အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်ကို မလိုလားသည့် အကြမ်းဖက်သမားများက ပညာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲပစ်ခတ်ခြင်းများပြုလုပ်

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်ကို မလိုလားသည့် အကြမ်းဖက်သမားများက ပညာရေးဆိုင်ရာ အဆောက်အဦများအား မိုင်းထောင်ဖောက်ခွဲပစ်ခတ်ခြင်းများပြုလုပ်

နေပြည်တော်၊ မတ် ၂၈

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ဆရာ၊ ဆရာမများအား ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ပညာရေး ဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရပါသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လျက်ရှိရာ မတ် ၂၇ ရက်နံနက် ၃ နာရီ ၁၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ (၆)ရှိ မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမား (စိစစ်ဆဲ)တို့က စီးပွားရေးတက္ကသိုလ်၏ အရှေ့ဘက်ကိုက် ၃၀၀ ခန့်အကွာမှ လက်လုပ်စိန်ပြောင်းဖြင့် ၃ ချက်ပစ်ခတ်ခဲ့ရာ နှင်းဆီအဆောင် အခန်းအမှတ်(၃) လူနေအိမ် အဆောက်အဦ၏ အမိုးနှင့်မျက်နှာကျက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ မတ်လ ၂၇ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ သုခမိန်လမ်းပေါ်ရှိ မြို့နယ်ပညာရေးမှူးရုံးအား ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်သမားအမျိုးသား ၂ ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက် ထွက် ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ မြို့နယ်ပညာရေးမှူးရုံးအရှေ့ခြံစည်းရိုးအပြင် ပလက်ဖောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားဘဲ နိုင်ငံ့ ဝန်ထမ်းပီသစွာ စာပေသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်း ခြောက်ခြင်းနှင့် ပညာရေးဆိုင်ရာအဆောက်အဦများကို ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။