မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ ဧရာဝတီတိုင်းဒေသကြီးကို ပုသိမ်မြို့အနီးမှ ဆက်လက်ရွေ့လျားလျက်ရှိသဖြင့်အညိုရောင်အဆင့်သတ်မှတ်၊ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့ကာ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအနီး ရောက်ရှိနိုင်

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ ဧရာဝတီတိုင်းဒေသကြီးကို ပုသိမ်မြို့အနီးမှ ဆက်လက်ရွေ့လျားလျက်ရှိသဖြင့်အညိုရောင်အဆင့်သတ်မှတ်၊ အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ် အားလျော့ကာ ရခိုင်ကမ်းရိုးတန်း တောင်ပိုင်းအနီး ရောက်ရှိနိုင်

၂ဝ၂၂ ခုနှစ် မတ် ၂၂ ရက် မြန်မာ စံတော်ချိန် ည ၉ နာရီခွဲအချိန်တိုင်းထွာ ချက်များအရ ဧရာဝတီတိုင်းဒေသကြီးကို ပုသိမ်မြို့အနီးမှ ရွေ့လျားလျက်ရှိသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မုန်တိုင်းငယ် (De-pression)အဖြစ်သို့ အားလျော့သွားခဲ့ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပါသည်။

မုန်တိုင်းငယ်(Depression)၏ လက်ရှိ အခြေအနေမှာ ဧရာဝတီတိုင်းဒေသကြီးကို ပုသိမ်မြို့အနီးမှ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟု သတ်မှတ် ပါသည်။

အဆိုပါ မုန်တိုင်းငယ် (Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မတ် ၂၃ ရက် နံနက်ပိုင်းတွင်  အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ် အားလျော့သွားကာ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးသို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

မုန်တိုင်းငယ် (Depression)၏အရှိန် ကြောင့် ယနေ့ညပိုင်းမှ မတ် ၂၄ ရက်အတွင်း     နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊   မန္တလေး တိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့် မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်  ၈  ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။

အဆိုပါမုန်တိုင်းငယ် (Depression)သည် ဧရာဝတီတိုင်းဒေသကြီးကို ပုသိမ်မြို့အနီးမှ ဆက်လက်ရွေ့လျားနေစဉ် ဧရာဝတီတိုင်းဒေသကြီးတွင် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် မိုင် ၄ဝ ခန့်နှင့် ရန်ကုန် တိုင်းဒေသကြီးနှင့်    ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃ဝ ခန့်အထိ တိုက်ခတ်နိုင်သည်ဟု  ခန့်မှန်းရသည်။

မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေ မှာ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များ အတွင်း ၆ ပေမှ ၈ ပေခန့်အထိမြင့်တက် လာနိုင်ကြောင်း ခန့်မှန်းရသည်။

အဆိုပါမုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျ ချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်ထားသည်။

သတိပြုကာကွယ်

 မုန်တိုင်းငယ်အန္တရာယ် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်ရေးလူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လေပြင်းမုန်တိုင်း အန္တရာယ်ကြိုတင် ပြင်ဆင်ရေးနှင့်ပတ်သက်၍ အများပြည်သူများအတွက် နှစ်စဉ်နှစ်တိုင်း    ယခုလို သတိပေးထားသည်။

-  မုန်တိုင်းဖြစ်ပေါ်လာပါက  လုံခြုံမှုရှိစေရေး ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေထိုင်ရန် လိုအပ်သည်။ သို့သော် ယခုကာလသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် တတ်နိုင်ပါက မိမိအိမ်၌သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်အဆောက်အဦများအား လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြင်ဆင်ထားပါ။

-  လိုအပ်လာပါက     အရေးပေါ်ပြောင်းရွှေ့နိုင်ရန်    စီစဉ်ထားပြီး အရေးပေါ်သုံးပစ္စည်းများ၊ စားရေး ရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ။

-  ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရန်အတွက် ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ မျက်နှာနှင့်နှာခေါင်းစည်းများ ကြိုတင်စုဆောင်း  ယူဆောင်သွားပါ။

-  လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။

-  လက်ကိုင်ဖုန်းများကို အားသွင်းထားပါ။

-  မိသားစုများ     ကွဲကွာသွားပါက ပြန်လည်ဆုံတွေ့နိုင်မည့်  ဆုံရပ်သတ်မှတ်ထားပါ။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊   ရပ်ကွက်/ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့ကို ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။

-  ကမ်းခြေများအနီး   နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ် နားထောင်၊   လေ့လာ၍ အထူးသတိပြုနေထိုင်ပါ။ မုန်တိုင်းဒီရေ   တက်ရောက်နိုင်သည်ကိုလည်း သတိပြုပါ။

-  ကုန်းတွင်းပိုင်း ဒေသများအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း  လေပြင်းတိုက်ခတ်ခြင်း၊  မိုးသည်းထန်စွာရွာသွန်းခြင်းများ၊    မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက်  အထူးသတိပြုနေထိုင်ပါ။

-  တောင်ကျချောင်းများတွင်   ရုတ်တရက်ရေကြီးမှုများဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီး နေထိုင်သူများ  အထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ ကြိုတင်ရွှေ့ပြောင်းပါ။

-  မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။

-  မိမိတို့ရပ်ရွာအတွင်း မုန်တိုင်းဒဏ်ခံနိုင်သည့်    နီးစပ်ရာအိမ်များ၊ အဆောက်အဦများသို့ ရွှေ့ပြောင်းနေထိုင်သည်ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။

-  ပျက်စီးဆုံးရှုံးမှုများ   လျော့နည်းသက်သာစေရေးအတွက် လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ အိမ်များအားဖြည့်ပြင်ဆင်ပေးခြင်းတို့ကို ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။

ပူးပေါင်းပါဝင်ရေး

ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန်နှင့်    အောက်ပါကြိုတင်ပြင်ဆင်မှုများကို   ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။

-  နေအိမ်အဆောက်အဦများ၏ ခိုင်ခံ့မှုကို စစ်ဆေးပါ။

-  လေဒဏ်   ခံနိုင်စေရေးအတွက် အမိုး၊ အခင်း၊  အကာများတွင် ထောက်တန်းများ၊ ဒေါက်တိုင်များကို  လိုအပ်သလိုဖြည့်စွက်ဆောင်ရွက်ပါ။ အဆက်နေရာများတွင် ချောင်ထွက်မနေအောင် ဆောင်ရွက်ပါ။ ယိုင်နဲ့၊ ယိုယွင်းမှုများကို ပြုပြင်အစားထိုးပါ။

-  မြေဝင်အိမ်တိုင်များ၊  သိပ်သည်းကျစ်လျစ်စေရန်   တိုင်ဖိနပ်ပတ်လည်တွင် မြေဖို့ပါ။

-  သွပ်မိုးအစွန်   နေရာများတွင် သွပ်၊ သံ စိပ်စိပ်ရိုက်ပါ။   ဓနိ/သက်ငယ်မိုးများတွင် ဝါးရာဇမတ်ကွက်(ကြက်နင်း) ဖြင့်  အုပ်မိုးပါ။ သွပ်နန်းကြိုး/နှီး  စသည်တို့ဖြင့် ခိုင်မြဲစွာချည်နှောင်ပါ။

-  သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ကြေညာသော   မိုးလေဝသသတင်းများ၊   အကြံပြုချက်များ၊ သတိပေးချက်များကို    လိုက်နာဆောင်ရွက်ပါ။  အခြားသူများကိုလည်း မျှဝေပေးပါ။

- ပြည်သူများအနေဖြင့်   မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေနှင့်ပတ်သက်၍   စဉ်ဆက်မပြတ်လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏  စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ပြည်သူသို့အသိပေးနှိုးဆော်ထားပါသည်။

အချုပ်အားဖြင့်ဆိုသော်   ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊  လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း စသည့်သဘာဝဘေးအန္တရာယ်များသည် ကမ္ဘာနှင့်အဝှမ်း နှစ်စဉ်ဖြစ်ပွားလေ့ရှိနေသည်။ ၎င်းတို့အနက် ရေလွှမ်းမိုးခြင်းနှင့်    လေမုန်တိုင်း တိုက်ခြင်းတို့ကို မိုးလေဝသပညာရှင်များက  အထက်ဖော်ပြပါ သတင်းစဉ်များအတိုင်း  ကြိုတင်တွက်ချက်၍  ခန့်မှန်းအသိပေးနိုင်သည့်အတွက် ပြည်သူပြည်သားများ အနေဖြင့် မိမိဘဝ အတွေ့အကြုံများအရ မြင်တွေ့ကြားသိနေရသည့်   အဖြစ်အပျက်များအပေါ် သင်ခန်းစာယူ၍   တတ်နိုင်စွမ်းသမျှ ရှောင်ရှားနိုင်ကြမည်ဖြစ်ပါသည်။

ထို့ကြောင့် မိမိနေအိမ်ခိုင်ခံ့မှုကို စစ်ဆေးထားကြပါရန်၊  မိမိနေအိမ်ပတ်ဝန်းကျင်ရှိ လျှပ်စစ်သွယ်တန်း ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများကို  ခုတ်ဖြတ်ရှင်းလင်းထားကြပါရန်၊ စိုက်ပျိုးရေး (သို့မဟုတ်) မွေးမြူရေးလုပ်ကိုင်နေသူများအနေဖြင့် နောင်ရေးစိတ်အေးရအောင်  အချိန်မီစီမံ ထားကြပါရန် ထပ်လောင်း၍ အသိပေး တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။     ။

ပေါက်ပေါက်