တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အကြောင်း သိကောင်းစရာ

တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အကြောင်း သိကောင်းစရာ

ယမန်နေ့မှအဆက်

ဆက်လက်ပြီး ပေးထားတဲ့ကွန်တိုမြေပုံဖတ်ရှုရေးသားခြင်း အကြောင်းကို လေ့လာကြရအောင်။

https://www.myawady.net.mm/sites/default/files/gio01.jpg

အထက်ဖော်ပြပါ မြေပုံဒေသသည် သရက်နှင့် အောင်လံမြို့များ၏ ပတ်ဝန်းကျင်ဒေသပုံဖြစ်သည်။ ''က'' အမှတ်အသားသည် ဒေသ၏ အနောက်ဘက်၌ရှိပြီး ''ခ'' အမှတ်အသားသည် ဒေသ၏ အရှေ့ဘက်တွင် ရှိသည်။ ထို့ကြောင့် ''က'' မှ ''ခ'' ဖြတ်ပိုင်းပုံကိုဆွဲကြည့်လျှင် အောက်ပါအတိုင်းတွေ့ရမည်။

https://www.myawady.net.mm/sites/default/files/gio02.jpg

''က''နေရာသည် အမြင့်ပေ ၂ဝဝ အောက်၌ရှိပြီး   အရှေ့ဘက်ရှိ ''ခ''သို့ဆက်ရာ သရက်မြို့၊ ဧရာဝတီမြစ်နှင့် သူ၏ကျွန်းများအား ကွန်တို (၁ဝဝ)ဝန်းကျင်တွင်ဖြတ်သန်းသွားပြီး အောင်လံမြို့မှ (ခ) အမှတ် အသားရှိရာသို့ တဖြည်းဖြည်းမြင့်တက်သွားရာ (ခ)အမှတ်သည် ကွန်တိုအမြင့် (၃ဝဝ)ကျော်တွင် တွေ့ရှိရသည်။

ဆက်လက်၍ ကွန်တိုမြေပုံကိုကြည့်ပြီး ဒေသန္တရပထဝီဝင်အကြောင်းကို ဆွေးနွေးရအောင်

မြေပုံပါဒေသ၏ ရူပပထဝီဝင် တည်နေရာနှင့်အကျယ်အဝန်း

မြေပုံပါဒေသသည် မြောက်လတ္တီကျူ ၁၉°၂ဝဒ မှ ၁၉° ၂၅ဒ နှင့် အရှေ့လောင်ဂျီကျူ ၉၅° ၁ဝဒ မှ ၉၅° ၁၅ဒ အတွင်းတည်ရှိသည်။ ပုံတွင် သရက်မြို့နှင့် အောင်လံမြို့များကို တွေ့ရှိရခြင်းကြောင့် မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိပါသည်။

မြေမျက်နှာသွင်ပြင်နှင့်ရေဆင်း

ပုံတွင် တောင်ကုန်းငယ်များနှင့် လွင်ပြင်ပိုင်းတို့ပါဝင်ပြီး မြေပုံပါဒေသ အများစုသည် မြေမျက်နှာပြင်မညီညာသည့် လွင်ပြင်များဖြစ်ကြပါသည်။

တောင်ကုန်းငယ်များကို ပုံ၏အရှေ့မြောက်ပိုင်းတွင်တွေ့ရပြီး၊ အရှေ့တောင်နှင့် အနောက်မြောက်တွင်လည်း အနည်းငယ်တွေ့ရသည်။ တောင်ကုန်းငယ်များသည် အရှေ့မှအနောက်သို့ သွယ်တန်းနေပြီး ပေ(၅ဝဝ)ကျော် မြင့်သည့်တောင်ကုန်းတစ်ခုကို ပုံ၏အရှေ့မြောက်ပိုင်းတွင်တွေ့ရပါသည်။ အရှေ့ဘက်တွင် ဆင်ခြေလျောမတ်စောက်ပြီး အနောက်ဘက်တွင်ပြေပြစ်သည်။

ပုံတွင် ဧရာဝတီမြစ်၏တစ်ဖက်တစ်ချက်၌ ကွန်တိုမျဉ်းများ ခပ်စိပ်စိပ် တွေ့ရခြင်းကြောင့် မြေမျက်နှာပြင် မညီညာသော လွင်ပြင်များရှိနေပြီး ပုံပါဒေသ၏ ခြောက်ပုံလေးပုံခန့် ကျယ်ဝန်းသည်။

ဧရာဝတီမြစ်သည် မြေပုံပါဒေသ၏ အလယ်တွင် မြောက်မှတောင်သို့ စီးဆင်းနေပြီး မြစ်၏အလယ်တွင် ရဲဘော်ကျွန်းကို တွေ့ရသည်။ အရှေ့ဘက်အောင်လံမြို့အနီးမှ ချောင်းငယ်များစွာနှင့် အနောက်ဘက် သရက်မြို့အနီးမ ှချောင်းငယ်များ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ကြသည်။ ဧရာဝတီမြစ်နှင့်ချောင်းကြီးများသည် ရေအမြဲစီးဆင်းနေသော မြစ်ချောင်းများဖြစ်ကြပြီး ကျန်ချောင်းငယ်များမှာ ရာသီအလိုက်ရေရှိသော ချောင်းများဖြစ်ကြပါသည်။

အောက်ခံကျောက်

မြေပုံပါဒေသသည် ဧရာဝတီမြစ်ဝှမ်း လွင်ပြင်ဒေသဖြစ်သည့် အတွက် အောက်ခံကျောက်မှာ သက်နုကျောက်များဖြစ်နိုင်သည်။

ရာသီဥတု

မြေပုံပါဒေသသည် မြောက်လတ္တီကျူ ၂၃ ၁/၂° အောက်နိမ့်ကာ အမြင့်ပေ ၃ဝဝဝ အောက်ဒေသဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးတွင် တည်ရှိသည့်အတွက် အပူချိန်များသည်။ ပင်လယ်နှင့် ဝေးသောဒေသဖြစ်သည့်အတွက် အပူချိန်ကွာခြားချက်များသည်။ ဧရာဝတီမြစ်အတွင်း သဲသောင်များတွေ့ရခြင်း၊ ပင်လယ်နှင့်ဝေးခြင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း တည်ရှိခြင်းများကြောင့် မိုးနည်းသည့်ဒေသလည်း ဖြစ်သည်။ အပူချိန်များပြီး မိုးနည်းသည့်အတွက် အပူပိုင်းခြောက်သွေ့ရာသီဥတု ရရှိမည်။

သဘာဝပေါက်ပင်                     

အပူပိုင်းခြောက်သွေ့ရာသီဥတု ရှိခြင်းကြောင့် ဆူးချုံတော၊ ထနောင်း စသော ခြောက်သွေ့တောများ ပေါက်နိုင်သည်။

မြေဆီလွှာ                                         

အပူချိန်များပြီးမိုးနည်းသည့် ဒေသဖြစ်သည့်အတွက် တောင်ကုန်းငယ်များပေါ်တွင် မြေနီသဲဝန်း၊ မြေဝါသဲဝန်း မြေဆီလွှာများနှင့် လွင်ပြင်ဒေသတွင် သဲဆန်သောမြေဆီလွှာနှင့် စနယ်မြေများ တွေ့နိုင်ပါသည်။

မြေပုံပါဒေသ၏ လူမှု-စီးပွားရေး ပထဝီဝင်ကို လေ့လာကြည့်လျှင်

လူဦးရေ

မြေပုံပါဒေသသည် မကွေးတိုင်းဒေသကြီး အတွင်းရှိ သရက်၊ အောင်လံမြို့ဝန်းကျင် ဒေသဖြစ်သည့်အတွက် မြို့နှင့်ကျေးရွာများ အများအပြား တွေ့ရခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်ပေါ်တွင် တည်ရှိခြင်းများကြောင့် လူနေများပြီး လူနေသိပ်သည်း သောဒေသဖြစ်သည်။

လူမျိုးနှင့် ကိုးကွယ်သည့်ဘာသာ

မကွေးတိုင်းဒေသကြီး၊ သရက်နှင့်အောင်လံမြို့များ ပတ်ဝန်းကျင် ဒေသဖြစ်၍ ဗမာလူမျိုး အများဆုံးနေထိုင်မည်။ စေတီများတွေ့ရ၍ ဗုဒ္ဓဘာသာအဓိက ကိုးကွယ်ကြသည်။ အခြားဘာသာဝင်များလည်း နေထိုင်ကြမည်။

မြို့ရွာပျံ့နှံ့တည်ရှိမှု

ပုံတွင် သရက်မြို့ကို ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင်တွေ့ပြီး အောင်လံမြို့ကို အရှေ့ဘက်ကမ်းပေါ်တွင် တွေ့ရသည်။ ဒေသအတွင်း ဧရာဝတီမြစ်ကို အသုံးပြုပြီး ရေကြောင်းသွားလာမှု ပြုလုပ်နိုင်ပြီး အောင်လံမြို့သည် ပြည်-တောင်တွင်းကြီး ဆက်သွယ်ထားသော ကားလမ်း၊ ရထားလမ်းပေါ်တွင်တည်ရှိသည်။ ထို့ပြင် ဒေသအတွင်းကျေးရွာများနှင့်လည်း ကားလမ်း၊ ကျောက်ခင်းလမ်း၊ လှည်းလမ်းများ ဆက်သွယ်ထားသည်။

သရက်မြို့နှင့်ကိုးပင် သီးကုန်း၊ မုန်ဇလီ၊ ရေဖြူ၊ စကားလဲ(ကျောင်းစု)၊ စကားလဲ(ရေတွင်းစု)နှင့် ရွာထောင် စသည့် ရွာများသည် ရွာစု၊ ရွာဝိုင်းအနေဖြင့်တွေ့ရပြီး၊ စန်းအိုင်၊ ရဲဘော်ကျွန်းရွာများသည် ရွာတန်းရှည် ပုံသဏ္ဌာန်ရှိကြသည်။

စီးပွားရေးပထဝီဝင်

အဓိကလုပ်ငန်းမှာစိုက်ပျိုးရေးဖြစ်သည်။

စိုက်ပျိုးရေး

အပူချိန်များပြီး မိုးနည်းသည့် ဒေသဖြစ်သည့်အတွက် လွင်ပြင်ပေါ်ရှိယာမြေများပေါ်တွင် နှမ်း၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ငရုတ်နှင့်ပြောင်း စသည့် ယာသီးနှံများ စိုက်ပျိုးကြပြီး လယ်မြေများပေါ်တွင် ရေသွင်းစပါး စိုက်ပျိုးနိုင်သည်။ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများနှင့် မြစ်ကမ်းဘေးများတွင် ကိုင်းကျွန်းသီးနှံများ စိုက်ပျိုးကြမည်။

မွေးမြူရေး

ဒေသစိုက်ပျိုးရေးအတွက် နွားကိုမွေးမြူကြပြီး စားသုံးရန် ကြက်၊ ဝက်၊ ဆိတ်တို့ကို မွေးမြူမည်။

ရေလုပ်ငန်း

ဧရာဝတီမြစ်မှဒေသတွင်း စားသုံးရန် ရေချိုငါးဖမ်းလုပ်ငန်း လုပ်ကိုင်မည်။

သစ်တောထွက်ပစ္စည်းလုပ်ငန်း

ဒေသတွင်းရှိ ရွက်ပြတ်တောများမှ ဒေသသုံး သစ်ထုတ်လုပ်ငန်းရှိမည်။

စက်မှုလုပ်ငန်း

သရက်မြို့တောင်ဘက်ရှိ နိုင်ငံပိုင် ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေများ ထုတ်လုပ်သည်။ အောင်လံမြို့တောင်ဘက်တွင် အမှတ်(၉၆) နိုင်ငံပိုင်သစ်စက်ကို တွေ့ရှိရသည်။ ဒေသတွင်းစိုက်ပျိုးရေး ထုတ်ကုန်များကို အခြေခံသည့် ဆန်စက်၊ ဆီစက်၊ ဝါကြိတ်စက်များကို ဒေသအတွင်း တွေ့နိုင်သည်။ ကျေးရွာများတွင် ရက်ကန်းလုပ်ငန်းများ ရှိနိုင်သည်။

လမ်းပန်းဆက်သွယ်ရေး

အောင်လံမြို့သည် ပြည်မှတောင်တွင်းကြီး၊ မကွေးမြို့များသို့ ဆက်သွယ်ထားသည့် ကားလမ်း၊ ရထားလမ်းများပေါ်တွင် တည်ရှိသည်။ သရက်မြို့သည် ဧရာဝတီမြစ်အနောက်ဘက် ကမ်းပေါ်တွင်တည်ရှိပြီး    ပုသိမ်-မုံရွာကားလမ်းနှင့် ဆက်သွယ်ထားသည်။ ဧရာဝတီမြစ်ကြောင်းမှ လှေ၊ သင်္ဘောများဖြင့်လည်း သွားလာနိုင်သည်။ မြို့များနှင့် ကျေးရွာများကို ကျောက်ခင်းလမ်း၊ လှည်းလမ်းများဖြင့် ဆက်သွယ် သွားလာနိုင်ပါသည်။

ကုန်သွယ်ရေး

ဒေသထွက်ပိုလျှံသော စိုက်ပျိုးရေး ထွက်ကုန်များ၊ ဘိလပ်မြေနှင့် သစ်များကို အခြားဒေသများသို့ တင်ပို့ကြပြီး ဒေသအတွက် လိုအပ်သည့် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါး၊ အဝတ်အထည်များကို ပြန်လည်တင်သွင်းသည်။

မြေပုံပါဒေသရဲ့ ပထဝီဝင်ကို ဖတ်ရှုရေးသားရာမှာ အတွေ့အကြုံလည်း များစွာလိုအပ်တယ်။ ဒါ့ကြောင့် ကွန်တိုမြေပုံအများအပြားကို ကြည့်ရှု

လေ့လာထားရမယ်။ ရေးသားဖြေဆိုရာမှာ ကြောင်းကျိုးဆက်နွှယ် ဖြေဆိုတတ်ဖို့ လိုအပ်တယ်။ မြေပုံပါ အချက်အလက်တွေကိုပဲ ဖြေရမှာဖြစ်လို့ သေချာစွာ လေ့လာဖြေဆိုကြဖို့မှာကြားရင်း ဒီမှာပဲရပ်နားလိုက်ပါတယ်။