၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အထောက်အကူပြု စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အထောက်အကူပြု စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

    ဒီကနေ့ပို့ချမှာတော့ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကြီးမှာ စိတ်ကြိုက်မြန်မာစာ ဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားများအတွက် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဆိုင်ရာ  သိကောင်းစရာများ ဖြစ်ပါတယ်။ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ဟာ မြန်မာစာကို စိတ်ဝင်စားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အထူးသင့်တော်တဲ့ ဘာသာရပ်ဖြစ်ပြီး မြန်မာစာကို အသုံးချစာပေအနေနဲ့ လေ့လာနိုင်ဖို့အတွက် လမ်းခင်းပေးတဲ့ ဘာသာရပ်ဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာ သင်ယူတဲ့ ကျောင်းသူ၊ ကျောင်းသားများတွေဟာ မြန်မာစာကို ခြေခြေမြစ်မြစ် သိရှိလာမှာဖြစ်ပါတယ်။ မြန်မာစာအရေးအသား ပိုမိုကျွမ်းကျင်လာပြီး မြန်မာစာဝေါဟာရ အသုံးအနှုန်းတွေကို ပိုင်ပိုင်နိုင်နိုင် သုံးတတ်လာနိုင်မှာဖြစ်ပါတယ်။ ဒါတင်မက မြန်မာစာပေရဲ့ စကားပြေတွေ၊ ကဗျာတွေကို ဝေဖန်အကဲဖြတ်လာနိုင်ပါမယ်။ ကဗျာဖွဲ့စပ် နည်းတွေကို ကျွမ်းကျင်လာပြီး ကိုယ်တိုင် ရေးစပ်ရာမှာဖြစ်ဖြစ်၊ အခြားသူရေးထားတဲ့ကဗျာတွေကို လေ့လာဆန်းစစ်ရာမှာ ဖြစ်ဖြစ် အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစာပေ သမိုင်းစဉ်ကိုသိရှိပြီး အစဉ်အလာကြီးမားတဲ့ မြန်မာစာပေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်တွေ နိုးကြား တိုးပွားလာမှာဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာ မေးခွန်းလွှာကို မဆွေးနွေးမီ စိတ်ကြိုက်မြန်မာစာ ပြဋ္ဌာန်းစာတွေကို ဦးစွာဖော်ပြပါမယ်။ စိတ်ကြိုက်မြန်မာစာမှာ စာအုပ်(၄)အုပ် ပြဋ္ဌာန်းထားပါတယ်။ အဲဒီစာအုပ်တွေကတော့ မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ်လက်ရွေးစင်၊ သံဝရပျို့၊ မြန်မာကဗျာဖွဲ့နည်းနဲ့ မြန်မာ စာပေသမိုင်းတို့ ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းစာတွေကို ဘယ်လိုလေ့လာသင့်တယ်။ စာမေးပွဲမှာ ဘယ်လိုမေးတယ်ဆိုတာကို ပြဋ္ဌာန်းစာအုပ်တစ်အုပ်ချင်း၊ မေးခွန်းတစ်ပုဒ်ချင်းအလိုက် ဆွေးနွေးပို့ချမှာဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာရဲ့ ပြဋ္ဌာန်းစာအုပ် (၄)အုပ်ကို စာမေးပွဲမေးခွန်း လွှာအနေနဲ့ မေးခွန်းကြီး (၄)ပုဒ် မေးပါတယ်။ မြန်မာဝတ္ထုတိုနှင့် မြန်မာပြဇာတ်တစ်ပုဒ်၊ သံဝရပျို့တစ်ပုဒ်၊ မြန်မာကဗျာဖွဲ့နည်း တစ်ပုဒ်၊ မြန်မာစာပေသမိုင်း တစ်ပုဒ်တို့ဖြစ်ပါတယ်။ (၃)နာရီ မေးခွန်းလွှာဖြစ်ပြီး မေးခွန်း အပုဒ်တိုင်းမှာ ပုဒ်ခွဲများ ပါဝင်ပါတယ်။ ပုဒ်ခွဲတိုင်းမှာလည်း ရွေးချယ်စရာ ပါရှိပါတယ်။ မြန်မာဝတ္ထုတိုနဲ့ မြန်မာပြဇာတ်ပြဋ္ဌာန်း စာအုပ်မှာ မြန်မာဝတ္ထုတိုအနေနဲ့ ကိုလိုနီခေတ်က မျက်မှောက်ခေတ်အထိ စာရေးဆရာတွေရဲ့ ဝတ္ထုတိုတွေနဲ့ မြန်မာပြဇာတ် အပိုင်းမှာလည်း မြန်မာပြဇာတ် ဆရာတွေရဲ့ မြန်မာပြဇာတ်တွေကို လေ့လာရမှာဖြစ်ပါတယ်။

ဝတ္ထုတိုကိုလေ့လာတဲ့အခါ ဝတ္ထုတိုရဲ့ သဘောသဘာဝကို ကောင်းစွာ သိထားသင့်ပါတယ်။ ဝတ္ထုဆိုတာ လူအကြောင်း လောကအကြောင်းကို စာရေးသူရဲ့ စိတ်ကူးဉာဏ်နဲ့ ဖန်တီးရေးဖွဲ့ထားတဲ့ ရသစာပေတစ်မျိုး ဖြစ်ပါတယ်။ ဝတ္ထုမှာ ဝတ္ထုရှည်နဲ့ ဝတ္ထုတိုနှစ်မျိုး ရှိပါတယ်။ ဝတ္ထုရှည်ကတော့ ဇာတ်အိမ်ကြီးကြီးမားမားနဲ့ ရှည်ရှည်လျားလျား ရေးဖွဲ့တဲ့ဝတ္ထုမျိုးဖြစ်ပြီး ဝတ္ထုတိုကတော့ စာဖတ်သူ တစ်ထိုင်တည်းနဲ့ဖတ်နိုင်အောင် တိုတိုရေးဖွဲ့ထားတဲ့ စာပေမျိုးဖြစ်ပါတယ်။

ဝတ္ထုရေးဆရာက သူ့ဝတ္ထုမှာ စာဖတ်သူကို အာရုံကျက်စားစေလိုတဲ့ သဘောတစ်ရပ်၊ အချက်တစ်ချက် တစ်နည်းအားဖြင့် သူ့ရဲ့အာဘော်တစ်ခုခု ကို တစ်ကွက်ကောင်း၊  တစ်ချက်ကောင်းနဲ့ ဖန်တီးရေးဖွဲ့လေ့ရှိပါတယ်။

ဝတ္ထုတိုမှာ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံဆိုတဲ့ အခြေခံအင်္ဂါရပ်တွေ ပါရှိပါတယ်။ ဝတ္ထုတိုတွေကို လေ့လာရာမှာ ဒီအခြေခံအင်္ဂါရပ်တွေပေါ် မူတည်ပြီး ဝတ္ထုရဲ့အာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ ကာလဒေသနောက်ခံ ဖန်တီးပုံ၊ အရေးအဖွဲ့၊ ရသနဲ့ အသိအမြင်ဆိုတဲ့ အစီအစဉ်တွေနဲ့ လေ့လာရမှာဖြစ်ပါတယ်။

ဝတ္ထုအာဘော်ဆိုတာကတော့ ဝတ္ထုကိုရေးသူရဲ့ ဆိုလိုချက်ဖြစ်ပါတယ်။ ဝတ္ထုတိုရေးဆရာရဲ့ ရည်ရွယ်ချက်လို့လည်း ဆိုနိုင်ပါတယ်။ ဝတ္ထုတိုရေးသူဟာ ဝတ္ထုတိုမှာ မိမိရဲ့ဆိုလိုချက်(အာဘော်)ကို ပေါ်လွင်အောင် ရေးဖွဲ့လေ့ရှိပါတယ်။ စာဖတ်သူအနေနဲ့လည်း ဝတ္ထုတိုတစ်ပုဒ် ဖတ်ပြီးသွားတဲ့အခါ ဝတ္ထုတိုရေးဆရာဟာ ဘာကိုဆိုလိုတယ်၊ သူ့ဝတ္ထုဟာ ဘာကိုပြောချင်တယ်၊ ဒီဝတ္ထုတိုရဲ့ရည်ရွယ်ချက်ဟာ ဘာဖြစ်တယ်ဆိုတဲ့ ဆိုလိုချက် (အာဘော်)ကို နားလည်သွားမြဲဖြစ်ပါတယ်။

ဇာတ်လမ်းဖန်တီးပုံ ဆိုတာကတော့ ဇာတ်လမ်းဖြစ်ရပ်တွေကို ဖန်တီးတဲ့နေရာမှာ သူ့ဘက် ကိုယ့်ဘက် အားပြိုင်မှုတွေကို ဖန်တီးတာ၊ ဖြစ်ရပ်တွေကို ကြောင်းကျိုးဆက်စပ်ပြတာ၊ ရှေ့ပိုင်းမှာ မြှုပ်ထားတဲ့ မြှုပ်ကွက်တွေကို နောက်ပိုင်းမှာ ပြန်ဖော်လိုက်တာ၊ နောက်ပိုင်းမှာဖြစ်လာမယ့် ဖြစ်ရပ်တွေကို ရှေ့ပိုင်းမှာ ကြိုတင်အရိပ်နိမိတ်ခင်းပြတာ စတဲ့ အတတ် ပညာတွေနဲ့ ဇာတ်လမ်းတစ်ပုဒ် နှစ်သက်စိတ်ဝင်စားဖွယ် ဖြစ်အောင် ဖန်တီးတာကို ဆိုလိုတာဖြစ်ပါတယ်။

ဇာတ်ဆောင်ဖန်တီးပုံဆိုတာကတော့   ဇာတ်လမ်းမှာပါဝင်ရတဲ့ ဇာတ်ဆောင်တွေကို အသက်ဝင်လာအောင် စရိုက်သဘာဝထင်ရှားလာ အောင် ဖန်တီးရေးဖွဲ့တာကို ဆိုလိုခြင်းဖြစ်တယ်။ ဇာတ်ဆောင်ဖန်တီးရာမှာ ဇာတ်ဆောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်သဘာဝ ပေါ်လွင်လာအောင် ဇာတ်ဆောင်တွေရဲ့ ပုံပန်းသွင်ပြင်၊ အပြုအမူ၊ အပြောအဆို၊ ဇာတ်ဆောင်အချင်းချင်း ပြောဆိုပြုမူပုံတွေနဲ့ ပုံဖော်ဖန်တီးလေ့ရှိပါတယ်။ ဇာတ်ဆောင်တွေရဲ့ ကံသုံးပါးအမူအရာလို့ ဆိုအပ်တဲ့ ကိုယ်နှုတ်နှလုံးသုံးပါး အမူအရာကို ပေါ်လွင်အောင်ရေးဖွဲ့တာဟာ ဇာတ်ဆောင်ဖန်တီးပုံပါပဲ။

နောက်ခံဖန်တီးပုံဆိုကတော့ ဇာတ်လမ်းဖြစ်ပျက်ရာ နောက်ခံအချိန်ကာလနဲ့ နေရာဒေသတွေကို ဖန်တီးရေးဖွဲ့ခြင်းဖြစ်တယ်။ ဝတ္ထုတိုရေးသူဟာ ဒီနောက်ခံအကြောင်းအချက်တွေကို ဝတ္ထုတိုရေးတဲ့ခေတ်အခြေအနေ၊ စာရေးဆရာကျင်လည်တဲ့ လူမှုဝန်းကျင်အခြေအနေတွေနဲ့ ထင်ဟပ်ပြီး ဖန်တီးရေးဖွဲ့လေ့ရှိပါတယ်။

ဝတ္ထုတိုရဲ့ အရေးအဖွဲ့ပိုင်းကို လေ့လာရာမှာတော့ စာရေးသူရဲ့ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ နောက်ခံတို့ပေါ်လွင်အောင် စကားသုံးနှုန်းပုံ၊ ဝါကျဖွဲ့ပုံ၊ အလင်္ကာ၊ အဆင်တန်ဆာ သုံးပုံတို့ကို လေ့လာရမှာဖြစ်ပါတယ်။

ဝတ္ထုတိုကပေးတဲ့ရသနဲ့ အသိအမြင်ဆိုတာကတော့ ဝတ္ထုတိုတစ်ပုဒ်ကို ဖတ်ပြီးတဲ့နောက် စာဖတ်သူစိတ်ထဲ ဘယ်လိုနှစ်သက်မှုမျိုး ခံစားရပြီး ဘယ်လိုသင်ခန်းစာ၊ ဘယ်လိုဘဝ အသိအမြင်မျိုးရတယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဝတ္ထုတိုမှာ ဒီအချက်ဟာ အရေးပါတဲ့ အလျောက် ဝတ္ထုတို လေ့လာသူတစ်ယောက်အနေနဲ့ ဒီအချက်ကိုလည်း အလေးထားရမှာဖြစ်တယ်။

ဝတ္ထုတိုလေ့လာမှုအနေနဲ့ တက္ကသိုလ်မြစိမ်းရဲ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်တဲ့ ငှက်ပျောသီး ဝတ္ထုတိုကို သာဓကအဖြစ် လေ့လာပြပါမယ်။

ဒီဝတ္ထုတိုဟာ လူ့သဘော လူ့သဘာဝကို ဖော်ကျူးလိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်ပါတယ်။ လူတွေဟာ အခြေအနေ ပြောင်းလဲမှုကိုလိုက်ပြီး စိတ်ပြောင်းလဲတတ်တာနဲ့အမျှ အပြုအမူဟာလည်း ရုတ်တရက်ပြောင်းသွားတတ်တယ်၊ အခြေအနေ မြင့်မားလာချိန်မှာ ယခင်နိမ့်ကျခဲ့သည့်ဘဝကို မေ့ပစ်တတ်တဲ့ လူ့သဘော လူ့သဘာဝကို သတိပြုမိစေလိုတဲ့ စာရေးသူရဲ့အာဘော်ကို တွေ့ရမှာဖြစ်ပါတယ်။

ဒီအာဘော်ကို ပေါ်လွင်စေဖို့ စာရေးသူရဲ့မိတ်ဆွေဖြစ်တဲ့ မညွန့်ရီနဲ့ မညွန့်ရီရဲ့ လုပ်ဖော်ကိုင်ဖက် ကိုတင်မောင်တို့ရဲ့ သံယောဇဉ်ဖြစ်ရပ် ကလေးဖြင့် ဇာတ်လမ်းဆင်ကာ၊ ဘဝအခြေအနေ မြင့်မားလာတဲ့အခါ ကိုတင်မောင်ရဲ့ပြောင်းလဲသွားတဲ့ စိတ်အမူအရာ၊ ကိုယ်အမူအရာတွေနဲ့ ဇာတ်လမ်းဖန်တီး ထားပါတယ်။ သူတို့နှစ်ဦး ဘဝနိမ့်ကျခဲ့စဉ် အခါက နေ့လယ်ခင်း အဆာပြေသရေစာအဖြစ် ငှက်ပျောသီး ဝယ်စားခဲ့ပုံကလေးများဖြင့် ဖြစ်ရပ်စဉ်ချိတ်ဆက်ပြီး ရေးဖွဲ့ထားတယ်။

ဒီဝတ္ထုတိုမှာ အဓိကဇာတ်ဆောင်ကတော့ လက်နှိပ်စက်စာရေးမကလေး မညွန့်ရီနဲ့ အထက်တန်းစာရေး ကိုတင်မောင်တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နေ့လယ်နေ့ခင်း အခြားရုံးဝန်ထမ်းတွေ လက်ဖက်ရည်သောက်ချိန်၊ မုန့်စားချိန်တွေမှာ ငှက်ပျောသီး ဝယ်စားခြင်းနည်းဖြင့် ချွေတာခဲ့ကြပြီး ဘဝတက်လမ်းကို ရှာဖွေခဲ့ကြရပါတယ်။ တစ်ဦးနဲ့တစ်ဦးလည်း သံယောဇဉ် ငြိတွယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဘဝအောင်မြင်မှုတွေရရှိလာကြတဲ့အချိန်မှာ မညွန့်ရီကတော့ ဘဝကိုမမေ့ဘဲ အလုပ်ကိုလည်း ဆက်လက်ကြိုးစား ငှက်ပျောသီးကိုလည်း ဆက်လက်ဝယ်စားနေဆဲဖြစ်ပေမယ့် ကိုတင်မောင်ကတော့ ဝန်ထောက်ဘဝသို့ရောက်ရှိပြီး  ရက်ကန်းရုံပိုင်ရှင်သမီးနှင့်လည်း အိမ်ထောင်ကျသွားကာ ငှက်ပျောသီးကိုမေ့သွားပုံဖြင့် လှပတဲ့ နိမိတ်ပုံကလေးဖြင့် ဇာတ်ဆောင်တို့ရဲ့စရိုက် အမူအရာကို ပေါ်လွင်စွာ ရေးဖွဲ့ထားပါတယ်။

ကာလဒေသနောက်ခံအနေနဲ့ကတော့ ရန်ကုန်မြို့လယ် အတွင်းဝန်များရုံးခွဲတစ်ခုရဲ့ နေ့လယ်နေ့ခင်း လက်ဖက်ရည်သောက်ချိန် ကလေးများပဲဖြစ်ပါတယ်။ အများသူငါ လက်ဖက်ရည်သောက်ချိန်၊ ကိတ်မုန့်စားချိန်များမှာ လက်ဖက်ရည်မသောက်၊ ကိတ်မုန့်မစားနိုင်ရှာတဲ့ အောက်ခြေရုံးဝန်ထမ်းတို့ရဲ့ဘဝကို ငှက်ပျောသီးဝယ်စားရပုံ ဖြစ်ရပ်ကလေးများနဲ့ သရုပ်ဖော်ပြီး ကာလနောက်ခံ၊ ဒေသနောက်ခံ၊ လူမှုနောက်ခံတွေကို ဖန်တီးတင်ပြထားခြင်းဖြစ်ပါတယ်။

ဒီဝတ္ထုရဲ့ အရေးအဖွဲ့ပိုင်းကို လေ့လာရာမှာတော့ ဇာတ်ဆောင်အချင်းချင်း အပြန်အလှန်ပြောစကားတွေ၊ လွယ်ကူရှင်းလင်းတဲ့ စကားသုံးတွေ၊ ဖျတ်လတ်သွက်လက်တဲ့ ရေးဟန်တွေ၊ ပေါ်လွင်ထိမိတဲ့ စကားလုံးတွေနဲ့ ရေးဖွဲ့ထားပုံတွေကို ဖော်ထုတ်လေ့လာရမှာဖြစ်ပါတယ်။ ရေးဟန်အနေနဲ့ကတော့ စာဖတ်သူကို စာရေးသူရှုထောင့်က ဝင်ကြည့်ခိုင်းတဲ့ ရေးဟန်မျိုးဖြစ်တယ်။

ရသနဲ့ အသိအမြင်ပိုင်းမှာတော့ လူငယ်သဘာဝကို နှစ်သက်ကြည်နူးစိတ် ဖြစ်ပေါ်လာစေတဲ့ရသကို ပေးစွမ်းနိုင်တယ်။ အောက်ခြေရုံးဝန်ထမ်းတို့ရဲ့ဘဝကို စာနာသနားတဲ့ ကရုဏာရသကို အပြည့်အဝ ခံစားမိရနိုင်ပါတယ်။ သရေစာအဖြစ် ငှက်ပျောသီးကိုသာ စားနိုင်တဲ့ဘဝကနေ ကိတ်မုန့် စားနိုင်တဲ့ဘဝရောက်တဲ့အခါ ငှက်ပျောသီးအတူတူစားခဲ့တဲ့ ငယ်ချစ်ကို ပစ်ထားခဲ့ပြီး ကိတ်မုန့်စားနိုင်တဲ့သူနဲ့ ဆက်လက် လက်တွဲသွားခဲ့တဲ့ ဇာတ်ဆောင် ကိုတင်မောင်အပေါ် စက်ဆုပ်ရွံရှာတဲ့ခံစားမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ချစ်သူရဲ့စွန့်ပယ်ခြင်းခံခဲ့ရတဲ့ မညွန့်ရီကိုလည်း စာနာသနားစိတ် ခံစားရပါတယ်။ အဲဒီလိုခံစားမိရင်း လူ့စိတ်လူ့သဘောဆိုတာ ဒီလိုပါလားဆိုတဲ့ အသိအမြင်ကို ရရှိစေတယ်။ ဘဝအခြေအနေကိုလိုက်ပြီး အပြုအမူ ပြောင်းလဲတတ်တဲ့ လူ့သဘောကို သိမြင်လာစေပါတယ်။

စိတ်ကြိုက်မြန်မာစာမေးခွန်းမှာ မြန်မာဝတ္ထုတိုကို မေးခွန်းနံပါတ် ၁ (က)အနေနဲ့ မေးပါတယ်။ မေးခွန်းအနေနဲ့ အထက်မှာတင်ပြခဲ့တဲ့ လေ့လာမှုအတိုင်း မေးတာဖြစ်လို့ အထက်မှာတင်ပြခဲ့တဲ့ လေ့လာမှုအတိုင်း လေ့လာထားမယ်ဆိုရင် အခက်အခဲမရှ ိဖြေဆိုနိုင်မှာဖြစ်ပါတယ်။

၁ (က)မှာ ဝတ္ထုတိုနှစ်ပုဒ်မေးထားတာဖြစ်လို့ ရွေးချယ်စရာ ပါဝင်မှာဖြစ်ပါတယ်။

သာဓကအနေနဲ့- သော့တွဲနှင့် နတ်ရုပ်ဝတ္ထုတိုမှ ကိုချိပ်၏စရိုက်ကို ဖော်ပြပါ။ (သို့မဟုတ်) ငှက်ပျောသီးဝတ္ထုတို၏ ရည်ရွယ်ချက်ကိုဖော်ပြ၍ ရည်ရွယ်ချက်ကို ပေါ်လွင်အောင် မည်သို့ဇာတ်လမ်းဖွဲ့ထားသည်ကို တင်ပြပါ။ ဆိုတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ ပေးမှတ်ကတော့ (၁ဝ)မှတ် ဖြစ်ပါတယ်။

မြန်မာဝတ္ထုတိုနဲ့ မြန်မာပြဇာတ် ပြဋ္ဌာန်းစာအုပ်ရဲ့ ပြဇာတ်အပိုင်းကိုတော့ မေးခွန်း ၁  (ခ) အဖြစ် မေးပါတယ်။ ဒီနှစ်အတွက် ရွေးချယ်ပြဋ္ဌာန်းထားတဲ့ ပြဇာတ်(၂)ပုဒ်သာရှိတဲ့အတွက် ဒီပြဇာတ် (၂)ပုဒ်ကိုပဲ ရှုထောင့်အမျိုးမျိုးနဲ့ မေးမှာဖြစ်ပါတယ်။ ပြဇာတ်ဆိုတာ ကပြသရုပ်ဆောင်နိုင်အောင် ရေးဖွဲ့တဲ့ စာပေမျိုးဖြစ်တယ်။ ပြဇာတ်တစ်ပုဒ်ကို လေ့လာတဲ့အခါမှာလည်း ဝတ္ထုတိုလေ့လာတုန်းကလိုပဲ ပြဇာတ်ရဲ့အာဘော်၊ ဇာတ်လမ်းဖန်တီးပုံ၊ ဇာတ်ဆောင်ဖန်တီးပုံ၊ နောက်ခံနဲ့ပြဇာတ် အရေးအဖွဲ့တို့ကို လေ့လာရမှာဖြစ်တယ်။ ပြဇာတ်အာဘော်ဆိုတာ ပြဇာတ်ဆရာရဲ့ ဆိုလိုချက်ဖြစ်တယ်။ ပြဇာတ်ဇာတ်လမ်းကို ဇာတ်ဆောင်ပြောစကားတွေနဲ့ ဖန်တီးရတယ်။ ဒီအချက်တွေနဲ့ ပြဇာတ်ကို ချိန်ထိုးလေ့လာကြရမယ်။

သာဓကအနေနဲ့ မြန်မာစာပရိုဂရက်(စ်)ဖြစ်ဖို့ ပြဇာတ်ကို လေ့လာတင်ပြပါမယ်။ ဒီပြဇာတ်မှာ မြန်မာစာပြဆရာတွေဟာ မိခင်မြန်မာစကား ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်ပင်ဆွေးနွေးကြတဲ့အခါ လူအထင်ကြီးဖို့ အင်္ဂလိပ်စကားကို  ဖောဖောသီသီသုံးနေပုံကို  သရော်လိုတဲ့ ရည်ရွယ်ချက်ကို တွေ့ရမှာဖြစ်ပါတယ်။

ဒီရည်ရွယ်ချက်ကို ပေါ်လွင်စေဖို့အတွက် ပြဇာတ်အစမှ အဆုံးထိ ဇာတ်ဆောင်တွေရဲ့ အပြန်အလှန်ပြောစကားတွေမှာ မလိုအပ်ဘဲ အင်္ဂလိပ်စကားလုံးတွေကို မြန်မာစကားနဲ့ တွဲစပ်သုံးနေပုံကို ဇာတ်ဆောင်တွေရဲ့ စရိုက်ပေါ်လွင်အောင် ရေးဖွဲ့ထားတယ်။ ပြဇာတ်တစ်ပုဒ်လုံးမှာ အင်္ဂလိပ်လို ညှပ်ပြောရမှ ဂုဏ်ရှိတယ်။ အဆင့်မြင့်တယ်လို့ ထင်နေကြတဲ့ မြန်မာစာပြဆရာတွေရဲ့ အဆီအငေါ်မတည့်တဲ့ အမူအကျင့် စရိုက်သဘာဝကို သရော်လှောင်ပြောင်ထားတယ်။ အပြောနဲ့လက်တွေ့ ကွာခြားတတ်တဲ့ လူ့သဘော လူ့သဘာဝကို သိမြင်လာစေတယ်။

ပြဇာတ်ရဲ့ နောက်ခံကာလဒေသကိုတော့ ပြဇာတ်ဆရာရဲ့ ဇာတ်ညွှန်းစကားတွေက တစ်ဆင့် ဖော်ထုတ်ရမှာဖြစ်ပါတယ်။ အရေးအဖွဲ့မှာတော့ ပြဇာတ်ဆရာရဲ့ အမြင်မတော်၊ အကြားမတော်တဲ့ ကိစ္စရပ်တွေကို ထေ့သံ၊ သရော်သံတွေနဲ့ ဟာသမြောက်အောင် ဇာတ်ညွှန်းစကားတွေနဲ့ ရေးဖွဲ့ထားတာကို လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။

ပြဇာတ်မေးခွန်း အနေနဲ့တော့ ဝတ္ထုတိုမေးခွန်းမှာလိုပဲ ရည်ရွယ်ချက်နဲ့ ရည်ရွယ်ချက်ရောက်အောင် ရေးဖွဲ့ထားပုံတွေ၊ ဇာတ်ဆောင်စရိုက်တွေ၊ ဘဝအသိအမြင်တွေ စတာတွေကိုပဲ မေးလေ့ရှိပါတယ်။ ပြဇာတ်မေးခွန်း ဖြေဆိုရာမှာ အရေးအကြီးဆုံး အချက်ကတော့ မေးခွန်းကို အသေအချာဖတ်ပြီး မေးခွန်းနဲ့ အံဝင်ခွင်ကျဖြစ်အောင် မိမိကိုယ်ပိုင် အရေးအသား အတင်အပြနဲ့ ဖြေဆိုဖို့ပဲဖြစ်ပါတယ်။ ပေးမှတ်(၁၅)မှတ်ဖြစ်ပါတယ်။

မေးခွန်း(၂)ကတော့ သံဝရပျို့မေးခွန်းဖြစ်တယ်။ သံဝရပျို့ကို အင်းဝ ခေတ်မှာ စာဆိုရှင်မဟာရဋ္ဌသာရက ဖွဲ့ဆိုခဲ့တယ်။ ငါးရာ့ငါးဆယ် နိပါတ်တော်မှာပါရှိတဲ့ သံဝရဇာတ်တော်ကိုရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ မူရင်း ပျို့စာမှာ စာကိုယ်ပိုဒ်ရေ (၁၈၉)ပိုဒ်၊ နိဂုံးပိုဒ်ရေ (၄)ပိုဒ် စုစုပေါင်း(၁၉၃) ပိုဒ်ပါရှိပေမယ့် ကျောင်းသားများအတွက်

အပိုဒ်(၁)မှ (၇၁)ထိကိုပဲ ရွေးချယ်ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒီနှစ်အတွက် အပိုဒ်(၁)မှ (၂၈)အထိပဲ လေ့လာကြရမှာပါ။

    ဒီပျို့ကို ရေးချိန်မှာ ဆရာတော်ဟာ အသက်(၆ဝ)ဝန်းကျင် ဘဝအတွေ့အကြုံနဲ့ စာပေအသိ အမြင်စုံလင် ကြွယ်ဝတဲ့အရွယ်ကို ရောက်နေပြီဖြစ်လို့ ဒီပျို့ကို ရေးတဲ့အခါမှာ စာဖတ်သူ အလိမ္မာတိုး စရာ အကြောင်းအရာတွေများစွာ ပါဝင်လာပါတယ်။ အရေးအဖွဲ့၊ အကြောင်းအရာ၊အနှစ်သာရ အလွန်ထူးခြားတဲ့ ပျို့တစ်စောင်ဖြစ်ပါတယ်။

  သံဝရပျို့ကို လေ့လာတဲ့အခါမှာ သံဝရပျို့ဖတ်စာအုပ်နိဒါန်းမှာပါရှိတဲ့ ပျို့လေ့လာနည်း တွေကို အသေအချာ၊ ဖတ်ရှုလက်စွဲပြုပြီးတော့ လေ့လာရမှာဖြစ်ပါတယ်။ ပျို့ကို လေ့လာရာမှာ အကြောင်းအရာ၊ အရေးအဖွဲ့၊ အသုံးအနှုန်းဆိုပြီး ကဏ္ဍသုံးခုခွဲပြီး လေ့လာသင့်ပါတယ်။

     သံဝရပျို့လာ အကြောင်းအရာတွေကို ဖတ်စာအုပ်နိဒါန်းမှာ အကျဉ်းမျှ ခွဲပြထားပါတယ်။

     အကြောင်းအရာလေ့လာရာမှာ အခန်းအလိုက်ပါဝင်တဲ့ အကြောင်းအရာတွေကို ကဏ္ဍခွဲပြီး လေ့လာသင့်ပါတယ်။ အကြောင်းအရာတွေကို ကဏ္ဍခွဲကြည့်မယ်ဆိုရင်-

    (၁) မြတ်စွာဘုရားဟောရခြင်းအကြောင်း

    (၂) သားတော်ကြီးများ ဇနပုဒ်အသီးသီးရခြင်း

    (၃) ဆရာအမတ်နှင့် ပထမအကြိမ်တိုင်ပင်ခြင်း

    (၄) ခမည်းတော်နှင့် သံဝရမင်းသားပြောဆိုခြင်း

    (၅) ဆရာအမတ်နှင့် ဒုတိယအကြိမ်တိုင်ပင်ခြင်း

    (၆) ဆရာအမတ်နှင့် တတိယအကြိမ်တိုင်ပင်ခြင်း

ဆိုပြီးတော့ ခွဲခြားနိုင်ပါတယ်။

          သံဝရပျို့ကို အခန်းလိုက်သာမက ဇာတ်ဆောင် တစ်ဦးချင်းအလိုက်လည်း လေ့လာရပါမယ်။ ဇာတ်ဆောင်တွေရဲ့စရိုက်ကို လေ့လာတဲ့အခါမှာ သူတို့ရဲ့ စိတ်နေသဘောထား၊ ပြုမူပြောဆိုပုံ၊ အရည်အသွေးတွေကို လေ့လာဖို့ လိုပါတယ်။ ဒီပျို့မှာ အဓိကဇာတ်ဆောင်သုံးဦးကို တွေ့ရပါမယ်။ ဗြဟ္မဒတ် မင်းကြီး၊ အမတ်ကြီးနှင့် သံဝရမင်းသားတို့ဖြစ်ပါတယ်။ ဒီဇာတ်ဆောင်သုံးဦးရဲ့ စိတ်နေသဘောထား၊ ပြုမူပြောဆိုပုံနဲ့ အရည်အသွေးတွေကို မိမိရဲ့ အရေးအသားနဲ့ ပြန်ရေးနိုင်အောင် လေ့ကျင့်ထားရမှာ ဖြစ်ပါတယ်။

          အဲဒါတွေအပြင် ပျို့မှာပါရှိတဲ့ ဥပမာအလင်္ကာအဖွဲ့တွေ၊ ရူပကအလင်္ကာအဖွဲ့တွေ၊ အနက် အဓိပ္ပာယ်ပြည့်ဝပြီး အဖွဲ့အစပ် ပြေပြစ်လှပတဲ့အဖွဲ့ကောင်းတွေ၊ စကားပုံတွေ၊ ဆိုရိုးစကားတွေ စတာတွေရဲ့ အနက်အဓိပ္ပာယ်တွေကိုလည်း အသေးစိတ် ရှင်းပြတတ်ရပါမယ်။ ပြေပြေပြစ်ပြစ် ပြန်လည် ရှင်းလင်းဖြေဆိုနိုင်ရပါမယ်။

သာဓကအနေနဲ့-

          'ယောက်ကျားတကာ၊ တတ်စရာ၌၊ လိမ္မာမပွန်၊ အရွယ်လွန်မူ၊ ရွှေဟန်ဆင်းရောင်၊ ဟင်္သာ ဘောင်တွင်၊ အတောင်ဖြူကာ၊ ဗျိုင်းပမာသို့' ဆိုတဲ့ ဥပမာအလင်္ကာကို ဖြေကြည့်ပါမယ်။ယောက်ကျားတိုင်း တတ်သင့်တတ်အပ်သော တစ်ဆယ့်ရှစ်ရပ်သော အတတ် (အဋ္ဌာရသ)တို့ကို ငယ်စဉ်အခါကာလ တွင် တတ်မြောက်ကျွမ်းကျင် လိမ္မာအောင် မလေ့လာမဆည်းပူးခဲ့လျှင် အသက်အရွယ် ကြီးရင့်လာသောအခါ ပညာရှိတို့အလယ်၌ မတင့်မတယ် ဖြစ်တတ်တယ်၊ မဝင်ဆံ့ဖြစ်တတ်တယ်လို့ ဆိုလို ကြောင်း အပြည့်အစုံ ဖြေပြရပါမယ်။

          သံဝရပျို့မှာ ပျို့စာသားများကနေ ဆိုရိုးစကားဖြစ်လာတဲ့ အဖွဲ့အနွဲ့များလည်း များစွာပါဝင် ပါတယ်။ သာဓကအနေနဲ့ 'တစ်ယောက်ချမ်းသာ၊ ကိုယ့်ဖို့ရှာ၍၊ သတ္တဝါအပေါင်း ဆင်းရဲကြောင်း' ဆိုတဲ့ အဖွဲ့တွေ 'အငယ်တည်းက၊ မဆုံးမသော်၊ မိဘတလည်၊ ရန်သူမည်' ဆိုတဲ့ အဖွဲ့တွေဟာ မြန်မာလူမှု နယ်ပယ်မှာ ဆိုရိုးစကားအဖြစ်နဲ့ အသုံးတွင်ကျယ်နေပါပြီ။

     နောက်လေ့လာရမယ့် အချက်တစ်ချက်ကတော့ ပျို့လာ အသုံးအနှုန်းစကားလုံးများ ဖြစ်ပါတယ်။ သံဝရပျို့ဟာ အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့တဲ့ ပျို့ဖြစ်တဲ့အတွက်ကြောင့် အင်းဝခေတ်သုံး စကားလုံးများကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် ရှေးသုံးစကားလုံးများ ပါဝင်နေတာကို တွေ့ရပါ တယ်။ ဒီစကားလုံးတွေကို လေ့လာရတာ အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။

          နမူနာအနေနဲ့ 'စိုက်စိုက်'၊ 'စင်းလျဉ်း'၊ 'ယဉ်မိန်း'၊ 'အုတ်ထွေ'၊ 'တုံ့ပယ်' ဆိုတဲ့ စကားလုံး တွေကို လေ့လာကြည့်မယ်ဆိုရင်-

          'စိုက်စိုက်'ဆိုတာ စူးစူး၊ ဖြောင့်ဖြောင့်

          'စင်းလျဉ်း'ဆိုတာ အဆက်မပြတ်

          'ယဉ်မိန်း'ဆိုတာ သိမ်မွေ့ငြိမ်သက်စွာ

          'အုတ်ထွေ' ဆိုတာအများ 

          'ထုတ်ချောက်' ဆိုတာ အဆီးအတားမရှိ။

စတဲ့ ဒီနေ့ခေတ်မှာ မသုံးတော့ဘဲ ရှေးသုံးစကားလုံးတွေရဲ့ အသုံးနဲ့အဓိပ္ပာယ်ကို စိတ်ဝင်စားဖွယ် တွေ့ရမှာဖြစ်ပါတယ်။

       စိတ်ကြိုက်မြန်မာစာမေးခွန်းလွှာမှာ သံဝရပျို့မေးခွန်းအနေနဲ့ မေးခွန်း(၂)မှာ မေးတာ ဖြစ်ပါတယ်။ ဒီမေးခွန်းမှာ ၂(က) နဲ့ ၂ (ခ) ဆိုပြီး ပုဒ်ခွဲ(၂)ခု ပါဝင်ပါတယ်။ ၂(က)မှာ ပျို့စာကိုယ်လာ စာပိုဒ်တွေကို ရှင်းပြရမှာဖြစ်တယ်။ (၁ဝ) မှတ်ပေးတဲ့ မေးခွန်းဖြစ်ပါတယ်။  ၂(ခ)မှာတော့ ဇာတ်ဆောင်အလိုက်၊ ဇာတ်ခန်းအလိုက်၊ ပျို့တစ်စောင်လုံးအလိုက် အကြောင်းအရာ၊ အရေးအဖွဲ့နဲ့ သုတရသ သင်ခန်းစာတွေကို မေးမှာဖြစ်ပါတယ်။ (၁၅)မှတ်ပေးတဲ့ မေးခွန်းဖြစ်ပါတယ်။

မေးခွန်း နမူနာအနေနဲ့တော့ ၂(က)မှာ သံဝရပျို့အရ ရှင်းပြပါဆိုပြီး 'ပိုင်းခြားလေးခု၊ ပုဂ္ဂိုလ်စုတွင်၊ ကြက်ဥသံချောင်၊ ကျန်သောယောင်သို့'၊ 'တိမ်ကြားမိုးလယ်၊ လျှပ်နှယ်တပြက်၊ ပြိုးတပြွက်မျှ၊ áာန်မဂ်ရမည်၊ ရိပ်ခြည်မထင်' စတဲ့ပျို့စာသားတွေကို ပေးထားမှာဖြစ်ပါတယ်။

မေးခွန်း၂(ခ)မှာ သံဝရပျို့မှ ဆရာအမတ်ကြီး၏ စရိုက်(သို့မဟုတ်) သံဝရပျို့မှ ရှင်မဟာရ သာရ၏ အရေးအဖွဲ့ စွမ်းရည်စသည်ဖြင့် မေးမှာဖြစ်ပါတယ်။ ဒီမေးခွန်းတွေကို ဖြေဆိုရာမှာ ပျို့ပါ အချက်အလက်တွေကို မိမိတို့ရဲ့ ကိုယ်ပိုင်အရေးအသား အတင်အပြနဲ့ ဖြေဆိုကြရမှာ ဖြစ်ပါတယ်။

မေးခွန်း(၃)ကတော့ မြန်မာကဗျာဖွဲ့နည်း မေးခွန်းဖြစ်ပါတယ်။ မြန်မာကဗျာဖွဲ့နည်း စာအုပ်ရဲ့ အမှာစာမှာ ဖော်ပြထားတဲ့ ကဗျာရဲ့ သဘော၊ ကဗျာစပ်နည်းအမျိုးမျိုး၊ ကဗျာစပ်နည်းရဲ့ အခြေခံ လေးလုံးစပ်နည်း၊ သံပေါက်စပ်နည်း၊ အချိုးကဗျာများ စပ်နည်းတို့ အကြောင်းနဲ့ လေ့လာသင်ကြားရန် လမ်းညွှန်ချက်များ စတာတွေကို သေသေချာချာ လေ့လာထားဖို့လိုပါမယ်။ ကဗျာဖွဲ့နည်းများ မှာတော့-

ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သံချို၊ တျာချင်း၊ အိုင်ချင်း၊ လွမ်းချင်း၊ တေးထပ်ဆိုတဲ့ ကဗျာ အမျိုးအစား(၈)မျိုးကို ဖော်ပြထားပါတယ်။ ဒီနှစ်အတွက် ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ သံချို တို့ကိုပဲ လေ့လာကြရမှာပါ။

အဲဒီကဗျာ(၄)မျိုးရဲ့ ဖွဲ့နည်းကဗျာတွေကို ဖော်ပြရာမှာ သက်ဆိုင်ရာ ကဗျာအမျိုးအစားရဲ့ အခေါ်အဝေါ်အဓိပ္ပာယ်တွေ၊ စပ်နည်းတွေ၊ ဖွဲ့စပ်တဲ့သာဓကပုံစံတွေ၊ လေ့ကျင့်ခန်းတွေ ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ဒီဖော်ပြချက်တွေကို စိတ်ဝင်တစား စေ့စေ့စပ်စပ် လေ့လာထားမယ်ဆိုရင် ကဗျာဖွဲ့နည်းကို အခက်အခဲမရှိ ဖြေဆိုနိုင် မှာဖြစ်ပါတယ်။

ကဗျာစပ်နည်း အမျိုးမျိုးထဲကမှ ထူးခြားတဲ့ ကာရန်ယူစနစ်တွေ ဖြစ်တဲ့ ပြန်ဂဟပ်ကာရန်၊ ခြင်္သေ့လည်ပြန်ကာရန်၊ အခံကာရန်၊ အအုပ်ကာရန်အကြောင်းတွေ၊ ကဗျာဉ်ာဏ် ကွန့်မြူးနိုင်ဖို့ အတွက် ဇဝနဉ်ာဏ်၊ လက်တန်းဉ်ာဏ်စတဲ့ မြန်မာကဗျာဆိုင်ရာ သိမှတ်စရာတွေကို လေ့လာ မှတ်သားရမှာဖြစ်ပါတယ်။

မေးခွန်း (၃) ပုဒ်ခွဲ(က)မှာ အဲဒီကဗျာဖွဲ့နည်းဆိုင်ရာတွေကို မှတ်စုရေးရမှာ ဖြစ်တယ်။ (၄)ခု ပေးထားပြီး(၂)ခု ဖြေရပါမယ်။ (၁ဝ)မှတ်ပေးပါတယ်။ မေးခွန်း(၃)ပုဒ်ခွဲ(ခ)ကတော့ လက်တွေ့ ဖြေဆိုရတဲ့ ကဗျာမေးခွန်းဖြစ်တယ်။ ကဗျာတစ်ပုဒ်ပေးထားပြီး အဲ့ဒီကဗျာရဲ့ အမျိုးအမည်ကို ဖြေရမှာဖြစ်တယ်။ ပြီးတော့ ကာရန်စနစ်ကို သင်္ကေတနဲ့ပြရမှာဖြစ်တယ်။ (၁၅)မှတ်ပေးတဲ့မေးခွန်း ဖြစ်ပါတယ်။

မေးခွန်း ၃(ခ) ကဗျာကာရန်ယူပုံစနစ်ကို သင်္ကေတနဲ့ရှင်းပြဖြေဆိုပုံကို တင်ပြပါမယ်။ စာသားကို မျဉ်းတို၊ ပိုဒ်တွင်းကာရန်ကို ခရေပွင့်၊ အချိုးသတ်ကာရန်ကို အပေါင်းလက္ခဏာတို့နဲ့ သင်္ကေတပြုဖော်ပြရမှာ ဖြစ်ပါတယ်။

>> စာသား--

>> ပိုဒ်တွင်းကာရန် - ဂ

>> အချိုးသတ်ကာရန် - +

နမူနာအနေနဲ့ ဒွေးချိုးကဗျာတစ်ပုဒ်ရဲ့ ကာရန်ယူပုံကို လေ့လာတင်ပြပါမယ်။

  'ရွေကျီးရယ်သာ

  ဧည့်လာရော့သလား။

  ခန်းဝကကြို

ခင်လေးရွှေရင်ဖိုခိုက်

ကျီးညိုကနား။'

ဆိုတဲ့ ကဗျာကိုပေးထားရင် ဒွေးချိုးကဗျာဖြစ်ကြောင်း ဦးစွာဖြေရပါမယ်။

'သာ'နဲ့ 'လာ' တို့ဟာ ပထမပိုဒ်ရဲ့ ပိုဒ်တွင်းကာရန်တွေဖြစ်တာကြောင့် ခရေပွင့်ပြရမှာဖြစ်တယ်။ 'လား'ကတော့ ပထမပိုဒ်ရဲ့ အခံပိုဒ်ဆုံးကာရန် (အချိုးသတ်ကာရန်)ဖြစ်တဲ့အတွက် အပေါင်းလက္ခဏာသင်္ကေတနဲ့ ပြရမှာဖြစ်ပါ တယ်။

  'ကြို'နဲ့ 'ဖို'၊ 'ဖို' နဲ့ 'ညို' တွေကတော့ ဒုတိယပိုဒ်ရဲ့ ပိုဒ်တွင်းကာရန်တွေဖြစ်လို့ ခရေပွင့်ပြရပါမယ်။ 'နား' ကတော့အခံပိုဒ်ဆုံးကာရန် (အချိုးသတ်ကာရန်) ဖြစ်တာကြောင့် အပေါင်းလက္ခဏာသင်္ကေတနဲ့ပြရမှာဖြစ်ပါတယ်။

သင်္ကေတတွေကို အောက်ပါပုံစံနဲ့ ပြရမှာဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာရဲ့ ပြဋ္ဌာန်းစာအုပ်တစ်အုပ်ကတော့ မြန်မာစာပေ သမိုင်းဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းရဲ့ ခေတ်တွေထဲက ပုဂံခေတ်ကနေ ညောင်ရမ်းခေတ်အထိ နဝမတန်းမှာလေ့လာ သင်ယူပြီးဖြစ်လို့ တကဉ်သိုလ် ဝင်တန်းမှာတော့ နောက်ပိုင်းနှစ်ခေတ်ဖြစ်တဲ့ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်စာပေသမိုင်းတွေကို ပြဋ္ဌာန်းထားပါတယ်။

     စာပေသမိုင်းတစ်လျှောက်မှာ ခေတ်အလိုက် ခေတ်လိုအင်အရ ဦးတည်ချက်တွေ အလေးပေး ပုံတွေ ပြောင်းလာပုံ၊ အကြောင်းအရာတွေ ကျယ်ပြန့်လာပုံ၊ စာဆိုတွေ စာပေပုံ သဏ္ဌာန်တွေ တစ်စတစ်စ တိုးပွားလာပုံတွေကို လေ့လာထားရမှာ ဖြစ်ပါတယ်။

    မြန်မာစာပေသမိုင်း စာမေးပွဲမေးခွန်းအနေနဲ့တော့ မေးခွန်းနံပါတ် (၄)မှာမေးပါတယ်။ မေးခွန်းနံပါတ်(၄)မှာလည်း အခြားမေးခွန်းတွေမှာလိုပဲ (က)နဲ့ (ခ)ဆိုပြီး ပုဒ်ခွဲ(၂)ပုဒ် ပါဝင်ပါတယ်။ မေးခွန်း(၄)က မြန်မာစာပေသမိုင်း ဓမ္မဓိဋ္ဌာန်မေးခွန်းတွေဖြစ်ပါတယ်။ (၁ဝ)မှတ်ပေးပါတယ်။ မေးခွန်း၄(ခ)ကတော့ ဆွေးနွေးတင်ပြရတဲ့ ရှင်းလင်းဖြေဆိုရတဲ့ မေးခွန်းဖြစ်ပါတယ်။ (၁၅)မှတ်ပေးပါတယ်။

     မေးခွန်း၄(က)မြန်မာစာပေသမိုင်း ဓမ္မဓိဌာန်မေးခွန်းမှာ(၈)ခုမေးထားပြီး (၅)ခုဖြေရပါမယ်။ ခေတ်နှစ်ခေတ်ရဲ့(အထူးသဖြင့် ကုန်းဘောင်ခေတ်ရဲ့)စာပေဆိုင်ရာ အချက်အလက်တွေကို မေးပါ တယ်။ ဓမ္မဓိဋ္ဌာန်မေးခွန်းဖြစ်တဲ့အတွက် တိုတိုနဲ့တိတိကျကျဖြေရပါမယ်။ မြန်မာစာပေသမိုင်း ဓမ္မဓိဋ္ဌာန် မေးခွန်းတွေကို နမူနာအနေနဲ့ တင်ပြသွားပါမယ်။

ကုန်းဘောင်ခေတ်သည် မည်မျှကြာမြင့်သနည်း။

ဗုဒ္ဓဝင်ဝတ္ထု ဟူသည် အဘယ်နည်း။

ဦးပုည၏ဝတ္ထုများကို နှစ်သက်ရခြင်းအကြောင်းရင်းများကို ဖော်ပြပါ။

လောကဗျူဟာ ကျမ်းရေးသူ၏အမည်ကို ဖော်ပြပါ။

ပထမဆုံးမြန်မာသတင်းစာ၏ အမည်သည်အဘယ်နည်း။

အစရှိတဲ့မေးခွန်းတွေဖြစ်ပါတယ်။

ဓမ္မဓိဋ္ဌာန်မေးခွန်းတွေကို ဖြေတဲ့အခါမှာ အဖြေဟာတိကျဖို့လိုအပ်ပါတယ်။ ကုန်းဘောင် ခေတ်သည် မည်မျှကြာမြင့်သနည်း - ဆိုတဲ့ဓမ္မဓိဋ္ဌာန်မေးခွန်းကိုဖြေရင်

'ကုန်းဘောင်ခေတ်သည် နှစ်ပေါင်း (၁၃ဝ)ကျော်ကြာမြင့်သည်'လို့ဖြေရမှာဖြစ်ပါတယ်။

      ဗုဒ္ဓဝင်ဝတ္ထုဟူသည် အဘယ်နည်း-ဆိုတဲ့မေးခွန်းကို 'ဗုဒ္ဓဝင်ဝတ္ထုသည်ဟူသည် ဘုရားရှင်၏ နောက်ဆုံးဘဝဖြစ်တော်စဉ်ကို ရေးသားထားသော ဝတ္ထုဖြစ်သည်'လို့ ဖြေရပါမယ်။

       ဦးပုည၏ ဝတ္ထုများကို နှစ်သက်ရခြင်းအကြောင်းရင်းကို ဖော်ပြပါ -ဆိုတဲ့ မေးခွန်းကိုတော့ 'ဦးပုည၏ဝတ္ထုများကို နှစ်သက်ရခြင်းအကြောင်းရင်းမှာပရိသတ် စိတ်ညွတ်နူးဖွယ် ဖွဲ့နွဲ့ရေးသားထား သောကြောင့်ဖြစ်သည်။' လို့ဖြေရပါမယ်။

'လောကဗျူဟာကျမ်း ရေးသူ၏အမည်သည် အင်ရုံဝန်ကြီးဖြစ်သည်။'

'ပထမဆုံးမြန်မာသတင်းစာသည် ဓမ္မသတင်းစာဖြစ်သည်။'စသည်ဖြင့် အတိအကျ ပြည့်ပြည့်စုံစုံ ဖြေရပါမယ်။

     မေးခွန်း၄(ခ)ကတော့ မြန်မာစာပေသမိုင်းနှင့် ပတ်သက်ပြီး ခြုံငုံဆွေးနွေးရတဲ့ မေးခွန်းဖြစ်ပါတယ်။

    ဒီမေးခွန်းမှာ ကုန်းဘောင်ခေတ်နဲ့ ကိုလိုနီခေတ်က စာပေအခြေအနေတွေကို မေးလေ့ရှိပေမဲ့ ဒီနှစ်မှာ ကိုလိုနီခေတ်ကိုပဲ မေးမှာဖြစ်ပါတယ်။ နမူနာပြရမယ်ဆိုရင် 'ကိုလိုနီခေတ် သမိုင်းနောက်ခံ ဝတ္တုများအကြောင်းကို ဆွေးနွေးပါ' ဆိုတဲ့ မေးခွန်းမျိူးဖြစ်တယ်။ ဒီမေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် ခေတ်တစ်ခေတ်ရဲ့ စာပေသမိုင်းကို ကဏ္ဍအလိုက် ဆစ်ပိုင်းကျက်မှတ်ထားဖို့လိုပါတယ်။ ဖြေဆိုရာမှာ တော့ အချက်အလက်တွေကို မိမိကိုယ်ပိုင်အရေးအသားအတင်အပြနဲ့ ပြေပြေပြစ်ပြစ် ရေးသားဖြေဆို ရမှာဖြစ်ပါတယ်။

    စိတ်ကြိုက်မြန်မာစာဟာ မေးခွန်း(၄)ပုဒ်ပဲဖြေရပြီးတော့ ပြဋ္ဌာန်းစာအုပ် (၄)အုပ်မှာ (၁)အုပ်ကို (၁)ပုဒ်မေးမှာဖြစ်ပါတယ်။ ဒါကြောင့်မေးခွန်းအားလုံးဖြေဆိုဖို့ အရေးကြီးပါတယ်။ ပြဋ္ဌာန်း စာအုပ်(၄)အုပ်လုံးကို စိတ်ပါဝင်စားစွာနဲ့ စနစ်တကျလေ့လာကျက်မှတ်ထားမယ်ဆိုရင် မေးခွန်း အားလုံးကို အခက်အခဲမရှိ ဖြေဆိုနိုင်ကြမှာဖြစ်ပါတယ်။

       စိတ်ကြိုက်မြန်မာစာဖြေဆိုကြမယ့် ကျောင်းသားကျောင်းသူများအားလုံး တကဉ်သိုလ်ဝင် စာမေးပွဲကြီးကို ထူးချွန်စွာ ဖြေဆိုနိုင်ပြီး မိမိရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ အရောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ပို့ချချက်ကို ရပ်နားလိုက်ပါတယ်။

ဒေါက်တာထွန်းအောင်ကျော် ၊ ပါမောက္ခ(ဌာနမှူး)၊မြန်မာစာဌာန၊ရန်ကုန်တက္ကသိုလ်