မန်စီးတီးအသင်းက ကျူပီအာအသင်းနှင့် ပွဲစဉ်မှ အဂူရို၏ သွင်းဂိုးကို ဂုဏ်ပြုသည့် အနေဖြင့် ၎င်း၏ ပုံတူရုပ်တုထုလုပ်ပြီး အိမ်ကွင်းရှေ့၌ ထားရှိဂုဏ်ပြုမည်

မန်စီးတီးအသင်းက ကျူပီအာအသင်းနှင့် ပွဲစဉ်မှ အဂူရို၏ သွင်းဂိုးကို ဂုဏ်ပြုသည့် အနေဖြင့် ၎င်း၏ ပုံတူရုပ်တုထုလုပ်ပြီး အိမ်ကွင်းရှေ့၌ ထားရှိဂုဏ်ပြုမည်

မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ် စေမည့် ကျူပီအာအသင်းနှင့် ပွဲစဉ်တွင် သွင်းယူခဲ့သည့်  အဂူရို၏ သွင်းဂိုး  ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်း၏ပုံတူရုပ်တုထုလုပ်ပြီး အိမ်ကွင်းရှေ့၌ ထားရှိကာ ဂုဏ်ပြုမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁-၂၀၁၂ ဘောလုံးရာသီက မန်ယူအသင်းနှင့် မန်စီးတီးအသင်းတို့သည် ချန်ပီယံဆု အတွက် နောက်ဆုံးပွဲစဉ်အထိ အကြိတ်အနယ်ရှိခဲ့ကာ မန်စီးတီးအသင်းက    အဂူရို၏ နောက်ကျသွင်းဂိုးဖြင့်    အနိုင်ရရှိခဲ့ပြီးနောက် မန်ယူအသင်းကို ကျော်ဖြတ်ကာ ပရီးမီးယား လိဂ်ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်၌ ကျူပီအာအသင်းသည်လည်း တန်းဆင်းဇုန်တွင် ရုန်းကန်နေရပြီး တန်းဆင်းဇုန် ဖိအားရှိနေသကဲ့သို့ မန်စီးတီးအသင်းကလည်း မဖြစ်မနေ အနိုင်ရရှိမှသာ ချန်ပီယံဆုဆွတ်ခူးနိုင်မည့် အခြေအနေများကြောင့်  အကြိတ်အနယ်ရှိခဲ့ပြီး ကျူပီအာ အသင်းအနေဖြင့် ပွဲချိန်အစောပိုင်းက နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း  ပွဲချိန် မိနစ်  ၉၀ တွင် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါ ဘောလုံးရာသီတွင် မန်ယူအသင်းက ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်မည်ဟု ကြိုတင်ခန့်မှန်း ထားကြသော်လည်း  ကျူပီအာအသင်းနှင့် ပွဲစဉ်၌ အဂူရိုက ပွဲချိန် ၉၄ မိနစ်တွင် အသင်းအတွက် အဖိုးတန် သမိုင်းဝင်စေမည့် သွင်းဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီး အသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းနှင့် ကျူပီအာသင်းတို့ အနေဖြင့်  ၂၀၁၂ ခုနှစ် မေ ၁၃ ရက်က  ကစားခဲ့ခြင်းဖြစ်ပြီး လာမည့်  မေ ၁၃ ရက်တွင်  အဂူရို၏ သွင်းဂိုးဖြင့် ချန်ပီယံဖြစ်ခဲ့သည်မှာ   ၁၀    နှစ်ပြည့်မည်ဖြစ်သည့် အတွက်    မန်စီးတီးအသင်းက     အဆိုပါသွင်းဂိုးကို ဂုဏ်ပြုပွဲ အခမ်းအနားပြုလုပ်ရန် စီစဉ်ထားပြီး ဂုဏ်ပြုပွဲ အခမ်းအနားတွင်လည်း အဂူရို၏ ပုံတူရုပ်တု ထုလုပ်ကာ  အိမ်ကွင်းရှေ့၌   ထားရှိ ဂုဏ်ပြုမည်ဖြစ်ကြောင်း သိရသည်။