စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၂၂-၂ဝ၂၃  စိုက်ပျိုးရာသီတွင် နေကြာဧက လေးသိန်းနီးပါး စိုက်ပျိုးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၂၂-၂ဝ၂၃  စိုက်ပျိုးရာသီတွင် နေကြာဧက လေးသိန်းနီးပါး စိုက်ပျိုးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၂၂-၂ဝ၂၃ စိုက်ပျိုးရာသီတွင် မိုးနေကြာ ၄၁၄၂၇ ဧကနှင့် ဆောင်းနေကြာ ၃၅၁၇၇၃ ဧက စုစုပေါင်း  ဧကလေးသိန်းနီးပါး စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။

ပြည်တွင်းဈေးကွက်တွင် စားအုန်းဆီ၊ မြေပဲဆီ၊  နေကြာဆီ၊  နှမ်းဆီ စသည့်စားသုံးဆီများ  ဈေးနှုန်းမြင့်တက်လျက်ရှိသဖြင့်   ပြည်တွင်းစားသုံးဆီ ဈေးနှုန်း ပုံမှန်ဖြစ်စေရေး  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် အတွက် ဆီထွက် သီးနှံများအနက် ၁ ဧကလျှင်ဆီထွက်မှုနှုန်း အများဆုံးနှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် အနည်းဆုံးဖြစ်သည့်   နေကြာသီးနှံကို ယခုကဲ့သို့တိုးချဲ့ စိုက်ပျိုးရန်စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နေကြာစိုက်ဧကများအတွက် မျိုးဖြန့်ဖြူးပေးနိုင်ရန် ၂ဝ၂၁-၂ဝ၂၂  တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်းနေကြာမျိုးစေ့ထုတ် ဧက ၃၅ဝ နှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မျိုးစေ့ထုတ် ဧက ၂ဝဝ  စုစုပေါင်း မျိုးစေ့ထုတ်ဧက ၅၅ဝ ကို စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်းနှင့် ထိုမျိုးစေ့ထုတ်နေကြာ စိုက်ခင်းများမှ ထွက်ရှိလာမည့် မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များကို တောင်သူများ စိုက်ပျိုးနိုင်ရန်အတွက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂ဝ၂၂-၂ဝ၂၃  မိုးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးမည့် နေကြာစိုက်ခင်းများအတွက် လိုအပ်မည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ရရှိနိုင်ရန် မျိုးစေ့ထုတ် စိုက်ခင်းများအဖြစ် မိုးနေကြာမျိုးစေ့ထုတ် စိုက်ခင်း ဧက ၂ဝဝဝ နှင့် ဆောင်းနေကြာမျိုးစေ့ထုတ် စိုက်ခင်း ဧက ၇ဝဝ  စုစုပေါင်း ဧက ၂၇ဝဝ စိုက်ပျိုး၍ မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း   သိရသည်။