လန်ချန်း-မဲခေါင်ရုပ်သေး ပွဲတော်ပိတ်ပွဲ အခမ်းအနား ကျင်းပ

လန်ချန်း-မဲခေါင်ရုပ်သေး ပွဲတော်ပိတ်ပွဲ အခမ်းအနား ကျင်းပ

မန္တလေး  မတ်   ၃၁

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ဒုတိယနေ့အစီအစဉ်များကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မြနန်းဘုံစံရတနာပုံ ခန်းမ၌  Virtual စနစ်ဖြင့် ဆက်လက် ကျင်းပသည်။

အစီအစဉ်အရ   လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များက သက်ဆိုင်ရာ နိုင်ငံအလိုက်၎င်းတို့၏ ရုပ်သေးပညာရပ်များကို ရှင်းလင်းသရုပ်ပြခြင်း၊ ဒေသတွင်းရှိ ရိုးရာရုပ်သေးပညာရပ်များကို ရင်းရင်းနှီးနှီး အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

နေ့လယ်ပိုင်း အစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ရာ  နိုင်ငံအလိုက်ရိုးရာ ရုပ်သေးဖျော်ဖြေ တင်ဆက်မှုများကို  တင်ဆက်ခဲ့ကြပြီး  မြန်မာနိုင်ငံမှ သူငယ်တော်အက၊သုံးစုံတွဲနှစ်ပါးအက၊ ဦးရွှေရိုး ဒေါ်မိုးအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ အဖွဲ့ဝင် ခြောက်နိုင်ငံမှ ရိုးရာရုပ်သေးအကများ ပါဝင်သည့် မဲခေါင်-လန်ချန်း ဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးသည်။

လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ကျင်းပနိုင်ခဲ့ခြင်းကြောင့်    မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ ရုပ်သေးအနုပညာရှင်များ အချင်းချင်း  အပြန်အလှန်ချစ်ခင် ယုံကြည်စွာ တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက အပြန်အလှန် လေးစားတန်ဖိုးထားကာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် အတွေးသစ် အမြင်သစ်များ အပြန်အလှန် ဖလှယ်နိုင်ခဲ့ကြ၍ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်၊မြှင့်တင်၊ ထိန်းသိမ်းခြင်းအတွက် များစွာ အထောက်အကူပြုနိုင်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး   အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်   (မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ မြန်မာနိုင်ငံ ကိုယ်စားပြုရုပ်သေး ပညာရှင်ကြီးများနှင့် တာဝန်ရှိသူများ လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊   ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေး ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။