ချင်းပြည်နယ်အတွင်းရှိ ဝဥစိုက်တောင်သူများကို ဝဥမျိုးစေ့ပိဿာ ၁၅ဝဝဝ ဖြန့်ဝေပေး

ချင်းပြည်နယ်အတွင်းရှိ ဝဥစိုက်တောင်သူများကို ဝဥမျိုးစေ့ပိဿာ ၁၅ဝဝဝ ဖြန့်ဝေပေး

ချင်းပြည်နယ်တွင် ယခု ၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတွင် ပြည်နယ်အတွင်း ဝဥစိုက်တောင်သူများကို ဝဥမျိုးစေ့ ပိဿာ ၁၅ဝဝဝ ဖြန့်ဝေပေးခဲ့ကြောင်း ချင်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။

ချင်းပြည်နယ်တွင် ဝဥစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် ၂ဝ၂ဝ-၂ဝ၂၁  စိုက်ပျိုးရာသီမှ စတင်၍  သုံးနှစ် စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ၂ဝ၂၁-၂ဝ၂၂ စိုက်ပျိုးရာသီတွင် ဟားခါးခရိုင်၌ ဝဥမျိုးစေ့ ပိဿာ ၃ဝဝဝ၊ ဖလမ်းခရိုင်တွင် ဝဥမျိုးစေ့ပိဿာ ၁ဝဝဝဝ နှင့်  မတူပီခရိုင်တွင် ဝဥမျိုးစေ့ ပိဿာ ၂ဝဝဝ စုစုပေါင်း ဝဥမျိုးစေ့ ပိဿာ ၁၅ဝဝဝ ကို စိုက်ပျိုးမည့် တောင်သူများထံ    ဖြန့်ဝေပေးသည်။

ချင်းပြည်နယ်တွင် ဝဥအဖြူမျိုး၊ အနီမျိုးနှင့် အဝါမျိုးတို့ကို အဓိက စိုက်ပျိုးကြသည်။ ချင်းပြည်နယ်တွင်   ၂ဝ၂ဝ-၂ဝ၂၁   စိုက်ပျိုးရာသီကလည်း  ဝဥစိုက်ပျိုးမည့်  တောင်သူများထံ  ဝဥမျိုးစေ့များ ဖြန့်ဝေပေးပြီး ခရိုင်အလိုက် ဖြန့်ဝေပေးမှုအနေဖြင့်  ဟားခါးခရိုင်တွင် ၉၈၂၉ ပိဿာ၊ ဖလမ်းခရိုင်တွင်  ၂ဝ၇၃၃ ပိဿာ၊ မတူပီခရိုင်တွင် ၃၉၂ဝ ပိဿာနှင့် မင်းတပ်ခရိုင်တွင် ၇၉၄ဝ ပိဿာ စုစုပေါင်း ၄၂၄၂၂ ပိဿာဖြန့်ဝေပေးခဲ့ကြောင်း ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန   ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက ထပ်မံပြောသည်။

ချင်းပြည်နယ်တွင်  ဝဥသည် သဘာဝ ပေါက်ပင်ဖြစ်သော်လည်း ယခုအခါ တူးဖော်မှု များပြားလာသည့်အတွက်  ဝဥမျိုးများရှားပါး လာသဖြင့် လုပ်ကွက်ငယ်တောင်သူများ   နှစ်စဉ်ဝင်ငွေရရှိမှု တိုးတက်လာစေရန်နှင့် ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ကာ  အမြဲတမ်း တောင်ယာစနစ်သို့ ရောက်ရှိစေရန်အတွက် ၂ဝ၂ဝ-၂ဝ၂၁ စိုက်ပျိုးရာသီမှ ၂ဝ၂၂-၂ဝ၂၃ စိုက်ပျိုးရာသီအထိ သုံးနှစ် စီမံချက်ရေးဆွဲကာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။