ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်း ရရှိနေ

ဘိုကလေးမြို့နယ် ဒေသထွက်ဓနိ မိုးကြိုကာလ၌ ဈေးကောင်း ရရှိနေ

ဘိုကလေး  ဧပြီ   ၂၀

ပင်လယ်ရေငန်ဒေသများနှင့် ဒီရေတောဒေသများတွင် ပေါက်ရောက်လေ့ရှိသည့် ဓနိပင်များသည် မြစ်ဝကျွန်းပေါ် ဒီရေတောဒေသဖြစ်သည့် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် အောက်ဘက် တစ်လျှောက် ပေါများစွာ ပေါက်ရောက်လေ့ရှိရာ ယခုကဲ့သို့ မိုးရာသီရောက်ခါနီး မိုးကြိုကာလ၌   ဘိုကလေးဒေသထွက် ဓနိများ ဈေးကွက်အတွင်း၌ ဈေးကောင်း ရရှိနေကြောင်း ဓနိလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ဓနိပင်များအား စိုက်ပျိုးရာတွင် ဒီရေအတက်အကျရှိသည့်    ကမ်းစပ်မြေ၌  ၆  တောင်ခန့်ခွာ၍ ညီညာစွာ စိုက်ပျိုးရပြီး စတင်စိုက်ပျိုးချိန်မှစ၍ သုံးနှစ်တာကြာမြင့်ချိန်၌ ဓနိတစ်ပင်လျှင် ဓနိကိုင်း ၁၀ ကိုင်းခန့် ထွက်ရှိကြောင်း၊ ကာလပိုမိုကြာမြင့်လာပါက ဓနိပျစ်ပိုမိုကြီးထွားလာ၍ ဓနိကိုင်း ၂၅ ကိုင်းအထိ ထွက်ရှိလေ့ရှိကြောင်း ဓနိခြံ ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ဓနိလုပ်ငန်းသည်  တစ်နှစ်လျှင်တစ်ကြိမ်သာ ငွေပေါ်သည့် ရာသီကုန်ဖြစ်ပြီး လယ်ယာလုပ်ငန်းကဲ့သို့ နှစ်စဉ် အရင်းအနှီး ထည့်ဝင်ရသည့် လုပ်ငန်းမျိုးမဟုတ်ဘဲ ဓနိခြံပိုင်ရှင်များ အနေဖြင့်    တစ်မိုးတွင်းလုံး ဓနိအရွက်၊ အလက်မွေး၍ နွေရောက်မှသာလျှင်ခုတ်ယူကြပြီး ငွေပေါ်ရသည့် လုပ်ငန်းမျိုးဖြစ်သည်။

အခြားသော ဥယျာဉ်သီးနှံများကဲ့သို့ ဓာတ်မြေသြဇာကျွေးရခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း လုံးဝလုပ်စရာမလိုဘဲ ဒီရေများနှင့် ပါလာသော  နုန်းမြေများသည် ဓနိခြံအတွင်းတွင် တင်ကျန်နေခဲ့ပြီး သဘာဝမြေသြဇာအဖြစ် ဓနိပင်များကို ကြီးထွားစေသည်။

ဓနိလုပ်သားများအနေဖြင့် နွေကာလ၌ ဓနိအလက် ခုတ်ကြပြီး ရေလမ်း၊ ကုန်းလမ်းဖြင့် အဆင်ပြေအားလျော်စွာ သယ်ယူကြ၍ အိမ်သို့ရောက်သည့်အခါ ဓနိလက်များကို စီ၍ အတန်းလိုက် နှစ်ပတ်ခန့်နှပ်ထားသည်။ ဓနိများနပ်သည့်အခါ ဝါးကိုစိတ်ထားသည့် နှစ်တောင့်ထွာခန့်ရှိသည့် ဓနိတံများ၌ ဓနိထိုးကာ ဈေးကွက်များအတွင်းသို့ ပို့ကြပြီး ဈေးကွက်များသို့ ရောက်ရှိချိန်တွင် ဓနိအပျစ် ၁၀၀ လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးကောင်း ရရှိကြောင်း ဓနိလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။