အိုဇာတာကောင်းစေကြောင်း ဆုတောင်းပေးမယ်

အသက်ကြီးလာပြီဆိုပါက အစစအရာရာလျော့နည်း ချည့်နဲ့လာကြသည်မှာ ဓမ္မတာတစ်ခုပင်ဖြစ်သည်။

ထိုကဲ့သို့အားပျော့လာသော အရာရာဖြစ်စဉ်များကို ကျော်လွှားကာ အနိုင်ယူနိုင်ဖို့ အင်အားများစွာ လိုအပ်လှပေသည်။ ကျန်းမာရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ အထွေထွေကိစ္စရပ်များကြောင့်ဖြစ်စေ တစ်ခုခုရင်ဆိုင်တွေ့ကြုံလာပါက  ကြံ့ကြံ့ခံဖြေရှင်း ကြရပေမည်။  ထို့အတွက် ကံကြမ္မာကလည်း မိမိဘက်မှရှိကာ ရပ်တည်ပေးဖို့လိုပေမည်။ သို့မှသာ အိုဇာတာကောင်းကြပေလိမ့်မည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါချေ။

သက်ကြီးရွယ်အိုများ၏ အရေးကိစ္စများကို စတင်တာဝန်ယူဆောင်ရွက်ကြရသူများမှာ မိသားစုဝင်များပင်ဖြစ်သည်။ မိသားစုတိုင်းက မိမိတို့၏ ဘိုးဘွားမိဘ သက်ကြီးရွယ်အိုများကို တာဝန်ကျေပွန်ကြဖို့ လိုအပ်သည်။ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံ၌  သက်ကြီးရွယ်အိုများ အရေးမှာ အခြားနိုင်ငံများကဲ့သို့ မကြီးထွားဘဲ မိသားစုဝင်များ ဖြစ်သော  သားသမီးမြေးမြစ်တို့က အများအားဖြင့် ဘိုးဘွားတို့ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။

မြန်မာ့ရိုးရာဓလေ့ များသည်လည်း အများအားဖြင့် မိသားစုဝင် သက်ကြီးရွယ်အိုများအား တန်ဖိုးထား လေးစားလျက်ရှိကြသည်။ သက်ကြီးရွယ်အိုတို့၏ ဆုံးမစကားများကိုလည်း ဂရုစိုက်မှတ်သားလိုက်နာနေဆဲ ဖြစ်သည်။ သက်ကြီးရွယ်အိုများ အိမ်တွင်ရှိနေခြင်းသည်ပင် မင်္ဂလာတစ်ပါးဟု မှတ်ယူကြသည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများသည် မိသားစုနှင့်ဆက်လက်အတူနေထိုင်ကာ ၎င်းတို့၏ အထွေထွေလုပ်ငန်းများကို  အပြန်အလှန် ဆောင်ရွက်ပေးနေခြင်းဖြင့် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသကဲ့သို့ အပြန်အလှန်အကျိုးပြုနေကြပြီး အိုဇာတာမှာလည်း ကောင်းနေရပေသည်။ သို့သော်ယခုခေတ်၏ ပြောင်းလဲလာသော လူမှုစီးပွားရေး အခက်အခဲများကြောင့် သက်ကြီးရွယ်အိုတို့မှာ  မိသားစုဝင်များဖြစ်သော သားသမီးမြေးမြစ်တို့နှင့်အတူ နေထိုင်ရန် အခွင့်အရေး နည်းပါးလာပြီး မိမိကိုယ်မိမိသာ    အားကိုးရမည့်အခြေအနေဖြစ်လာကာ အိုဇာတာမှာလည်း ယိမ်းယိုင်လာရပါတော့သည်။

အသက်အရွယ် ကြီးလာသည်နှင့်အမျှ အိုခြင်းကောင်းရန်၊ အိုလာသည့်ဘဝလေးမှာ အေးချမ်းစွာ လှပနေရန်မှာလည်း  တကယ်တော့  လွယ်ကူသည် မဟုတ်ပါ။

နေရမည့်လက်ကျန်ရက်လေး သာယာအေးမြဖို့ ကြိုးစားကြရပေဦးမည်။ ငယ်စဉ်အချိန်က ကြိုတင်တွေးတောပြီး စုမိဆောင်းမိနေပါက အကြောင်းမဟုတ်သော်လည်း အမှတ်တမဲ့ပေါ့ဆစွာ နေမိပါက ဒုက္ခလှလှတွေ့ရပါတော့သည်။ ရင်ဆိုင်ဖြေရှင်းလာရသည်မှာ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးသာမက အသက်အရွယ်ကြောင့် ကိုယ်ခံအားနည်း လာပြီဖြစ်၍ ကျန်းမာရေးကိစ္စကလည်း ထိုးဖောက်ဝင်ရောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် အထွေထွေသော ကိစ္စရပ်များကို ရုန်းကန်ရင်ဆိုင်ကြရမည်။  ဤကိစ္စရပ်များကို အခက်အခဲမရှိ  လွယ်ကူစွာ ကျော်လွှားနိုင်ကာ နောက်ဘဝအတွက် တရားဓမ္မကို အပူအပင်မရှိစွာ စိတ်အေးလက်အေး  ကျင့်ကြံဆောင်ရွက်နိုင်ပါမှ အိုဇာတာ ကောင်းသည်ဟု ဆိုနိုင်မည်ဖြစ်သည်။

ဤကဲ့သို့ သက်ကြီးရွယ်အိုတို့ အသက်ကြီးလာသောအခါ  အခက်အခဲများတွေ့လာမည်ကို ကြိုတင်မြင်မိသည့် နိုင်ငံတော်ကလည်း တတ်အားသရွေ့ ကူညီပံ့ပိုးလျက်ရှိသည်။  ထို့ကြောင့် နိုင်ငံတော်နှင့်ပုဂ္ဂလိက စေတနာရှင် အဖွဲ့အစည်းများက ဘိုးဘွားရိပ်သာများ အသီးသီး တည်ထောင်ကာဖွင့်လှစ် စောင့်ရှောက်ပေး လျက်ရှိသည်ကို တွေ့ရသည်။ ရိပ်သာများက သက်ကြီးရွယ်အိုတို့အတွက် အေးချမ်းစွာနေထိုင်စားသောက်နိုင်ရန် အာဟာရဖြစ်သော အစားအစာများစီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း တို့အပြင် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ချမ်းမြေ့စွာနှင့် စိတ်ဓာတ်မကျစေရန် မြှင့်တင်ပေးလျက်ရှိသည်။

ထို့ပြင် နိုင်ငံတော်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ဥပဒေတွင်ထူးခြားချက်များ အနေဖြင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ၊ နိုင်ငံတော်နှင့်ပုဂ္ဂလိက အခန်းကဏ္ဍကနေ ဆောင်ရွက်ရမည့်အချက်များကို ပြဋ္ဌာန်းထားသည်။ ထိုပြဋ္ဌာန်းချက်ပါ အခွင့်အရေးများ အမှန်တကယ်ရရှိရေး ဆောင်ရွက်မှုများကိုလည်း မူဝါဒများ၊ လုပ်ငန်းအစီအစဉ်များ ချမှတ်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကြီးကြပ်ရန်အတွက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများ ဆိုင်ရာကော်မတီကိုလည်း ဖွဲ့စည်းထားသည်ကို သိရှိမှတ်သားရပေသည်။

ထို့ပြင် ဥပဒေပါ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးတစ်ခုဖြစ်သော ဆောင်ရွက်ချက်ကို တွေ့ရသည်။  ၎င်းမှာ မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ပါ သက်ကြီးရွယ်အို များအတွက် လုပ်ငန်းအစီအစဉ် တစ်ခုဖြစ်သည့် လူမှုရေးပင်စင် အစီအစဉ်ဖြစ်သည်။ ယင်းအစီအစဉ်အရ သတ်မှတ်ထားသော အသက်အရွယ်ရှိသည့် သက်ကြီးရွယ်အိုများကို  နိုင်ငံတော်က လစဉ်သတ်မှတ်ထားသည့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ သက်ကြီးရွယ်အိုများကို အလေးထား ဦးညွှတ်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ နေ့တစ်နေ့လည်း ရှိနေသည်။  ထိုနေ့သည်ကား နှစ်စဉ်ကျင်းပမြဲဖြစ်သည့်  အောက်တိုဘာ ၁ ရက်တွင်  ကျင်းပလေ့ရှိသော သက်ကြီးရွယ်အိုများကို ဂုဏ်ပြုကာကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ပင် ဖြစ်သည်။

ထိုနေ့သည် သက်ကြီးရွယ်အိုများ၏ အရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက်    ကုလသမဂ္ဂအထွေထွေညီလာခံ၏ အတည်ပြုဆုံးဖြတ်ချက်နှင့် (၃၅)ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မရှင်၏ ထောက်ခံချက်အရ ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးကောင်စီက ၁၉၉၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ဆုံးဖြတ်ချက်အမှတ်(၁၉၉၇/၁၈)ကို ချမှတ်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်မှာ ၁၉၉၇ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်ဟူ၍ လည်းကောင်း၊ နှစ်စဉ်အောက်တိုဘာ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဟု လည်းကောင်း ဂုဏ်ပြုသတ်မှတ်ပေးခြင်း ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်သည့် မြန်မာနိုင်ငံသည် စတင်သတ်မှတ်ပေးခဲ့သည့် နှစ်မှစ၍  အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံ၏ ဓလေ့ထုံးတမ်းစဉ်လာများအရ မြန်မာ့သက်ကြီးရွယ်အိုများ၏ လူ့ဘောင်ဘဝများကို မည်သို့မျှခွဲခြားမှုမရှိဘဲ   ဘဝနေဝင်ချိန်တွင် သာယာချမ်းမြေ့စေရေးအတွက် စွမ်းစွမ်းတမံ ပြည်သူ့အကျိုးထမ်းလျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် တွေ့မြင်နေရသည်။

အသက်အရွယ်ကြီးသူတို့ကို နိုင်ငံတော်အနေဖြင့် ပစ်မထားဘဲ တတ်နိုင်သရွေ့ ဥပဒေများရေးဆွဲကာ သတ်မှတ် အသက်အရွယ်အတိုင်း သတ်မှတ်ထောက်ပံ့ပေးနေသည်ကို အထူးပင် ကျေးဇူးတင်မိပါသည်။

 မူဝါဒတစ်ရပ်ဖြစ်သော အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည့်အဝ ရရှိနိုင်မည့် လူမှုအသိုင်းအဝိုင်းတစ်ရပ် ပေါ်ပေါက်လာစေရန် အထောက်အကူဖြစ်စေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး  နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ  ဖွံ့ဖြိုးတိုးတက်စေရေးဟူသော မူဝါဒများ ရာနှုန်းပြည့်အောင်မြင်ကာ သက်ကြီးရွယ်အိုတို့၏ အကျိုးစီးပွားများ အစွမ်းကုန်တိုးတက်စေရေးကို ဆက်လက်ဆောင်ရွက်နိုင်ပါစေဟူ၍ ဆန္ဒအခါခါ ပြုလိုက်ရပါသည်။

လူတိုင်းသည် ငယ်ရာမှကြီးလာသူများဖြစ်ပေရာ ငယ်စဉ်မှစ၍ မိမိတို့ဘဝကို မိမိတို့ ကိုယ်တိုင်အားထုတ်ကြိုးစားခြင်းဖြင့် အိုဇာတာကောင်းစေရန် ဖန်တီးရမည်။ ထိုအခါမှ အပူအပင်ကင်းစွာနှင့် စိတ်အေးချမ်းသာစွာ   တရားဓမ္မတွင်နှစ်မြှုပ်၍  ပျော်မွေ့နိုင်ပေမည်။

သို့မှသာ မြဝတီနေ့စဉ်သတင်းစာတွင် ဖတ်ရှုမိလိုက်သော စာရေးဆရာမကြီး မေကျော့ရှင်းရေးသားသည့် အိုပယ်နှင့်အိုကြွယ် ဆောင်းပါးတစ်ပုဒ်ထဲကကဲ့သို့ အိုကြွယ် ဖြစ်ရပေတော့မည်။ သို့မဟုတ်ပါက လူသည်တရားအသိမပါဘဲ သက်တမ်းမျှသာကြီးလာလျှင် အသက်သာကြီးပြီး ပညာဗဟုသုတနှင့် တရားမကြီး ခြင်းကြောင့်    လူ့တန်ဖိုးနှင့်   ဘဝတန်ဖိုးလည်း ဆုတ်ယုတ်လာစမြဲဖြစ်ပေမည်။ ထို့ကြောင့် အိုမင်းမစွမ်း ဖြစ်နေချိန်တွင် ပတ်ဝန်းကျင်၏ဂရုစိုက်မှုကိုလည်းမရ၊ မိမိကိုယ်တိုင်လည်း အားကိုးရမည့်တရားက မရှိပြန်လျှင်  အလွန်ပင်အားငယ်ရမည် ဖြစ်သည်။

ထိုအခါ မိမိသည် အိမ်တွင်လည်းကောင်း၊ အပြင်ပိုင်းတွင် လည်းကောင်း အပယ်ခံရသည့် အပယ်ခံသက်ကြီး ရွယ်အိုဖြစ်လာပြီး အိုပယ်ဘဝကိုရောက်ရပေမည်။

ထို့ကြောင့် ..

အသက်ကြီးလာသည့်အခါ အိုပယ် မဖြစ်ဘဲ အိုကြွယ် ဖြစ်လာကာ အိုဇာတာကောင်းမွန်ကြပါစေ ဟူ၍ ဘဝတူ သက်ကြီးရွယ်အိုများကို စိတ်ရင်းစေတနာအပြည့်ဖြင့် ဆန္ဒပြုဆုတောင်း ပေးလိုက်ရပါသည်။        ။

ဝင်းကျော်ကျော်(ပျဉ်းမနား)