ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးကြီးမှ နယ်စုံသို့ နေ့စဉ် ရေထွက်ကုန်ပိဿာချိန် သုံးသိန်းခန့် ပုံမှန်အရောင်းအဝယ်ဖြစ်

ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးကြီးမှ နယ်စုံသို့ နေ့စဉ် ရေထွက်ကုန်ပိဿာချိန် သုံးသိန်းခန့် ပုံမှန်အရောင်းအဝယ်ဖြစ်

ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးကြီးမှ နယ်စုံသို့ နေ့စဉ် ရေထွက်ကုန်ပိဿာချိန် သုံးသိန်းခန့် ပုံမှန်အရောင်းအဝယ်ဖြစ်နေ ပြီး လုပ်သားတစ်သိန်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ကြောင်း သိရသည်။

''လက်ရှိမှာ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်မှု အနည်းငယ်ရှိနေပေမယ့် နေ့စဉ် ရေထွက်ကုန်ပိဿာချိန်    သုံးသိန်းကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်သူတွေ ငါးစားသုံးမှု အဆင်ပြေစေဖို့ ရေချို၊ ရေငန်ငါးတွေကို အဓိကရောင်းချ ပေးနေတာဖြစ်ပြီး ရေချိုငါးကိုတော့ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နဲ့  ပဲခူးတိုင်းဒေသကြီးတို့ကနေ တင်သွင်း ပြီး ရေငန်ငါးကိုတော့ တနင်္သာရီတိုင်းဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်တို့ကနေ အများဆုံး တင်သွင်းပါတယ်''  ဟု  ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ   ဈေးများနှင့်  ကုန်စည်ပွဲရုံများဌာန လက်ထောက်ညွှန်ကြားရေးမှူး  ဦးဝေလင်းကပြောသည်။

ရွှေပိတောက်ငါးဈေးကြီးကို   ၂ဝ၁၄ ခုနှစ် ဧပြီ ၂၄ ရက်က ဖွင့်လှစ်ခဲ့ပြီး ဆိုင် ခန်းအနည်းငယ်ဖြင့်သာ အရောင်းအဝယ် ပြုလုပ်ခဲ့ရာမှ ၂ဝ၂ဝ ပြည့်နှစ် ဧပြီ ၂၆ ရက်တွင် ဗဟိုစံပြငါးဈေးကြီးမှ ပျံကျဈေးသည်များကို   ရွှေပိတောက်ငါးဈေးကြီး၌ ပြန်လည်ရောင်းချစေခြင်းဖြင့် ရေထွက်ကုန်  အများဆုံးဝင်ရောက်သည့်  ငါး၊   ပုစွန် ဈေးကြီးတစ်ခုအဖြစ် စည်ကားလာခဲ့သည်။

''အရင်က ရေထွက်ကုန်ပိဿာချိန် နှစ်သောင်းလောက်တောင် အရောင်းအဝယ် မဖြစ်တဲ့ငါးဈေးကြီးက  အခုဆိုရင်  ကုန် ပိဿာချိန် သုံးသိန်းအထိ အရောင်းအဝယ် ဖြစ်လာတဲ့အတွက် ငါးမွေးမြူသူတွေ၊ ကုန် သည်တွေနဲ့  လက်လီလက်ကားရောင်းဝယ် တဲ့ဈေးသည်တွေ အဆင်ပြေလာကြတယ်။ ဒါကြောင့် ဌာနဆိုင်ရာတွေနဲ့ ဈေးသူ ဈေးသားတွေပူးပေါင်းပြီး နိုင်ငံတကာ အဆင့်မီဈေးကြီးအဖြစ် အကောင်အထည် ဖော်နိုင်မယ်ဆိုရင် အများကြီး အကျိုးဖြစ်ထွန်းလာမှာပါ'' ဟု ရွှေပိတောက်ငါးဈေး ကြီးမှ ဈေးသာယာရေး ဥက္ကဋ္ဌ ဦးကျင်စော ကပြောသည်။

ရွှေပိတောက်ငါးဈေးကြီး၌ ဈေးရုံပေါင်း ရှစ်ရုံ၊ ဆိုင်ခန်းပေါင်း ၄၄၄ ခန်းနှင့် ပျံကျ ဆိုင်ခန်းငယ်ပေါင်း ၁ဝဝ ကျော်ရှိပြီး ရေချို၊ ရေငန်ငါးအမျိုးအစား ၂ဝ ခန့်ကို ပြည်တွင်း သာမက  တရုတ်နှင့်  ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သို့လည်း    တင်ပို့နေကြောင်း   သိရသည်။