စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ငရုတ်သီးနှံ ၉၄၆၂ ဧက  စိုက်ပျိုးနိုင်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ငရုတ်သီးနှံ ၉၄၆၂ ဧက  စိုက်ပျိုးနိုင်ခဲ့

၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် (၆ လ) ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင် ၁ဝ ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ငရုတ်သီးနှံ ၉၄၆၂ ဧက စိုက်ပျိုး ပြီးစီးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး  စိုက်ပျိုးရေး ဦးစီးဌာနမှ   သိရသည်။

စိုက်ပျိုးပြီးစီးမှုအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ ခရိုင် ၁ဝ ခုနှင့် နာဂကိုယ်ပိုင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး ၂ဝ၂၂ ခုနှစ် မတ် ၁၁ ရက်အထိ ငရုတ်အစိုသီးနှံ စိုက်ခင်း   ၅၂၉၂ ဧကကို လည်းကောင်း၊ ငရုတ်သီးအခြောက် ထုတ်လုပ်ရန် စိုက်ခင်း ၄၁၇ဝ ဧကကိုလည်းကောင်း စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ငရုတ်သီးနှံကို ခရိုင်တစ်ခုချင်းစီ အလိုက် စိုက်ပျိုးပြီးစီးမှု အနေဖြင့် မော်လိုက်ခရိုင် အတွင်း ၉၅ ဧက၊ တမူးခရိုင်အတွင်း ၂၃၂ ဧက၊ ကလေးခရိုင်အတွင်း ဧက ၂၃ဝ၊ ခန္တီးခရိုင်အတွင်း    ၂၁၃ ဧက၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဧက ၅ဝ၊ စစ်ကိုင်းခရိုင်အတွင်း ၂၅၉၈  ဧက၊ မုံရွာခရိုင်အတွင်း ၂၂၇၅ ဧက၊ ယင်းမာပင်ခရိုင်အတွင်း ၁၄၅၄ ဧက၊ ရွှေဘိုခရိုင်အတွင်း ၁၇၄၇ ဧက၊ ကသာခရိုင်အတွင်း ၄၇၂ ဧက၊ ကောလင်းခရိုင်အတွင်း ၉၆ ဧကတို့ကို စိုက်ပျိုးပြီးစီးနေပြီ ဖြစ်ကြောင်း  စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။