သာဓုကန်စက်မှုဇုန်၌ လျှပ်စစ်ကားများ ထုတ်လုပ်ကာ ရန်ကုန်ကားဈေးကွက် အတွင်း စတင်ထိုးဖောက်

သာဓုကန်စက်မှုဇုန်၌ လျှပ်စစ်ကားများ ထုတ်လုပ်ကာ ရန်ကုန်ကားဈေးကွက် အတွင်း စတင်ထိုးဖောက်

ရန်ကုန်   မတ်   ၄

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ  ကားထုတ်လုပ် သည့်စက်ရုံ၌ တရုတ်နိုင်ငံ၏ နည်းပညာမြင့် လျှပ်စစ်ကား KSDV1-NE2 အမျိုးအစားများကို   ထုတ်လုပ်ကာ ယခုနှစ် မတ်လ ပထမပတ်မှစတင်၍ ရန်ကုန်ကားဈေးကွက်အတွင်း စတင် ထိုးဖောက်လာပြီဖြစ်ကြောင်း အဆိုပါ ကားစက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ Yu Jian Chen ၏ပြောပြချက်အရ သိရသည်။

''မြန်မာနိုင်ငံမှာတော့ ပထမဆုံး ထုတ်လုပ်တယ်လို့ပြောရမှာပါ။   ဈေးအသင့်အတင့်နဲ့ ဝယ်ယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။  မြို့တွင်း၊  မြို့ပြင် မောင်းနှင်နိုင်အောင် နည်းပညာနဲ့  ထုတ်လုပ်ပေးထားပါတယ်။ ဘက်ထရီကို လျှပ်စစ်မီးရှိတဲ့နေရာတွေမှာ  အလွယ်တကူ သွင်းနိုင်ပြီး   ဟိုင်းဝေးရောက်ရင်  လမ်းမှာ ဘက်ထရီအား ရာခိုင်နှုန်းနည်းနေရင် ဆီထည့်ပြီး ကားရဲ့ဘက်ထရီကို Fully Auto- Mate စနစ်နဲ့ အားအမြန်ဖြည့်ပေးနိုင်တဲ့ အင်ဂျင်ပါတဲ့အတွက် ဟိုင်းဝေးတွေမှာလည်း ကောင်းစွာ မောင်းနှင်နိုင်ပါတယ်။   မီးခိုးမထွက်တဲ့ အတွက်  သဘာဝပတ်ဝန်းကျင်ကိုလည်း  ထိန်းသိမ်းပြီးသားဖြစ်ပါတယ်''ဟု Yu Jian Chen ကပြောသည်။

KSDV1-NE2 လျှပ်စစ်ကားသည် တစ်ကြိမ်အားသွင်းပြီး အားပြည့်လျှင် ၈ဝဝ ကီလိုမီတာကို တစ်ဆက်တည်း မောင်းနှင်နိုင်ပြီး တစ်နာရီမိုင်နှုန်း ၇ဝ/၈ဝ ကီလိုမီတာ အထိ မောင်းနှင်နိုင်သည်။ အဆိုပါလျှပ်စစ် ကားသည်  လူငါးဦး စီးနင်းနိုင်ပြီး လမ်းခရီး တွင် ဘက်ထရီအား ပြန်လည်ဖြည့်သွင်းရန် ဓာတ်ဆီအနည်းငယ်သုံးကာ    ကားတွင် ပါသော Electronic Charger Engine Machine 796 CC  အင်ဂျင်မှ  Fully Automate  စနစ်ဖြင့် အားအမြန်ပြန်လည် ဖြည့်သွင်းပေးသည်။ Lithium Battery အမျိုးအစားကို အသုံးပြုထားပြီး ဘက်ထရီ အားအပြည့်သွင်းလျှင် ခြောက်နာရီကြာမြင့်သည်။

ကားများအတွက် အသုံးပြုထားသော ဘက်ထရီကို   အာမခံငါးနှစ် ပေးထားပြီး ထိုကာလအတွင်း ကား၏ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကိစ္စအဝဝကို  စက်ရုံမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို HYBIRO ElectronicVehicle KSDV1-NE2 ကားများသည်   ရန်ကုန်လိုင်စင် YGN-5(S-.....)နံပါတ်များဖြင့်ထွက်ရှိပြီး ငွေကျပ် ၁၁၈  သိန်း  စက်ရုံဈေးဖြင့်  ဝယ်ယူနိုင်သည်။   ဝယ်ယူသူမှာ   မိမိအမည်ပေါက်ဖြင့်လည်း ပြန်လည် ပြောင်းလဲနိုင်ကြောင်း သိရသည်။