၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ မဲခွဲမှုအပြီး ချန်ပီယံဆုအတွက် ရေပန်းစားမှုတွင် ဘရာဇီးအသင်း ထိပ်ဆုံးမှ ရပ်တည်

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ မဲခွဲမှုအပြီး ချန်ပီယံဆုအတွက် ရေပန်းစားမှုတွင် ဘရာဇီးအသင်း ထိပ်ဆုံးမှ ရပ်တည်

ကာတာနိုင်ငံ၌ကျင်းပမည့်  ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက်  အုပ်စုမဲခွဲမှုများအပြီး  ချန်ပီယံဆု အတွက် ရေပန်းစားမှုတွင် ဘရာဇီးအသင်းက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ဘရာဇီးအသင်းသည် ၂၀၂၁  ခုနှစ်မှစ၍ နိုင်ငံတကာ ပြိုင်ပွဲစုံတွင် နောက်ဆုံး ကစားခဲ့သည့်ပွဲစဉ် ၂၀ ၌ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်က တောင်အမေရိက ဖလားပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်တွင် အာဂျင်တီးနား အသင်းနှင့် ကစားသည့်တစ်ပွဲသာ ရှုံးပွဲရှိခဲ့ပြီး ကျန်ပွဲစဉ်အားလုံး ရလဒ်ကောင်းများ ရရှိအောင်  စွမ်းဆောင်နိုင်ခဲ့ကာ မတ်လအတွက်   ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် နှစ်ပေါင်းအတန်ကြာ    ကမ္ဘာ့အဆင့်(၁)နေရာ၌ ရပ်တည်နိုင်ခဲ့သည့် ဘယ်လ်ဂျီယံအသင်းကို ကျော်ဖြတ်ပြီး အဆင့်(၁)နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှု အပြီးတွင်လည်း ဘရာဇီးအသင်းသည် အာဖရိကဇုန်မှ  ကင်မရွန်းအသင်း၊  ဥရောပဇုန်မှ   ဆွစ်ဇာလန်အသင်း၊ ဆားဘီးယားအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး  အုပ်စုနောက်တစ်ဆင့် တက်ရောက်ရန်  အလားအလာကောင်းများ  ပိုင်ဆိုင်ခဲ့သကဲ့သို့ လက်ရှိတွင်လည်း  လက်ရှိချန်ပီယံ ပြင်သစ်အသင်း၊ အာဂျင်တီးနား၊ ဂျာမနီနှင့် အင်္ဂလန်အသင်းတို့ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။

 ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုအပြီး ရေပန်းစားမှု စာရင်းတွင် ဘရာဇီးအသင်း၏ နောက်၌ အင်္ဂလန်အသင်းက ဒုတိယနေရာတွင်ရပ်တည်နေကာ  တတိယနေရာတွင်  လက်ရှိချန်ပီယံ ပြင်သစ်အသင်း၊ စတုတ္ထနေရာတွင်   စပိန်အသင်း၊  ပဉ္စမနေရာတွင် အာဂျင်တီးနားအသင်းတို့က     ရပ်တည်ခဲ့ကြပြီး နာမည်ကြီး ဘယ်လ်ဂျီယံအသင်း အနေဖြင့်   ဆဋ္ဌမနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ ဘရာဇီးအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် နိုဝင်ဘာ ၂၅ ရက်တွင် ဆားဘီးယားအသင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် ဆွစ်ဇာလန် အသင်းနှင့် ဒီဇင်ဘာ ၃ ရက်တွင် ကင်မရွန်းအသင်းတို့နှင့် ကစားရမည် ဖြစ်ကြောင်း သိရသည်။

Ref;B/R Football