(၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသား ဖူဆယ်ပြိုင်ပွဲအတွက် အုပ်စုမဲမခွဲမီ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း မဲအိုးနံပါတ်(၃)၌ ကျရောက်

ရန်ကုန်  ဧပြီ  ၂

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ(ဆီးဂိမ်း) အမျိုးသား ဖူဆယ်ပြိုင်ပွဲအတွက် မဲခွဲမှုမပြုလုပ်မီ အဆင့်သတ်မှတ်ချက်များအရ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် မဲအိုးနံပါတ်(၃)၌ ကျရောက်နေကြောင်း သိရသည်။

အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် အာဆီယံဒေသတွင်း ၁၁ နိုင်ငံမှ အသင်းခြောက်သင်းသာပါဝင် မည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတို့   ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အဆိုပါပြိုင်ပွဲအတွက် မဲခွဲမှုမပြုလုပ်မီ မဲအိုးသတ်မှတ်မှုတွင် မဲအိုးနံပါတ် (၁) ၌ အိမ်ရှင်ဗီယက်နမ်နှင့် ထိုင်းအသင်း၊ မဲအိုးနံပါတ်(၂)၌ မလေးရှားနှင့် အင်ဒိုနီးရှားအသင်း၊ မဲအိုးနံပါတ်(၃)၌  မြန်မာနှင့် ဖိလစ်ပိုင်အသင်းတို့ ပါဝင်ခဲ့ကြသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) အမျိုးသားဖူဆယ်ပြိုင်ပွဲကို မေ ၁၀ ရက်မှ ၂၀ ရက်အထိကျင်းပမည်ဖြစ်ပြီး    အမျိုးသမီးဖူဆယ်ပြိုင်ပွဲကိုလည်း မေ ၁၀ ရက်မှ ၂၀ရက်အထိ ကျင်းပမည်ဖြစ်ကာ အိမ်ရှင်ဗီယက်နမ် အသင်းနှင့်အတူ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း  သိရသည်။                            

STA