အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ၏ နာသုံးနာ လက်ကိုင်ထား၍ ကျောင်းသား၊ ကျောင်းသူများ အပေါ် မိဘသဖွယ် စိတ်ဓာတ်ဖြင့် သင်ကြားရေးတာဝန် ထမ်းဆောင်နေမှုအား အသိအမှတ်ပြု သတင်းထုတ်ပြန်ခြင်း

နေပြည်တော်  ဖေဖော်ဝါရီ  ၃၁

မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ်  ရိုသေလေးစားမှု ပြုရသည့် အနန္တော အနန္တဂိုဏ်းဝင် အဖြစ်   ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှု တစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့် နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည် ဖြစ်ပါသည်။  အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများ သည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ   တပည့်များအပေါ်  ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူ များအား  ဂုဏ်သိက္ခာ ပြည့်ဝစွာဖြင့်   အတတ်ပညာ သင်ကြားပို့ချရုံသာမက ''အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊  သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့''  ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။   ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့်  ရပ်နားထားရသည့် ကျောင်းများကို  လက်ရှိအချိန်တွင် အတိုင်းအတာ တစ်ခုအထိ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက်  ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်အတွက်  အခြေခံပညာ ဦးစီးဌာနအောက်ရှိ   အခြေခံပညာ အထက်တန်း အဆင့်၊  အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ဇွန် ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌  တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

စာသင်ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့် ကာလနှင့်  လက်ရှိသင်ကြားနေသည့် ကာလတွင် မိမိတစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေး အမြတ်ထုတ်လိုသူများ၊ နိုင်ငံရေး အစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကိုထောက်ခံသူများ၊ NUG ၊ CRPH နှင့် PDF  စသည့်အဖွဲ့များသည် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင်   ပါဝင်လာစေရန် Social  Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများအပြင် ကလေးငယ်များ ပညာသင်ကြားရေးကို အခက်အခဲ ဖြစ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ အပြင်  ဆရာ၊ ဆရာမများကို   စာပေသင်ကြားမှု မပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊  နှောင့်ယှက် တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက် ရှိသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများ သာမက   အချို့အသက် သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ရပြီး သေဆုံးထိခိုက်ဒဏ်ရာ ရရှိသူများအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အနေဖြင့်     မိသားစုများနှင့် ထပ်တူ   အထူးဝမ်းနည်း ကြေကွဲရပါသည်။

မကောင်းမှု၊  မတရားမှုတို့ကို ပြုလုပ်ရမည့်အပေါ် ရှက်ခြင်း၊ ကြောက်ခြင်းဟူသော ဟီရိ၊ သြတ္တပ္ပတရားတို့ အပေါ်၌  သာမန်လူတို့ထက် ပိုမိုသိရှိစောင့်ထိန်းတတ်သည့် ဆရာ၊ ဆရာမတို့အနေဖြင့်  ထိုကဲ့သို့ သော အခက်အခဲ၊ အကျပ်အတည်းများ၊ နှောင့်ယှက်မှုမျိုးစုံတို့ကြားမှ    အနန္တောအနန္တဂိုဏ်းဝင် ဆရာဟူသည့် မွန်မြတ်လှသည့် ဂုဏ်ပုဒ်နှင့်အညီ ကောင်းမွန်မြင့်မြတ်သည့် စိတ်ထားများဖြင့် နိုင်ငံ့အတွက် ပညာတတ် လူငယ်၊ လူရွယ်များ ပေါ်ထွန်းလာစေရေး ရှေးရှု၍ သင်ကြားရေးတာဝန်များကို မလစ်ဟင်းရအောင်   အားကြိုးမာန်တက် ထမ်းဆောင်လျက် ရှိသည်ကိုတွေ့ရှိရသဖြင့် တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

နိုင်ငံ့အနာဂတ် ရင်သွေးငယ်များ၏ စာပေပညာ တတ်မြောက်ရေး၊ ပညာရည်မြင့်မားရေးအတွက် အခက်အခဲ မျိုးစုံကြားမှ သင်ကြားရေး တာဝန်များကို ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများ ဘေးကင်း လုံခြုံရေးအတွက်   လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း ရပ်ရွာအေးချမ်းသာယာရေး၊ ကလေးငယ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးတို့အတွက် လုံခြုံရေးအသိ၊ လုံခြုံရေး သတိထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက် သွားကြရန် မေတ္တာရပ်ခံအပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ