ထန်းလျက်ဈေးကောင်း ရရှိနေသောကြောင့် ထန်းတောင်သူများ အဆင်ပြေလျက်ရှိ

ထန်းလျက်ဈေးကောင်း ရရှိနေသောကြောင့် ထန်းတောင်သူများ အဆင်ပြေလျက်ရှိ

ညောင်ဦး  ဧပြီ  ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ထန်းတောင်သူများ ထန်းဖိုထန်းတက် လုပ်ငန်းပြီးဆုံးခါနီးချိန် ထန်းမထန်းတက် လုပ်ငန်းစတင်ချိန် ထန်းလျက်တစ်ပိဿာ ငွေကျပ် ၂၅၀၀ ဈေးနှုန်းဖြင့် ရောင်းချနေရသောကြောင့် ထန်းတောင်သူများ  အဆင်ပြေလျက်ရှိကြောင်း ညောင်ဦးမြို့နယ် ထန်းတောင်သူ များထံမှ သိရသည်။

ထန်းတောင်သူများသည် ထန်းတက် လုပ်ငန်းများအား တပို့တွဲလမှစတင်၍ ထန်းလုပ်ငန်း စတင်လုပ်ကိုင်ကြပြီး  သီတင်းကျွတ်လတွင် ထန်းရာသီပြီးဆုံးကြောင်း၊ ထန်းတောင်သူများ  ထန်းတက်ရာတွင် တန်ခူးလမှစတင်၍ ထန်းဖိုပင်များ ကိုစတင်တက်ကြပြီး ထန်းဖိုရာသီ ထန်းလျက်ချက် လုပ်ငန်းမှာ နယုန်လ တွင်ပြီးဆုံးကြောင်း၊ ထန်းမ ထန်းတက်ရာသီဖြစ်သည့်  နယုန်လမှစတင်ကာ ထန်းမထန်းတက် လုပ်ငန်းစတင်ပြီး သီတင်းကျွတ်လတွင် ထန်းရာသီလုပ်ငန်း သိမ်းဆည်းကြကြောင်း ညောင်ဦးမြို့နယ် ကူကျေး ရွာအုပ်စု တောင်ရှေ့ကျေးရွာ ထန်းတောင်သူ ဦးအေးဟန်က ပြောသည်။

ညောင်ဦးမြို့နယ် ထန်းတောင်သူများ ထန်းလျက်ရရှိချိန် ထန်းလျက်ရောင်းချရာတွင်     ထန်းရာသီတစ်လျှောက် ဈေးနှုန်းတူညီမှုမရှိဘဲ ပေါ်ဦးပေါ်ဖျား ထန်းလျက်ဈေးနှုန်းမှာ တစ်ပိဿာငွေကျပ်၂၀၀၀ စတင်ရောင်းချခဲ့ရပြီး ထန်းလျက်လှိုင်လှိုင်ပေါ်ချိန် တပို့တွဲလတွင် ထန်းလျက် တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ ထိ ဈေးနှုန်းကျဆင်းလေ့ ရှိကာ ထန်းမ ရာသီချိန်တွင် ထန်းလျက်တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ မှ ၂၅၀၀ ထိ ရှိကြောင်း    တောင်ရှေ့ကျေးရွာ ထန်းလျက်ချက် (ကျို) နေသည့် ဒေါ်သန်းသန်းမြင့်က ရှင်းပြသည်။

ထန်းတောင်သူ လုပ်ငန်းသည် ထန်းတက် လုပ်ငန်းမစတင်မီကပင် ထန်းတက်လုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်ရသည့် ပစ္စည်းများကြိုတင် စုဆောင်း ပြင်ဆင်ထားရကြောင်း၊ ထန်းလျက်ချက်လုပ်ရန် ထန်းလျက် ချက်ဖိုပြုလုပ်ရန် မြေနီ၊မြေစေးတူးယူကာ ဖိုပြုလုပ်ရကြောင်း၊ ထန်းလျက်ချက်ရန် လောင်စာကြိုတင် စုဆောင်းထားရခြင်း၊ ထန်းဆွဲမြူအိုး ကြိုတင်ဝယ်ယူထားရခြင်းနှင့် ရင်းဆွဲ၊   ရင်းထောင်၊   ထန်းလှီးအိမ်၊ ထန်းလှီးဓားများ ထန်းစတင် ပြင်ဆင်နိုင်ရန် ကြိုတင်စုဆောင်းထားရကြောင်း ထန်းတောင်သူများထံမှ သိရသည်။

ထန်းလျက် တစ်ပိဿာရရှိရန် ထန်းဆွဲမြူအိုးငါးလုံး အပြည့်ကျိုချက်မှ  ထန်းလျက် တစ်ပိဿာရကြောင်း၊ ထန်းရည်ထန်းဆွဲမြူအိုး တစ်လုံးလျှင် နှစ်လီတာရှိကြောင်း၊ ယခင်နှစ်က ထန်းမရာသီ ထန်းလျက် တစ်ပိဿာ     ငွေကျပ်    ၂၀၀၀ ရောင်းချရပြီး ယခုနှစ်တွင် ငွေကျပ် ၂၅၀၀  ရောင်းချရခြင်းကြောင့် ထန်းဖိုရာသီ  ပြီးဆုံးခါနီးအချိန် ထန်းဖိုထန်းလျက် ဈေးကောင်းနေပြီး ထန်းမထန်းရာသီ စတင်ချိန်တွင် လည်း ထန်းလျက်ဈေးနှုန်းကောင်း နေကြောင်း သိရသည်။