နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) ပြန်လည် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သိန်းနီစော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) ပြန်လည် တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး                                                        

နေပြည်တော်၊ ဧပြီ - ၉

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ သိန်းနီစော်ဘွားကြီး ခွန်ဆန် တုန်ဟုန်း၏ ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်းတော်(ဟော်ခမ်းသျှမ်းဝီ) ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ရိုးရာအိုးစည်အကဖြင့် လှိုက်လှဲစွာကြိုဆို

      ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟော်နန်းတည်ဆောက်ရေးလုပ်ငန်းခွင်နေရာသို့ ရောက်ရှိကြရာ သိန်းနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ရှမ်းရိုးရာ အိုးစည်အကများဖြင့် လှိုက်လှဲစွာ ကြိုဆို နှုတ်ဆက်ကြသည်။

    ထို့နောက် ဟော်နန်းပုံစံငယ်များ ကြည့်ရှုရာ ဟော်နန်းပြန်လည်တည်ဆောက် ရေး လုပ်ငန်းတာဝန်ခံ မြို့မိမြို့ဖ ဦးစိုင်းဝင်းခိုင်၊ မနန်းလောင်ခေးနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး  ဗိုလ်ချုပ် မျိုးသန့် တို့က လုပ်ငန်းဆောင်ရွက်နေ မှု အခြေအနေများ၊ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသ၏ သမိုင်းအစဉ်အလာကြီးမားမှုကို ဖော်ပြနိုင်မည်

    ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဟော်နန်းပြန်လည်တည်ဆောက်ရာတွင် သမိုင်းအထောက်အထား များကို လေ့လာ၍ အနီးစပ်ဆုံးတူညီအောင် ကြိုးစားတည်ဆောက်ကြစေလိုကြောင်း၊ အဆောက်အဦပိုင်းပြီးစီးပါက အတွင်းပိုင်း၌ ထားရှိရမည့် ဓာတ်ပုံမှတ်တမ်းများ၊ မှတ်တမ်းစာအုပ်များ၊ သမိုင်းဝင်ရှေးဟောင်းပစ္စည်းများနှင့် အခြားအတွင်းပိုင်း အပြင် အဆင် ပစ္စည်းများကိုလည်း ကြိုတင်ဒီဇိုင်းရေးဆွဲ၍ နေရာတကျ ထားရှိနိုင်ရေး ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိုင်းပွန်ဟော်နန်း အဆောက်အဦကြီးနှင့် ကျိုင်းတုံနယ်ရှင်စော်ဘွားကြီး စဝ်ကွန်ကျောက် အင်းထလျဲန် ၏ ကျိုင်းတုံဟော်နန်းကြီး တို့ကိုလည်း ဆွေတော်မျိုးတော်တို့နှင့် ဒေသခံများ၏ဆန္ဒအရ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး မိုင်းပွန်ဟော်နန်းကြီး သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ကျိုင်းတုံ ဟော်နန်းကြီး ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း ယခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစ၍ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ သမိုင်းဝင် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦ များကို မူလပုံစံမပျက် ပြန်လည် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့ဒေသ၏ သမိုင်းအစဉ်အလာ ကြီးမား မှုကို ဖော်ပြနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ဟော်နန်းပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတကာတွင်လည်း ၎င်းတို့နိုင်ငံ၏ သမိုင်းဝင်အဆောက်အဦများ၊ အမွေအနှစ်များကို ပြန်လည်ဖော် ထုတ် တည်ဆောက်ခြင်း၊ မွမ်းမံခြင်းများပြုလုပ်၍ နောင်လာနောက်သားများ လေ့လာ နိုင်ရန်၊ သမိုင်းကို သိရှိစေရန် ပြတိုက်များ၊ လေ့လာရန်အထိမ်းအမှတ်နေရာများ အဖြစ် ပြုလုပ်ထားရှိကြသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်းဖြင့် ဆွေးနွေး မှာကြားသည်။

    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဟော်နန်းတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးအခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။

သမိုင်းဝင်မြို့ကျက်သရေဆောင် သိန်းနီဟော်နန်းကြီးအား  ပြန်လည်တည်ဆောက် ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိ

  ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သည် ဟော်နန်းပရိဝုဏ်အတွင်းရှိ ယဉ်ကျေးမှုပြခန်းအတွင်း၌ သိန်းနီမြို့တွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများအားတွေ့ဆုံခဲ့ရာ မြို့မိမြို့ဖ ဦးစိုင်းမျိုးညွန့်က ယခုကဲ့သို့ မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့သမိုင်းဝင်ကျက်သရေဆောင် သိန်းနီဟော်နန်းကြီးအား  ပြန်လည်တည်ဆောက်ရာ တွင်  ဦးဆောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီ ပြီးစီးတော့မည့် သိန်းနီဟော်နန်းကြီးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်းနှင့် ဟော်နန်းကြီး  ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်လည်း ဒေသခံများအားလုံး ဝိုင်းဝန်း၍ ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး ဒေသခံများက ဒေသရေရရှိရေး အတွက် လိုအပ်ချက်များကို တင်ပြကြသည်။

သိန်းနီဒေသ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ မှာကြားဆွေးနွေး

    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သိန်းနီဟော်နန်းကြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေးလာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သိန်းနီမြို့ သည် စီးပွားရေးအရ အချက်အခြာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ဒေသ ဖွံ့ဖြိုးတိုးတက် ရေးအတွက် လုပ်ဆောင်ပေးနိုင်ရေးစဉ်းစားခဲ့ရာတွင် ဦးစွာယဉ်ကျေးမှုအစဉ်အလာ များကိုဖော်ထုတ်လျက် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဟု လေ့လာ တွေ့ရှိခဲ့ကြောင်း၊ ထို့ကြောင့် သိန်းနီဟော်နန်းကြီးကို ပြန်လည်တည်ဆောက်ပေး နိုင်ရေး စဉ်းစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လူပုဂ္ဂိုလ် တစ်ဦးချင်းတိုးတက်မှသာလျင် ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ မြို့နယ်မှစ၍ ဒေသတစ်ခုလုံးလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒေသခံများကအဓိက ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။

    ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာများဖြင့် ပြည့်စုံ သည့် ပညာတတ်လူသားအရင်းအမြစ်များ လိုအပ်မည် ဖြစ်သဖြင့် ပညာရေးကို အား ပေးဆောင်ရွက်ကြစေလိုကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံသားတိုင်း ပညာသင်ကြားနိုင် ရေးအတွက် ဆောင်ရွက်ပေးထားပြီးဖြစ်သော်လည်း ကျောင်းတက်၍ စာပေပညာ သင်ကြားကြမှသာလျင် စာပေတတ်မြောက်ကြမည်ဖြစ်ကြောင်း၊ ပညာတတ်မှသာလျင် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ပညာရေး နောက်ကျ ကျန်ရစ်ခဲ့ခြင်း မရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူတို့၏ တစ်နှစ်တာ အချိန် မနစ်နာစေရေးအတွက် ကိုဗစ်-၁၉ ဖြစ်ပေါ်နေသည့် ကြားကပင် စာသင် ကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် အခြေခံပညာ ပညာရေး၏ စာသင်နှစ်ပြီးဆုံးပြီဖြစ်ပြီး နောင်လာမည့်နှစ် စာသင်နှစ်၌ ပညာရေး အရှိန်အဟုန်မြှင့်တင်ရန် ကြိုတင်ပြင်ဆင်ထားကြစေလိုကြောင်း၊ တစ်ဦးချင်းစီ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးမှသည် ဒေသအကျိုးအတွက် တိုက်တွန်းပြောကြား ခြင်းသာဖြစ်ကြောင်း။

    ဒေသဖွံ့ဖြိုးရေးအတွက် အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ဒေသ၏ ရေခံ မြေခံကောင်းများကို အကျိုးရှိရှိ အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ဒေသတွင်း တန်ဖိုးမြင့် ထုတ်ကုန်၊ ထွက်ကုန်များ ထွက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုပြီး လိုအပ်သည့် စိုက်ပျိုးမွေးမြူရေး အသိပညာနှင့် အရင်းအနှီးများကို အစိုးရမှ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍ အဆင့်မြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် သိန်းနီဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်နိုင်မည့် အခြေအနေများအား အကျယ်တဝင့် ဆွေးနွေးပြောကြား သည်။

    ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က သိန်းနီမြို့ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ မြို့မိမြို့ဖ ဦးစိုင်းမျိုးညွန့်က လက်ခံရယူသည်။

   အဆိုပါ သိန်းနီဟော်နန်းကို အေဒီ ၁၉၁၀ ခုနှစ်၊ သက္ကရာဇ် ၁၂၇၂ ခုနှစ်တွင် ဒသဓမ္မရာဇာ နိဂြောဓာ မဟာမင်းခေါင်ဘွဲ့တော်ရ သိန်းနီစော်ဘွားကြီးခွန်ဆန် တုန်ဟုန်းက ကြီးကျယ်ခမ်းနားထည်ဝါသည့် ဟော်နန်းအသစ်ကြီးအဖြစ် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ကျွန်းသားအစစ်များဖြင့် မန္တလေးနန်းတော်ပုံစံအတိုင်းဆောက်လုပ် ထားပြီး အဆောက်အဦကြီး တစ်ခုထဲတွင် တစ်ခုနှင့် တစ်ခု ဆက်သွယ်ထားသော အဆောက်အဦများစွာ ပါဝင်သည့် ပုံစံဖြစ်ကြောင်း၊ အလယ်တည့်တည့်တွင် ညီလာခံခန်းမကြီးတစ်ခုနှင့် မြေပေါက်ပလ္လင်တော်တစ်ခုလည်း ပါရှိကြောင်း၊ စော်ဘွား ကြီးသည်  နှလုံးလေဟပ်သည့် ရောဂါဖြင့် နန်းတက်ကာလ ၃၃ နှစ်၊ အေဒီ ၁၉၁၆ ခုနှစ်၊ သက္ကရာဇ် ၁၂၇၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ အင်္ဂါနေ့ ညသန်းခေါင်ကျော် နံနက် ၁ နာရီတွင် နတ်ရွာစံကံတော်ကုန်ခဲ့ကြောင်း၊ အေဒီ ၁၉၃၇ ခုနှစ်၊ သက္ကရာဇ် ၁၂၉၉ ခုနှစ်တွင် ဂျပန်လေတပ်များက ရှမ်းပြည်နယ်(မြောက်ပိုင်း) တစ်ခွင်လုံးကို ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အေဒီ ၁၉၄၀ ခုနှစ်တွင် သိန်းနီကို ဂျပန်တို့က အပြီး အပိုင်သိမ်းပိုက်ခဲ့ကြောင်း၊ အေဒီ ၁၉၄၄ ခုနှစ်တွင် အမေရိကန် စစ်လေယာဉ်များသည် သိန်းနီ-နမ္မတူ ချောင်းကူးတံတားကို ဗုံးကြဲဖျက်ဆီးခဲ့ပြီး သိန်းနီမြို့ကိုလည်း ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးများကြဲချတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု များစွာ ဖြစ်ပေါ်ခဲ့ပြီး သမိုင်းတွင်ထင်ရှားခဲ့သည့် သိန်းနီစော်ဘွားကြီး ခွန်ဆန် တုန်ဟုန်း၏ ဟော်နန်းကြီးသည်လည်း မြေခပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက် အရ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဟော်နန်းပြန်လည်တည်ဆောက်ရေး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟော်နန်းအဆောက်အဦသစ်ကို မူလ အဆောက်အဦဟောင်းမြေနေရာ၏ လက်ဝဲဘက် ၆၃ ပေအကွာ၌ ဆောက်လုပ်လျက် ရှိပြီး လက်ရှိအချိန်တွင် ပြီးစီးမှုရာခိုင်နှုန်း ၇၀ ခန့်ပြီးစီးပြီဖြစ်ကြောင်းနှင့် ပြီးစီးပါက ဟော်နန်းပြတိုက်အဖြစ်ထားရှိ၍ ဒေသအတွင်း သမိုင်းဝင်လေ့လာစရာနေရာနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ မိသားစုဝင်များနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက် သို့သွားရောက်၍ သီရီမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဒမ ဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား ဖူးမြော် ကြည်ညိုသည်။

   ဦးစွာ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများနှင့် ဘာသာရေးဆိုင်ရာ တို့ကို မေးမြန်းလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သီရိရတနာ ဆွမ်းစားကျောင်းဆောင်တော်အတွင်း၌ မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင် သားသံဃာတော် အပါး ၁၀၀ နှင့် မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးအမှူးပြု သည့် သံဃာတော်များအား ဆွမ်းလောင်းလှူကာ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။