင်ပြေ

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌ လူသုံးကုန် ကြိမ်ထည်ပစ္စည်းများ ပြုလုပ်ရောင်းချသူများ အနေဖြင့်  ယခုနှစ်တွင် ကြိမ်ထည် လူသုံးကုန်ပစ္စည်းများ  အရောင်း အဝယ်ကောင်း၍ မိသားစုဝင်ငွေ တိုးကာ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

''ကျွန်တော်တို့  ဒီလုပ်ငန်းကို မိရိုးဖလာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လာတာကြာပါပြီ၊ အရင်က ဒီလုပ်ငန်းကို အဓိကမဟုတ်ပေမယ့် နောက်ပိုင်း လူကြိုက်များပြီး မှာယူမှုတွေ ရှိလာတဲ့အတွက် ဆက်လက် လုပ်ကိုင်ဖြစ်နေပါတယ်၊ အခုပြုလုပ် ရောင်းချနေတဲ့ ပစ္စည်းတွေကတော့ ခေါင်းအုံး၊ လက်ဆွဲခြင်း၊ ကလပ်ချီ၊ ဘင်ခုံ၊ ကုလားထိုင်၊ စားပွဲ၊ ဦးထုပ် စတာတွေကို ပြုလုပ်ရောင်းချနေပါတယ်၊ ကုန်ကြမ်းအနေနဲ့ကတော့ ကြိမ်နဲ့ဝါးကို အဓိကအခြေခံပြီး ပြုလုပ်ပါတယ်၊ မိုးရာသီရောက်ရင်တော့  ကုန်ကြမ်းပစ္စည်း ရှာဖွေရ ခက်ခဲတဲ့အတွက် လုပ်ငန်းတွေခဏ ရပ်နားထားပြီး   ပွင့်လင်းရာသီ ရောက်ရင်တော့  လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ပါတယ်'' ဟု လုပ်ငန်းလုပ်ကိုင်သူ ဦးလှမြိုင်က ပြောသည်။

အဆိုပါ လူသုံးကုန်ပစ္စည်းများ ပြုလုပ်နိုင်ရန်အတွက် နဘက်ကြိမ်နှင့် ကုန်းကြိမ် စသည့် ကြိမ်အမျိုးအစားများကို အသုံးပြုရပြီး နဘက်ကြိမ် ရှစ်တောင်အရှည်တစ်လုံးကို ငွေကျပ် ၇ဝဝ နှင့် ကုန်းကြိမ် ရှစ်တောင်အရှည် တစ်လုံးကို ငွေကျပ် ၂ဝဝ ဖြင့် ဝယ်ယူစုဆောင်းကာ ပြုလုပ်ရကြောင်း၊ ကုလားထိုင်တစ်လုံး  ပြုလုပ်မည်ဆိုပါက  နဘက်ကြိမ်သုံးလုံးနှင့် ကုန်းကြိမ် ၂၅ လုံးခန့်ကုန်ကျကာ အချိန်နှစ်ရက်ခန့် ပြုလုပ်ရကြောင်းနှင့် ကြိမ်စားပွဲတစ်လုံး ပြုလုပ်မည်ဆိုပါက   နဘက်ကြိမ်ငါးလုံးနှင့် ကုန်းကြိမ်အလုံး ၄ဝ ခန့်ကုန်ကျကာ အချိန်သုံးရက်ခန့် ပြုလုပ်ရကြောင်း သိရသည်။

လူသုံးကုန်ကြိမ်ထည်ပစ္စည်းများ ရောင်းချသည့်  ဈေးနှုန်းများမှာ ခေါင်းအုံးတစ်လုံးလျှင်  ငွေကျပ် ၃ဝဝဝ၊ ကလပ်ချီ၊ ဘင်ခုံတစ်လုံးလျှင် ငွေကျပ် ၄ဝဝဝ၊ ကုလားထိုင်တစ်လုံးလျှင် ငွေကျပ် ၁၅ဝဝဝ မှ ၃ဝဝဝဝ အထိ အမျိုးအစားများ အလိုက်ဈေးရှိပြီး   ကြိမ်စားပွဲတစ်လုံးလျှင်  ငွေကျပ် ၃၅ဝဝဝ ဖြင့် ရောင်းချရကာ ယခုနှစ်တွင် မှာယူမှုများသည့် အတွက် လုပ်ငန်းများ  အဆင်ပြေကာ   ဝင်ငွေကောင်းလျက် ရှိကြောင်း  သိရသည်။

ဟိုင်းကြီးကျွန်းဒေသထွက် လက်မှုကြိမ်ထည် ပစ္စည်းများအား ဒေသခံများသာမက   အခြားမြို့နယ်များကပါ   စိတ်ဝင်စားစွာ လာရောက်ဝယ်ယူကြသဖြင့် လုပ်ငန်းများ အဆင်ပြေကာ စီးပွားရေး တွက်ခြေကိုက်သည့် လုပ်ငန်းဖြစ်ကြောင်း သတင်းရရှိသည်။