ယခုလဆန်းပိုင်းမှစ၍ ဘဲဥဈေးကောင်းလာသဖြင့် ဘဲမွေးမြူသူများ အဆင်ပြေလျက်ရှိ

ယခုလဆန်းပိုင်းမှစ၍ ဘဲဥဈေးကောင်းလာသဖြင့် ဘဲမွေးမြူသူများ အဆင်ပြေလျက်ရှိ

ယခုလဆန်းပိုင်းမှစ၍ ဘဲဥဈေးကောင်းလာသဖြင့် ဘဲမွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်မှ ဘဲမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

“လက်ရှိမှာ ဘဲစာဈေးကောင်းနေတယ်ဆိုပေမယ့် ဘဲဥတစ်လုံးကို ငွေကျပ် ၁၅၀ လောက်ရရင်တောင်    ဘဲမွေးမြူသူတွေ အဆင်ပြေပါတယ်။ ဘဲဥတစ်လုံးကို ငွေကျပ် ၁၀၀ လောက်ရရင် အမြတ်မကျန်တော့ဘူး။ အခုရတဲ့ဈေးက မွေးမြူသူတွေရော ရောင်းချသူတွေအတွက်ပါ အမြတ်ကျန်ပါတယ်”ဟု ၎င်းကပြောသည်။

ယခုလအတွင်း ဘဲဥဈေးကောင်းလာရာ ဧပြီ ၁၉ ရက်တွင် ဘဲဥ 18 kg တစ်လုံး လျှင် ငွေကျပ် ၁၇၉ ကျပ်၊ 19 kg  တစ်လုံးလျှင် ငွေကျပ် ၁၈၇ ကျပ်၊ 20 kg  တစ်လုံးလျှင် ငွေကျပ် ၁၉၅ ကျပ်၊ 21 kg  တစ်လုံးလျှင် ငွေကျပ် ၂၀၃ ကျပ်၊ 22 kg  တစ်လုံးလျှင် ငွေကျပ် ၂၁၁ ကျပ်၊ 23 kg  တစ်လုံးလျှင် ငွေကျပ် ၂၁၉ ကျပ်ရရှိပြီး လက်ကားဈေးအနေဖြင့် ဘဲဥအရွယ်အစား အလိုက် သတ်မှတ်ရောင်းချကာ လက်လီဈေးကွက်၌တစ်လုံးလျှင် ငွေကျပ် ၂၅၀ မှ ၃၀၀ အထိ  အရွယ်အစားအလိုက်  ဈေးနှုန်းသတ်မှတ်ရောင်းချကြောင်း သိရသည်။

“ ဘဲမွေးမြူသူတွေအနေနဲ့ အစာကောင်းကောင်း ကျွေးနိုင်ရင် သုံးလခွဲကနေ စဥ တယ်။ အစာမကောင်းရင် ခုနစ်လလောက်မှ စဥတယ်။ ဘဲဥက တစ်နှစ်ပတ်လုံး ဥတယ်။

အမွေးအတောင်ပြင်တဲ့ ငါးပတ်၊ ခြောက်ပတ်ဝန်းကျင်ပဲ ဥနှုန်းကျတယ်။ အစာဈေးကောင်းပေမယ့် အခုဘဲဥဈေးနဲ့ဆိုရင် အရှုံးမရှိပါဘူး”ဟု ၎င်းကပြောသည်။

ဘဲမွေးမြူခြင်းကို ပဲခူးတိုင်းဒေသကြီး၌ အများဆုံးမွေးမြူကြပြီး ဧရာဝတီတိုင်းဒေသကြီး၌ ဒုတိယအများဆုံးနှင့် မန္တလေးတိုင်းဒေသကြီး၌  တတိယအများဆုံး မွေးမြူကြကာ  ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှထွက်ရှိသည့်ဘဲဥများကို    ရန်ကုန်မြို့သို့ အဓိက တင်ပို့ကြောင်း သိရသည်။