မွန်ပြည်နယ်ရှိ ကျွဲကောစိုက်ပျိုးသူများ ကျွဲကောသီး အထွက်နည်းပါးချိန်တွင် အဝယ်လိုက်နေသောကြောင့် ဈေးကောင်း ရနေ

မွန်ပြည်နယ်ရှိ ကျွဲကောစိုက်ပျိုးသူများ ကျွဲကောသီး အထွက်နည်းပါးချိန်တွင် အဝယ်လိုက်နေသောကြောင့် ဈေးကောင်း ရနေ

ကျွဲကောသီး အထွက်နည်းပါးချိန်တွင် အဝယ်လိုက်နေသောကြောင့် ဈေးကောင်း ရရှိနေကြောင်း မွန်ပြည်နယ်ရှိ ကျွဲကော စိုက်ပျိုးသူများ၏ ပြောကြားချက်အရ  သိရသည်။

လတ်တလောတွင် ပန်းရောင် (၁) ကျွဲ ကောသီးတစ်လုံးလျှင်  ငွေကျပ်  ၂၄၀၀ ဝန်းကျင် ရရှိနေကြောင်း သိရသည်။

“ ကျွဲကောသီးက ဒုတိယအသုတ်ထွက်တဲ့   ရာသီချိန်အစမှာကတည်းက  ဈေး ကောင်းနေတာပါ။  အခု  အသီး ပိုရှားချိန်ဆိုတော့ အဝယ်ပိုလိုက်ပြီး ဈေးကောင်းလာတယ်။ ရန်ကုန်မြို့ကို  အဓိက တင်ပို့ပါတယ်။  အခုက  နောက်သီးလေးတွေဆိုတော့ ပိုအထားခံတယ်။  ပန်းရောင်သီးက ရောင်းအား ပိုကောင်းတယ် ” ဟု  မွန်ပြည်နယ်မှ ကျွဲကောစီးပွားဖြစ် စိုက်ပျိုးသူ ဦးမင်းစိုးကပြောသည်။

ပြည်တွင်းမှစိုက်ပျိုးထွက်ရှိသည့်   ကျွဲ ကောသီးများတွင် ပန်းရောင်နှင့် အဖြူဟူ၍ ရှိပြီး အဖြူသီးများမှာ အရသာပိုမိုကောင်း မွန်သော်လည်း ပန်းရောင်သီးများမှာ ပိုမို တာရှည်ခံလေ့ ရှိကြောင်း သိရသည်။

ကျွဲကောသီးကို ရန်ကုန်တိုင်းဒေသကြီး ၌ ဧက ၃၀၀ ကျော်၊ မွန်ပြည်နယ်၌ ၃၂၀၄ ဧက  အပါအဝင်  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊   တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် ကချင်ပြည် နယ်တို့၌  စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင်   ဧရာဝတီတိုင်း ဒေသကြီး၌ ကျွဲကောသီးကို သီးညှပ်စိုက်ပျိုး ခြင်းအပြင် ကချင်ပြည်နယ်၌လည်း တိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။