မြစ်တို့၏သဘော

ယမန်နေ့မှအဆက်

''ကိစ္စရှိလို့လာရင် ပိုင်ရှင်သည်းမခံနိုင်တဲ့ အပြုအမူ အပြောအဆိုမျိုး ရှောင်ရတယ်မေမေရဲ့''

''ဘာဖြစ်လို့ ရှောင်ရမလဲ။ ငါ့သဘောပါ''

ဒေါ်လှမြတ်မင်းသည် တစ်လောကလုံးတွင် ငါမှတစ်ပါး ချမ်းသာမြင့်မြတ်သူမရှိ ထင်နေသည်ထင်ပါ၏။

သားအရင်းအား ခက်ထန်စွာ ဆက်ဆံပြောဆိုသည့် နည်းတူ၊ မခင်ရီတို့ သားအမိအားလည်း ရှုတ်ချသော အကြည့်ဖြင့် ကြည့်လိုက်ပြီး

''ဟေ့ ဒါဟာ ငါ့သားပဲ။ တစ်ဦးတည်းသော သား၊ အသက်လောက်ချစ်သောသား နားလည်လား။ ညည်းလည်း ညည်းသမီးကို ရွှေပေါ်မြတင်ထားတာပဲ။ ဒါပေမဲ့ ငါသဘောမတူဘူး။ မပေးစားနိုင်ဘူး၊ ဒါကို နားလည်ထားပါ''

''ကျွန်မ နားလည်ပါတယ်။ အစ်မကြီးရဲ့ မျက်နှာထား၊ လေသံနဲ့ အသုံးအနှုန်းကိုတွေ့တာနဲ့ တစ်ပြိုင်နက် အစ်မကြီးကို ကျွန်မ တစ်ခါတည်း စိတ်ကုန်သွားပါတယ်။

အစ်မကြီးကလည်း အစ်မကြီးရဲ့မာနနဲ့အစ်မကြီးပဲ။

ဒီလိုပါပဲရှင် ကျွန်မတို့မှာလည်းမာနနဲ့ပါပဲ။ ကျွန်မတို့ရဲ့ မာနဟာ  အစ်မကြီးရဲ့မာနထက် မလျော့ဘူးဆိုတာ နားလည်သင့်ပါတယ်ရှင်''

''ကြိုက်တယ်။ ငါက ဒါမျိုးမှကြိုက်တယ်။ ဒါပေသည့် တစ်ခုတော့ပြောခဲ့ပါရစေ။ ဒီအဘွားကြီးက ချမ်းသာတယ်။ တစ်ဦးတည်းသောသားကို သူ ဘယ်နည်းနဲ့မှ မစွန့်ပစ်နိုင်ဘူး။ သူ့ပစ္စည်းတွေဟာ ဒီကောင်လေး ပစ္စည်းဖြစ်မှာပဲထင်ပြီး ငါ့သားကို ညည်းသမီးယူရင် ငါမခံဘူး၊ နားလည်လား။ အကုန်လုံး ဒုက္ခရောက်အောင် လုပ်ပစ်မယ်''

''ဒီလို မမောက်မာသင့်ပါဘူးရှင်။ အစ်မကြီး ချမ်းသာတာ လူတိုင်းသိပါတယ်။ သိပ်ပြီးလည်း ပစ္စည်းဂုဏ် မမောက်လိုက်ပါနဲ့။ ကျွန်မတို့ဟာ အစ်မကြီးတို့ တိုက်ရှေ့က ဆိုင်းဘုတ်ဖိုးလောက်ပဲ ချမ်းသာတယ်ပဲ ထားပါ။

ဒါပေမဲ့ အစ်မကြီးကို အထင်မကြီးပါဘူး။ အစ်မကြီးရဲ့ ပစ္စည်းကိုမက်ပြီး ကျွန်မသမီးနဲ့ အတင်းမြှူမယ် မထင်လိုက်ပါနဲ့ ဝေးပါသေးတယ်။ ပြီးတော့ ကျွန်မတို့ဟာ အစ်မကြီးက ဒုက္ခရောက်အောင် လုပ်တာကိုလည်း ငုံ့ခံမယ့်လူစားတွေ မဟုတ်ဘူးဆိုတာ  နားလည်စေချင်ပါတယ်''

မခင်ရီမှာ ဒေါသသံမပါပေ။ မျက်နှာထားကတော့ တင်းမာစပြုပေပြီ။ သူက နောင်အေးအား လှမ်းကြည့်ကာ

''မောင်နောင်အေး ကြားတယ်မဟုတ်လား မင့်အမေ ပြောတာတွေကို အန်တီတို့မှာ နေရင်းထိုင်ရင်း အစော်ကားခံရပြီလေ။ မင်းက အနားမှာ ရပ်နေတော့လည်း တို့က အားနာတတ်တယ်ကွယ့်၊   လူလူချင်းကို လူလို့ သဘောထားတတ်တယ်။ အနူကို အနူလို့ လူတွေမခေါ်ကြတာဟာ ငဲ့ညှာတဲ့သဘော လေးစားတဲ့ သဘောပဲကွယ့်။    ဒါပေမဲ့  မင့်အမေမှာ ဒီလို ယဉ်ကျေးမှုမရှိဘူး။ တို့ကတော့ မင်းမျက်နှာထောက်ပြီး ဒီတစ်ကြိမ်သည်းခံလိုက်မယ်။   နောက်တစ်ကြိမ်   မင်းအမေ ဒီကိုမလာအောင်၊ ငါတို့ နောက်တစ်ကြိမ် အစော်ကားမခံရအောင်   မင်း ဘာလုပ်သင့်တယ် ထင်သလဲ။

မင်းလုပ်သင့်တာကတော့  ငါ့သမီးကို အဆက်ဖြတ်ဖို့ပါပဲကွယ်''

''ကြိုက်တယ်ဟေ့။ ကြိုက်တယ်။ ငါ့သားနဲ့မပတ်သက်ရင် ငါလာစရာမလိုဘူး''

''မပတ်သက်ရင်ဟုတ်လား ဟင်း ဟင်း''

မခင်ရီက နာကြည်းသံဖြင့်ရယ်၏။

''မပတ်သက်လို့တော့ မရတော့ဘူး အစ်မကြီးရေ့၊ မိအင်ကိုး ကုမ္ပဏီက မိမိကြီးသေတဲ့ အမှုမှာ ရှင့်သားက ပါနေတယ်။ ကျွန်မယောကျ်ားက ပါပေမယ့် ရဲရဲ့အစစ်ဆေး အမေးမြန်း မခံရဘူး''

''အလိုလေးတော်၊ ဟုတ်သလား သား။ သား သတ်လို့လား''

နောင်အေးက အဖြေမပေးပေ။ မိခင်၏ မျက်နှာကိုသာ ကြည့်နေ၏။

ဒေါ်လှမြတ်မင်း၏ ခက်ထန်သောမျက်နှာသည် ချက်ချင်းညှိုးငယ်၏။ စိုးရိမ်ကြီးစွာဖြင့်  သားကိုဖက်၏။

''ဘယ်လိုဖြစ်တာလဲ သားရယ်''

မေးမရသော်၊   မခင်ရီဘက်   လှည့်လာပြန်သည်။

''ပြောပါဦးအေ၊ ပြောပါဦး''

''မိမိကြီးဟာ ကျွန်မယောကျ်ားနဲ့လည်း မိတ်ဆွေပဲ။

အစ်မကြီးသားနဲ့လည်း အသိအကျွမ်းပဲ။ မနေ့က မိမိကြီး အသတ်ခံရတော့ ကနေ့မနက် အစ်မကြီးသားကို ရဲက ဒီလိုက်လာပြီးစစ်တယ်။ ကျွန်မယောကျ်ားရော သူပါ အမှုဖြစ်ပွားချိန် တစ်ဝိုက်မှာ မိမိကြီးအခန်းကို ရောက်ကြတော့ ကျွန်မယောကျ်ားက ကဲငါကတော့ မထူးဘူး နာမည်ပျက်ပြီးသား၊ ငါကောင်းကောင်းမွန်မွန် နေလျက်နဲ့     ငါ့ကို မတရားပြောတာ ခံနေရတဲ့ဘဝ။

မင်းကတော့ ကျောင်းသား၊ အညွန့်ကလေး တလူလူနဲ့ နာမည် မညှိုးရအောင်၊ မင်းတစ်ခုခုဖြစ်သွားရင် မင့်အမေလည်း သေလိမ့်မယ်ဆိုပြီး အခု ကျွန်မတို့ လိုက်ဆွဲတဲ့ကြားက ဂါတ်မှာ ကျုပ်သတ်ပါတယ်ပြော အဖမ်းခံရအောင် ထွက်သွားပြီ''

''ဟုတ်လား သား၊ ဟုတ်လား''

''ဟုတ်တယ်''

''ကျွန်မယောကျ်ားဟာ ကြိုးပေးခံရချင်လည်းခံရမယ်။

ကျွန်းကျချင်လည်း ကျမယ်၊ ထောင်ကျချင်လည်း ကျမယ်။ လွတ်ချင်လည်း လွတ်မယ်။ ဒါပေမဲ့ သူမသတ်ဘဲနဲ့ သတ်ပါတယ်ဆိုပြီး ဝင်ဓားစာခံသွားတဲ့ ပတ်သက်မှုကတော့ ဘယ်အခါမှ မပျောက်တော့ပါဘူး၊ အစ်မကြီး က မပတ်သက်ပါနဲ့ပြောလို့လည်း မရဘူး။ ပတ်သက်ပြီးသွားပြီကိုးရှင့်''

ဆက်လက်ဖော်ပြပါမည်။