ဂျပန်ဝန်ကြီးချုပ်သစ် ဆူဂါအတွက် စောင့်ကြိုနေသည့်စိန်ခေါ်မှုများ

ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ်ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအလှည့် အပြောင်းက အရေးပါဆုံးဖြစ်သည်။ ပြည်သူများကိုယ်တိုင် ရွေးကောက်တင်မြှောက်လိုက်သည့်  အစိုးရတိုင်း၏ သက်တမ်းကုန်ဆုံးသည်အထိ အကျိုးဆက်ဆိုးကောင်းမှန်သမျှကို ခံစားရမည်ဖြစ်ကာ ဗိုင်းရပ်ဖြစ်ပွားနေသည့်ကြားမှ ရွေးကောက်ပွဲ ပထမဆုံးကျင်းပခဲ့သည့်နိုင်ငံက တောင်ကိုရီးယား နိုင်ငံဖြစ်သည်။

တောင်ကိုရီးယားပြည်သူတို့က ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေသည့်ကြားမှ ရွေးကောက်ပွဲ မဲထည့်ရသည် ကိုပင် အမှန်တကယ်လိုအပ်နေချိန်ဖြစ်၍ ၎င်းတို့လိုချင်သည့်အစိုးရကို မဲထည့်မည်ဟုခံယူခဲ့ကြ သောကြောင့် လက်ရှိ သမ္မတမွန်ဂျေးအင် သမ္မတတာဝန်နှစ်ဆက်ကို ပြည်သူထောက်ခံမှုအပြည့်ဖြင့်  ဆက်လက် တာဝန်ယူထားနိုင်ခြင်း ဖြစ်သည်။

ထိုအတိုင်းပင် အာရှ၏အင်အားကြီး နိုင်ငံဖြစ်သော ဂျပန်၌လည်း ဗိုင်းရပ်နှင့် လုံးပန်းနေရချိန်   ဝန်ကြီးချုပ် အပြောင်းအလဲဖြစ်ခဲ့ပြန်သည်။ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ရောဂါကြောင့် နုတ်ထွက်ခဲ့ရပြီး ၎င်းနေရာကိုဆက်ခံခဲ့သူက ကက်ဗိနက် ဝန်ကြီး ယိုရှီဟီဒေးဆူဂါ ဖြစ်သည်။ ရှင်ဇို အာဘေး၏ ပထမဝန်ကြီးချုပ်တာဝန် ထမ်းဆောင်သည့် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်ကတည်းက   သစ္စာရှိထောက်ခံသူဖြစ်ပြီး ဂျပန်၏ဒစ်ဂျစ်တယ်စနစ် အကူးအပြောင်းကိုလည်း အကောင်အထည် ဖော်နိုင်ရန် ရှေ့တန်းမှနှိုးဆော်ခဲ့သူဖြစ်သည်။

ဝန်ကြီးချုပ်သစ်အတွက် စိန်ခေါ်မှုများက ရှေ့၌ဆီးကြိုနေကာ ကျဆင်းနေသော စီးပွားရေးကို  ပြန်လည် ဦးမော့စေရေး၊ အဓိက မဟာမိတ် အမေရိကန်နှင့် ဆက်ဆံရေး၊ ဒေသတွင်းပြိုင်ဘက် တရုတ်နှင့် တည်ငြိမ်သည့်ဆက်ဆံရေး တည်ဆောက်ရန်နှင့် အငြင်းပွားပိုင်နက် ပြဿနာတစ်ရပ်ကို ရုရှားနှင့် အဖြေရှာနိုင်ရန်ကလည်း အရေးကြီးနေသည်။

ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် လက်ယာစွန်းဝါဒီဖြစ်သည့်အတွက် အမေရိကန်နှင့် ဆက်ဆံ ရေးကို တခြားနိုင်ငံများ မထိန်းနိုင်ချိန်တွင်ပင် ကောင်းမွန်စွာ ထိန်းထားနိုင်ခဲ့ပြီး တရုတ်နှင့်ဆက်ဆံ ရေးကို ပြတ်သားစွာ ကိုင်တွယ်ခဲ့သည်။

တရုတ်နှင့် အရှေ့တရုတ်ပင်လယ်ပြင် ပိုင်နက်အငြင်းပွားမှုပြဿနာက အာဘေးလက်ထက်တွင်   ရှီကျင့်ဖျင်နှင့် တင်းမာသည့်ဆက်ဆံရေး ထိပ်ဆုံးသို့ရောက်ရှိစေခဲ့ပြီး တောင်ကိုရီးယားနှင့် ဆက်ဆံ ရေးကလည်း  အဆိုးရွားဆုံးဖြစ်ခဲ့သည်။  ကမ္ဘာ့စီးပွားရေး အင်အားကြီး နှစ်နိုင်ငံဖြစ်သည့် အမေရိ ကန်နှင့်တရုတ်တို့ ကုန်သွယ်ရေး စစ်ပွဲဖြစ်နေချိန်တွင် အာရှ၌လည်း ဂျပန်နှင့် တောင်ကိုရီးယားတို့  ကုန်သွယ်ရေးစစ်ပွဲအလား ပြဿနာများစွာဖြစ်နေခဲ့သည်။

ထို့ကြောင့် အာရှ၏ နောက်ပိုင်းကမ္ဘာ့အရေး လှုပ်ရှားမှုများက ခန့်မှန်းမရဘဲ ပိုမိုမြန်ဆန်လာကာ ထိုအထဲမှ ဖွံ့ဖြိုးပြီး ကမ္ဘာ့ တတိယ စီးပွားရေး အင်အားအကြီးဆုံး ဂျပန်၏ အခန်းကဏ္ဍက ပိုမို အရေးပါလာ ခဲ့သည်။ ထို့ကြောင့် ဝန်ကြီးချုပ်သစ် ဆူဂါအတွက် ပြတ်သားသည့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်မည်ကို ဂျပန်အရေးလေ့လာ စောင့်ကြည့်သူများက စိုးရိမ်နေပြီး ၁၉၉၃ ခုနှစ်ကတည်းက မကြာခဏ ဝန်ကြီးချုပ်များ ပြောင်းလဲခဲ့သည့် ဂျပန်နိုင်ငံဆီသို့ ပြန်လှည့် မည်လားဆိုသည့် အသံများ ပင် ထွက်ပေါ်လာသည်။

စက်တင်ဘာ ၂၅ ရက်က ဆူဂါက တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ် စကား ပြောခဲ့ကာ တောင်တရုတ်ပင်လယ်ပြင်အရေးနှင့် နှစ်နိုင်ငံကြား တည်ငြိမ်သည့် ဆက်ဆံရေးတစ်ရပ်   ထူထောင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်အစပိုင်းတွင် ရှီကျင့်ဖျင် ဂျပန်သို့ လာရောက် မည့်ခရီးစဉ်ပင်ရှိကာ ဗိုင်းရပ်အရေးကြောင့် ပျက်သွားခဲ့ရသည်။

ထို့ကြောင့် ခေါင်းဆောင်နှစ်ဦးကြား တင်းမာမှုကို မျက်နှာချင်းဆိုင်ဖြေရှင်းရန် အခွင့်အရေးတစ်ခု     လက်လွှတ်ဆုံးရှုံးခဲ့ရကာ အရှေ့တရုတ် ပင်လယ်ပြင်တင်းမာမှုကလည်း ဆက်လက်တည်ရှိနေခဲ့ သည်။ ထို့ကြောင့် ဆူဂါလက်ထက်တွင်လည်း တရုတ်သမ္မတနှင့် မျက်နှာချင်းဆိုင် အဖြေတစ်ခုရှာရန်  ကြိုးစားလာမည်လားဆိုသည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဆူဂါက စက်တင်ဘာ ၂၇ ရက်တွင် ဖုန်းဖြင့် စကားပြောခဲ့သည်။

ဂျပန်နိုင်ငံအတွက် အမေရိကန်နှင့် ဆက်ဆံရေးကို အကောင်းဆုံးထိန်းထားနိုင်ရန် အရေးကြီးဆုံး ဖြစ်ကာ ပိုင်နက်အငြင်းပွားမှု ကြာရှည်နေသည့် တရုတ်၊ ရုရှားတို့နှင့် တည်ငြိမ်သည့် ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်ရန်လည်း အရေးကြီးသည်။ တည်ငြိမ်သည့်ဆက်ဆံရေး တစ်ခုသာ မထူ ထောင်နိုင်လျှင် ဗိုင်းရပ်ကြောင့် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံးကျဆင်းခဲ့သည့် ဂျပန်စီးပွားရေး ပြန်လည်နာလန်ထူလာရန် လိုအပ်သည်ထက် အချိန်ပိုကြာမည်ဖြစ်ကာ Supply Chain ထောက်ပို့ ကဏ္ဍ စီးဆင်းမှုလည်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်မဟုတ်ပေ။

ဂျပန်၌ သက်တမ်းရှည်ကြာစွာ တာဝန်ထမ်းဆောင်နိုင်သည့် ဝန်ကြီးချုပ်အရေအတွက်က လက်ချိုး ရေတွက်၍ရလောက် အောင်ပင်နည်းခဲ့သည်။ ထိုအထဲတွင် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် သက်တမ်းများအပြင်၂၀၁၂  ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အရှည်ကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ် တစ်ဦးဖြစ်သည်။

ဂျပန်စီးပွားရေးကို အကောင်းမွန်ဆုံးပြန် လည်ဦးမော့လာစေရန် စွမ်းဆောင်နိုင်သည့် အာဘေးကို     လက်လွှတ်လိုက်ရသည့်အတွက် ဂျပန်ပြည်သူတို့ စိတ်မကောင်းဖြစ်ခဲ့ရကာ နိုင်ငံကို ကိုယ်ပိုင်ကာ ကွယ်ရေး တပ်မတော်ဆိုသည့် ခေါင်းစဉ်အောက်မှ အကောင်းမွန်ဆုံး ချဲ့ထွင်ထားနိုင်သူဖြစ်သည်။ အာဘေးတွင် ရေရှည်ရည်မှန်းချက်များစွာရှိခဲ့ပြီး ထိုအထဲတွင် ဒစ်ဂျစ်တယ်စီးပွားရေး အကူး အပြောင်းနှင့် စစ်ရေး၊ နောက်ဆုံး လူဦးရေ သန်း ၁၀၀ အောက် မရောက်ရန်အရေးပင် ဒေါ်လာ ဘီလီယံနှင့်ချီပြီးသုံးရန် ရန်ပုံငွေသီးသန့်ထားခဲ့သည်။

ထို့ကြောင့် ဂျပန်က အာဘေးလက်ထက်တွင် ပိုမိုအားကောင်းလာပြီး ကမ္ဘာ့ သြဇာစင်မြင့်ထက်၌ လည်း ခိုင်မြဲစွာ ရပ်တည်နိုင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၁၂  ခုနှစ်အထိ  ဂျပန်၌ ဝန်ကြီးချုပ် ၁၃ ဦးအထိ ပြောင်းလဲခဲ့ကာ ဥရောပမှ ဝန်ကြီးချုပ် အပြောင်းအလဲများသည့် အီတလီထက်ပင် နှစ်ဆ နီးပါးပိုများခဲ့သည်။ ထိုသမိုင်းကြောင်းများကြောင့် ဂျပန်ပြည်သူတို့ နိုင်ငံကို ကောင်းမွန်စွာပဲ့ကိုင်နိုင် သည့် ဝန်ကြီးချုပ်တစ်ဦး လက်လွှတ်လိုက်ရခြင်းအတွက် ဝမ်းနည်းခဲ့ကြကာ အာဘေး၏ သစ္စာ တော်ခံဖြစ်သည့်အတွက် ဆူဂါအပေါ် အကောင်းဆုံး မျှော်လင့်နေကြသည်။ ဆူဂါသည် ကိုယ်ပိုင် အရည်အချင်းဖြင့်  နိုင်ငံရေးစင်မြင့်ထက် တက်လာခဲ့သူဖြစ်ကာ အာဘေးအကောင်အထည်ဖော်မည့် ဂျပန်အတွက် အောင်မြင်သည့်အကြံဉာဏ်များ ပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် အာဘေး နေရာ ဆက်ခံသည့် ဆူဂါက ဂျပန်ကို မည်မျှအထိ ပဲ့ကိုင်နိုင်မည်လဲဆိုသည်ကိုစောင့် ကြည့်ရဦးမည်ဖြစ် ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။  ။      

ရှိန်းထက်

Ref;BBC