မြိတ်မြို့၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီးကို ၂၀၂၈  ခုနှစ်တွင် အပြီးတည်ဆောက်မည်

မြိတ်မြို့၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီးကို ၂၀၂၈  ခုနှစ်တွင် အပြီးတည်ဆောက်မည်

မြိတ်  ဧပြီ  ၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု၌ အမေရိကန်ဒေါ်လာ  သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာ အဆင့်မီ ငါးလေလံဈေးကြီး တစ်ခုကို တည်ဆောက်ရန် တင်ပြထားခဲ့ရာ ယခုအခါ ခွင့်ပြုချက်ရရှိပြီး ဖြစ်သောကြောင့် ၂၀၂၈ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းကို အဓိကစီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်ကြပြီး မြန်မာ့ရေထွက်ကုန် ပစ္စည်းများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ရောင်းချနေရသည့် အတွက်ကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ  ငါးဈေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအား လုပ်ငန်းကာလ ခုနစ်နှစ် သတ်မှတ်ထားပြီး တည်ဆောက်ရေး လုပ်ငန်းစတင်သည့် အချိန်မှစ၍ အလုပ်အကိုင် အခွင့်အလမ်း  သောင်းနှင့်ချီကာ ရရှိမည်ဖြစ်ကြောင်းနှင့် စီမံကိန်းကို အပိုင်းလေးပိုင်းခွဲထားပြီး ငါးတင်/ ငါးချဆိပ်ကမ်း၊ အအေးခန်းများ၊ ကုန်ကြမ်းများအား  အချောထည်လုပ်မည့် စက်ရုံများ၊ လူနေအိမ်ရာများ၊ ဆက်စပ်နေရာများ၊ စီမံကိန်းအတွက် ထပ်မံတိုးချဲ့မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း  မြိတ်အများပိုင် ကော်ပိုရေးရှင်းမှ ဒါရိုက်တာတစ်ဦးက ပြောသည်။

၂၀၁၉-၂၀၂၀ ခုနှစ်မှာ  တနင်္သာရီတိုင်းဒေသကြီး အနေနှင့် ရေထွက်ကုန်ပစ္စည်း တန်ချိန် ၃ သိန်းကျော်  တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၄၇ ဒသမ ၅၁ သန်း ရရှိခဲ့ကြောင်းငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ   ငါးလေလံဈေးကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက   ထိုင်းနိုင်ငံ၏ ရေလုပ်ငန်း ကဏ္ဍများတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ ကိုယ့်နိုင်ငံသို့ပြန်လာနိုင်ကြမည် ဖြစ်ကြောင်း သိရသည်။