၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏  အပြီးသတ် ကစားသမား  ၁၄ ဦး စာရင်းထုတ်ပြန်

၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏  အပြီးသတ် ကစားသမား  ၁၄ ဦး စာရင်းထုတ်ပြန်

၂၀၂၂ အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏  အပြီးသတ်ကစားသမား  ၁၄ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး အဖွင့် ပွဲစဉ်အဖြစ် ဧပြီ ၄ ရက်တွင် ဗီယက်နမ် အသင်းနှင့်   စတင်ယှဉ်ပြိုင် ကစားရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်   ဖူဆယ်အသင်း သည် အစောပိုင်းက ထိုင်းနိုင်ငံ၌ ပဏာမ ကစားသမား ၂၂ ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ   ၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲအတွက်   ကစားသမား ရှစ်ဦးလျှော့ချပြီး     အပြီးသတ် ကစားသမား ၁၄ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲကို    ထိုင်းနိုင်ငံ   ဗန်ကောက်မြို့ရှိ Huamark Indoor Stadium  ၌  ဧပြီ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု(က)တွင် အိမ်ရှင် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊  ကမ္ဘောဒီးယားနှင့် ဘရူနိုင်း အသင်း၊  အုပ်စု (ခ)တွင်  ဗီယက်နမ်၊ တီမော၊ သြစတြေးလျနှင့် မြန်မာ့လက်ရွေး စင်အသင်းတို့ တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ်  ထိုင်းနိုင်ငံသား  Mr. Bunlert Cheowarang  က တာဝန်ယူ ကိုင်တွယ်မည်ဖြစ်ပြီး လက်ထောက် နည်းပြများအဖြစ် ပြည်တွင်း နည်းပြများဖြစ်သည့် ဦးဌေးမြင့်၊  ဦးကျော်ဇင်ညွန့်၊  ဂိုးနည်းပြ အဖြစ်  ဦးထွန်းထွန်းလတ်၊   ကြံ့ခိုင်ရေး နည်းပြအဖြစ် ထိုင်းနိုင်ငံသား  Mr.Tawan Wutti တို့က တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။ ဂိုးသမားများအဖြစ် ကျော်ထက် အောင် (MIU)  နှင့်  ဇွဲပြည့်စုံ (VUC)၊  ကစားသမားများအဖြစ်    ဟိန်းမင်းစိုး (MIU)၊ မျိုးမြင့်စိုး (VUC)၊ ကိုကိုလွင် (MIU )၊  ဝေဇင်ဦး (VUC)၊   မျိုးသက်အောင်  (MIU )၊   ငြိမ်းမင်းစိုး (VUC)၊ ချမ်းသာ(VUC)၊ သိုင်းဘွဲ့အောင် (M2K)၊ ခင်ဇော်လင်း  (MIU)၊   နိုင်လင်းထွန်းကျော် (VUC)၊  လှိုင်မင်းထွန်း (MIU)နှင့်  အောင်ဇင်ဦး (VUC)  တို့ပါဝင်ခဲ့ကြ သည်။

မြန်မာ့လက်ရွေးစင်  ဖူဆယ်အသင်းသည် အုပ်စုပွဲစဉ်များအဖြစ်  ဧပြီ ၄ ရက် တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ ဧပြီ ၅ ရက်တွင် သြစတြေးလျအသင်းနှင့်  လည်းကောင်း၊ ဧပြီ ၆ ရက်တွင်  တီမော အသင်းနှင့်လည်းကောင်း  အသီးသီး ယှဉ် ပြိုင်မည်ဖြစ်သည်။

၂၀၂၂   အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊  တတိယ ရရှိသော  အသင်းသုံးသင်းမှာ  စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ ကူဝိတ်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ အာရှ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။