ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၈၁၄ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၅၈ ဦး တွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု  သုည ဒသမ ၄၂ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၈၁၄ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၅၈ ဦး တွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု  သုည ဒသမ ၄၂ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဧပြီ  ၅

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၄-၄-၂၀၂၂) ရက် ည ၈ နာရီမှ (၅-၄-၂၀၂၂) ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၈၁၄ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၅၈ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၄၂ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၇၇၁၈၇၈၈ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၁၉၈၄ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၆၆ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၀၃၅၈ ဦး ရှိပြီဖြစ်သည်။  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၃ ဦး ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်   ဆောင်ရွက်လျက်ရှိ၍ ရောဂါဖြစ်ပွား/သေဆုံးမှုများအား မျက်ခြည်မပြတ် စောင့်ကြည့်လျက်ရှိရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို   လေ့လာသုံးသပ် ကြည့်ရာတွင် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ခုနစ်ဆခန့်အထိလျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။

နိုင်ငံတကာခရီးသွား ကဏ္ဍတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုခံယူထားသူများအား ကမ္ဘာ့နိုင်ငံအများစုမှ ကွာရန်တင်း ဝင်ရောက်ရမှုမှ ဖြေလျှော့ပေးခြင်း အပါအဝင်  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသနှင့်   ဝေးလံခက်ခဲဒေသများတွင် နေထိုင်သူများ အပါအဝင် မည်သူတစ်ဦး တစ်ယောက်မှမကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများ၊ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများ စသည့် ဦးတည်အုပ်စုအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  အခမဲ့ထိုးနှံ ပေးလျက်ရှိပါ၍    ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် သွားရောက် ဆက်သွယ်၍ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံမှုကို   မပျက်မကွက်ခံယူကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာနက် စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။