စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့အား အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့အား အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး-တန့်ဆည်ကားလမ်းပေါ်၌ ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့အား အကြမ်းဖက်သမားများက ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ဆေးထိုးနှံသည့် အဖွဲ့မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  မော်တော်ယာဉ်တစ်စီးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။     

ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းတွင် တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်၊ ရေဦး-တန့်ဆည်သွား ကားလမ်းမကြီးပေါ် တပင်ရွှေထီးလမ်းဆုံနှင့် ရွှေဥယျာဉ်စားသောက်ဆိုင်ရှေ့၌ ကျန်းမာရေးဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအား စိစစ်၍ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေးထိုးပေးခြင်းများအား ဆောင်ရွက်ပေးနေစဉ် နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် ကာကွယ်ဆေးထိုးပေးသည့် နေရာ၏ တောင်ဘက် ၄၅ ကိုက်ခန့်အကွာ လမ်း၏ယာဘက်မှ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြေင့် ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်း ၃ ဦး၏ မျက်နှာ၊ လက်နှင့် ရင်ဘက်တို့တွင် ပေါက်ကွဲစထိမှန်ဒဏ်ရာအချို့ရရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့်အဖွဲ့ စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီး၏ ဝဲဘက်တံခါးမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့သည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား တန့်ဆည်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုပေးလျက်ရှိကြောင်းနှင့် ထိုသို့ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။