အနာဂတ်မျိုးဆက်သစ်လူငယ်များအား ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီး

အနာဂတ်မျိုးဆက်သစ်လူငယ်များအား ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီး

နေပြည်တော်၊ ဧပြီ ၃

အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အချို့ရှိ တက္ကသိုလ်များနှင့် စာသင်ကျောင်းများအား PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဧပြီလ ၁ ရက့် ည ၁၂ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နန္ဒဝန်ရပ်ကွက်၊ နယ်မြေ(၆)ရှိ မုံရွာစီးပွားရေး တက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမားများက တက္ကသိုလ်၏အရှေ့ဘက်ကိုက် ၃၀၀ ခန့် အကွာ လယ်ကွင်းများဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ  တက္ကသိုလ်ဝင်း အတွင်း ဗုံးသီးအချို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုများကြောင့် ကျောင်းရှိ အဆောင် အမိုးသွပ်၊ မျက်နှာကျက်နှင့် ပြတင်းတံခါးမှန်များနှင့် မီးသီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော်တက္ကသိုလ်ဝင်းအတွင်း ဘောလုံးကွင်းအနီးရှိ အမှိုက်ပုံအတွင်း အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဘောလုံးကွင်း အနီးရှိ ကျောင်းဆောင်များမှ ပြတင်းတံခါးမှန်များ၊ တံခါးမကြီး မှန်များ စုစုပေါင်းတန်ဖိုး ၉၃၂၈၀၀၀ ကျပ်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့အတူ ညနေ ၄ နာရီ ၃၅ မိနစ်တွင်  မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ်(၈) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ဆဲနှစ်ထပ်စာသင်ဆောင် အဆောက်အဦအနီးရှိ ရေမြောင်းအတွင်း၌ အကြမ်းဖက် သမားများက လက်လုပ်မိုင်းတစ်လုံးဖောက်ခွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီ ၄၀ မိနစ်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့၊ အင်ရောရပ်ကွက်နေ ဘာသာရေးခေါင်းဆောင်များဖြစ်သည့် ဦးရိုမီယို(၃၇)နှစ် (ဘ)ဦးဇာမန်နှင့် ဦးတိန်ဇာလျန်(၄၃)နှစ် (ဘ) ဦးလယ်အုပ် တို့သည် ရေဇွာမြို့၊ မြို့မရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းတံခါးများ ပွင့်နေသဖြင့် သွားရောက်စစ်ဆေးစဉ် အကြမ်းဖက် သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

ထိုကဲ့သို့ အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားမှုများဆောင်ရွက်ပေးလျက်ရှိသည်ကို မနာ လိုမရှုစိတ်များဖြင့် ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။