နေလှန်းဆားအထွက်နှုန်း ကျဆင်းသဖြင့် ဈေးကောင်းရရန် တောင်သူများ မျှော်လင့်

နေလှန်းဆားအထွက်နှုန်း ကျဆင်းသဖြင့် ဈေးကောင်းရရန် တောင်သူများ မျှော်လင့်

ဧရာဝတီတိုင်းဒေသကြီး   ဟိုင်းကြီးကျွန်းမြို့ရှိ မဲခရဲဆားတိုက်နယ်မှ ယခုနှစ် နေလှန်းဆားရာသီ၌ မကြာခဏ ရာသီဥတုဖောက်ကာ  မိုးရွာသွန်းမှုများကြောင့် ဆားအထွက်နှုန်း ကျဆင်းကာ   ဆုံးရှုံးမှုများရှိပြီး ဈေးကောင်းရရန် ဆားတောင်သူများ အနေဖြင့် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

မဲခရဲဆားတိုက်နယ်၌  နေလှန်းဆားလုပ်ငန်းကို အောက်တိုဘာလမှ စတင်ကာ ရာသီဥတုကောင်းမည် ဆိုပါက မေလအထိ လုပ်ကိုင်ကြပြီး ဒေသအတွင်းမှ ထွက်ရှိသည့်ဆားကြမ်းများကို ပုသိမ်၊ မြောင်းမြနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြကာ    ယခုနှစ် ဆားထုတ်လုပ်သည့် ရာသီ၌ မကြာခဏ မိုးရွာသွန်းမှုများ ရှိနေသည့်အတွက်   ဆားလုပ်ငန်းများပျက်စီးကာ အထွက်နှုန်းလျော့ကျခဲ့ပြီး ပြန်လည် လုပ်ဆောင်နေကြရသည့်အတွက် ထုတ်လုပ်မှုစရိတ် မြင့်မားခဲ့ကာ အခက်အခဲများရှိခဲ့ကြောင်း  ဆားတောင်သူများထံမှ သိရသည်။

“ ဒီနှစ်ဆားအထွက်နှုန်းက အတော်ကိုလျော့ကျသွားတယ်။ ဆားအထွက်ဆုံးကွင်းမှ ၅၀  ရာခိုင်နှုန်းလောက်ပဲထွက်တော့  အရင်နှစ်တွေနဲ့ယှဉ်ကြည့်ရင်  ဆားထွက်ရှိမှုက ထက်ဝက်လောက်ကို လျော့ကျသွားပါတယ်။  ဆားဈေးကောင်းမှသာ တောင်သူတွေအနေနဲ့ အဆင်ပြေကြမှာပါ ”ဟု ဆားတောင်သူ ဦးချစ်သိန်းက ပြောသည်။

ဟိုင်းကြီးကျွန်းမြို့ မဲခရဲဆားတိုက်နယ်တွင် ယခင်နှစ်က ဆားထုတ်လုပ်သည့် တောင်သူ ဦးရေ ၁၀၀  ကျော်၊ ဆားထုတ်လုပ်သည့်ဧက ၃၀၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး ယခုနှစ်တွင်   တောင်သူ ၈၀ ကျော်  ဧက ၂၅၀၀ ဝန်းကျင်ခန့်သာ  ဆားထုတ်လုပ်လျက်ရှိကြောင်း၊ လက်ရှိတွင်  ဆားကြမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၁၇၀ မှ ၂၀၀ ဝန်းကျင်ရှိပြီး    တောင်သူများမှာ အရောင်းအဝယ် မပြုလုပ်ကြသေးဘဲ ဆားဈေးအခြေအနေအား စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။