မျက်စိရောဂါအတွက် တိုင်းရင်းဆေး

မျက်စိရောဂါအတွက် တိုင်းရင်းဆေး

အသက်ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် မျက်စိပေကလတ်ပေကလတ် ဖြစ်နေသည်။ လက်ကိုင်ဖုန်းတွင် ပါလာသော ဂိမ်းကစားနည်းများကို နေ့စဉ်ငါးနာရီထက် ပိုပြီးကစားရာမှ မျက်စိအဖွင့်၊ အပိတ်ကို ထိန်းချုပ်သော အာရုံကြောများ အားနည်းလာပြီး ပေကလတ်ပေကလတ်ဖြစ်နေခြင်း ဖြစ်သည်။ အသက်ငယ်ရွယ်သော ကလေးများကို  ဂိမ်းကစားရာတွင် တစ်နာရီအလွန်ဆုံး၊ တစ်နာရီခွဲထက် မပိုအောင် ကန့်သတ်ပေးသင့်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန် တပ်ရသော ကလေးများ များလာရခြင်းမှာ  ဂိမ်းကစားနည်းများပါသည့်ဟန်းဖုန်းများ   ပိုများလာ၍ဖြစ်သည်။

ယနေ့ ခေတ်မီတိုးတက်လာသော ဆက်သွယ်ရေး နည်းပညာများကြောင့် ကွန်ပျူတာအသုံးပြုသူ၊ ဖုန်းဖြင့် အင်တာနက် သုံးစွဲသူ၊ အထူးသဖြင့် ကလေး၊ လူကြီးအရွယ်စုံ facebook သုံးစွဲမှု များပြားလာပြီး နေရာတိုင်းတွင် ကိုယ်ပိုင်လက်ကိုင် ဖုန်းမျက်နှာပြင် လက်ဖြင့်ပွတ်ကာ မျက်စိအာရုံစူးစိုက်နေသူများကို တွေ့မြင်နေရသည်။

ရုံးများ၌ စာရင်းအင်းများပြုလုပ်ရာတွင်  ရိုးရိုးစာရင်းကိုင်များထက်   ကွန်ပျူတာ စာရင်းကိုင်များကိုပို၍အသုံးပြုလာသည်။ စီမံခန့်ခွဲသူ စီအီးအိုနှင့် မန်နေဂျာများတွင် ခရီးဆောင်ကွန်ပျူတာ၊ လက်တော့များကို အသုံးပြုလာကြသည်။ ထိုသို့ ကွန်ပျူတာသုံးစွဲသူများသည် တစ်နာရီအသုံးပြုပြီးလျှင် ဆယ်မိနစ်ခန့် မျက်စိကို အနားပေးရမည်။ အနီးကြည့်ရာမှ အဝေးရှိ စိမ်းစိုသောနေရာကို ကြည့်ရမည်ဟု ဗဟုသုတအနေဖြင့် သိထားကြသော်လည်း အလုပ်တွင်   အာရုံဝင်စား မိသွားသောအခါ မရပ်နားနိုင်သဖြင့် လိုက်နာမှုအားနည်းသည်ကို တွေ့ရသည်။

ရှေးလူကြီးများ၏ “မျက်စိအဆုံး၊ နားအရှုံး” ဟူသောစကားမှာ အမှန်ပင်ဖြစ်သည်။ မျက်စိကို  ပေါ့ပေါ့တန်တန် သဘော ထား၍ အမြင်အာရုံချို့ယွင်းလာမှ ခွဲစိတ်ကုသရသူများရှိသည်။ ခွဲစိတ်ကုသမှုတိုင်း   အောင်မြင်သည်မဟုတ်ပါ။

စာရေးသူ၏မိတ်ဆွေတစ်ဦးသည် ခွဲစိတ်ကုသမည်ကိုကြောက်၍ ရက်ရွှေ့၊ လ ရွှေ့လုပ်နေခဲ့ရာ အမေရိကားမှ အထူးကု ဆရာဝန်ကြီးများ လာရောက်ခွဲစိတ်ကုသမှုနှင့်ကြုံခဲ့သော်လည်း မျက်စိကွယ်ခဲ့ရသည်။

“မျက်စိမှာ ရေ၊ နားမှာ ဆီ၊ ဒန္တီမှာ ဆား၊ ဝမ်းမှာခါး” ဟူသော ရှေးမြန်မာလူကြီးများ ဆိုရိုးစကားရှိသည်။ နံနက်အိပ်ရာထ  မျက်နှာသစ်ပြီးလျှင် ရေကို လက်ခုပ်တစ်ဖက်ဖြင့်ခံယူပြီး မျက်လုံး အိမ်တွင်ကပ်၍ ရေဝင်အောင် ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ခြင်းကို မျက်စိဆေးသည်ဟု ခေါ်သည်။   မျက်လုံးတစ်ဖက်လျှင် သုံးကြိမ်ခန့် ဆေးပေးလျှင်  မျက်စိတွင်းမှ အပူ၊ အခိုး၊ အငွေ့များထွက်သွားသည်။ အမြင်ကြည်လင်စေသည်။ မျက်စိအာရုံမှာ မျက်ကြည်လွှာ၏ နောက်တွင် မှန်ဘီလူးနှင့် တူသောအသားနုလုံးဖြင့် ဖွဲ့စည်းထားသည်။ လူ၏ ကိုယ်တွင်းမှ တရှိန်ရှိန်ထွက်နေသောအခိုး၊ အငွေ့များသည်   ရေချိုးခန်း အတွင်းရှိ မှန်တွင် ရေငွေ့များရိုက်လျှင် မှုန်သွားသကဲ့သို့ အခိုး၊ အငွေ့များဖြင့် မှုန်မှုန်မှိုင်းနေလျှင် အမြင်အာရုံ မကြည် လင်နိုင်ပေ။ မီးခိုးငွေ့များ၊ ဖုန်များ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီအငွေ့များသည် ပြင်ပမှအမြဲဝင်လျက်ရှိသည်။ မျက်စိရေဆေးခြင်းကို  အပြင်မှ ပြန်လာသည့်အခါတိုင်း   ပြုလုပ်သင့်သည်။

အညာဒေသတွင်  နေထိုင်သူများမှာ မျက်ခမ်းစပ်ရောဂါ   အလွန်ပေါသည်။ ထိုရောဂါမှ   ကာကွယ်သည့်အနေဖြင့် ပြုလုပ် သည့် ဆေးနည်းတိုနည်းလမ်းမှာ ဆီးဖြူသီးကိုထုထောင်းပြီး ညဘက်တွင် ရေစိမ်ထားသည်။ နံနက်အိပ်ရာထတွင်  ထိုစိမ်ရေမှ အကြည်ကိုယူပြီး မျက်စိကိုဆေးပေးလျှင် မျက်စိအတွင်းမှ  အခိုးများထွက်သွားပြီး မျက်စိကြည့်ကောင်းသည်။ တိမ်ဖြစ်ခြင်းမှလည်း  ကာကွယ်သည်။

မျက်စိကိုက်လျှင် မျက်နှာကို ရေခွက်ထဲတွင် ရေထည့်၍  မျက်စိကိုရေမြုပ်အောင်ပြုလုပ်ပြီး အဖွင့်၊ အပိတ်ပြုလုပ် ပေးရသည်။ မျက်ရိုးကိုက်လျှင် ကွမ်းရွက်ကို ကျပ်စေ့ဝိုင်းခန့်ညှပ်ပြီး မျက်စိထောင့်တွင်  ကပ်ပေးထားလျှင်  သက်သာ သည်။ ကွမ်းရွက်ကို  မျက်စိအရွယ်ဖောက်ပြီး တစ်ရွက်လုံးကပ်၍  ညအိပ်ပြီး နံနက်ထချိန်မှ ခွာသူလည်းရှိသည်။ စာကြည့်၊ ကွန်ပျူတာကြည့်၍ မျက်စိညောင်းလျှင် ပြေစေသောအလွယ်နည်းမှာ ငှက်ပျောရွက်စိမ်းကို မျက်လုံးအိမ်နှင့် ရွယ်တူ စက်ဝိုင်းပုံညှပ်ပြီး မျက်စိနှစ်လုံးပေါ်တွင်ဖုံးအုပ်ထားသောနည်းဖြစ်သည်။ နာရီဝက်ခန့် ဖုံးအုပ်ထားပြီး အနားယူလျှင် မျက်စိညောင်းကိုက်ခြင်းမှ ကာကွယ်နိုင်သောလွယ်ကူသည့်နည်းဖြစ်သည်။

မျက်စိအတွက် “စက္ခုပါလ” ဆေးနည်းကောင်း

ဤဆေးသည်  လူသိများ၊ အသုံးများသော   တိုင်းရင်းဆေးတစ်မျိုးဖြစ်သည်။ မျက်စိကြည်ဆေး၊ တိမ် စသော မျက်စိ ရောဂါများကာကွယ်ဆေး၊ မျက်မှန်ဒီဂရီကျစေသောဆေးအဖြစ် အသုံးများသည်။ မျက်စိအတွက်သာမက ညောင်းကိုက် ရောဂါ၊  ဒူလာနှင့်အညောင်းထိုင်များသူများ၊ ဝမ်းချုပ်သူများအတွက် ဆေးစွမ်းကောင်းဖြစ်သည်။ ရေရှည်၊ နှစ်ရှည်စွဲ၍ သောက် သော်လည်း ဘေးထွက်ဆိုးကျိုးကြီးကြီးမားမားမရှိဟု သုတေသနပြုလက်ခံထားသော ဆေးစွမ်းကောင်းဖြစ် သည်။

ဆေးအမှတ် (၁၂) စက္ခုပါလဆေး

၁။ ကရဝေးရွက် ၂ - ပဲသား

၂။ ဖာလာငယ်  ၂ - ပဲသား

၃။ လက်ခြား     ၂ - ပဲသား

၄။ ချေးသီး        ၄ - ပဲသား

၅။ ပန်းနု           ၄ - ပဲသား

၆။ ရှိန်းခို           ၄ - ပဲသား

၇။ ဇာတိပ္ဖိုလ်သီး          ၄ - ပဲသား

၈။ လေးညှင်းပွင့်           ၄ - ပဲသား

၉။ ကလောဆန်            ၄ - ပဲသား

၁၀။ စမုန်ဖြူ     ၄ - ပဲသား

၁၁။ စမုန်နီ       ၄ - ပဲသား

၁၂။ စမုန်ညို     ၄ - ပဲသား

၁၃။ စမုန်ဖွဲ       ၄ - ပဲသား

၁၄။ စမုန်စပါး   ၄ - ပဲသား

၁၅။ ဘုမ္မရာဇာ ၁ ကျပ်သား

၁၆။ ကန့်ချုပ်နီ ၁ ကျပ်သား

၁၇။ ပိတ်ချင်းသီး           ၁ ကျပ်သား

၁၈။ ဆေးပုလဲ   ၁ ကျပ်သား

၁၉။ မဏိသြဃ ၁ ကျပ်သား

၂၀။ စမုန်နက်   ၁  ကျပ်သား

၂၁။ ပွေးကိုင်း    ၁၅ ကျပ်သား

၂၂။ ဆားလှော်  ၁၅ ကျပ်သား

     (တွင်းထွက်ဆား)

၂၃။ ဆူးကောက်နက်     ၂၀ ကျပ်သား

(စုစုပေါင်းဆေးအလေးချိန်  ၅၉ ကျပ် ၂ ပဲသား)

လတ်ဆတ်သော           (ညိုဝါ)

ဆေး၏အရောင်

လတ်ဆတ်သော           (ပွေးကိုင်းအနံ့လွှမ်း)

ဆေး၏အနံ့

လတ်ဆတ်သော           (အေး၊ ခါး၊ ငန်၊ စပ်)

ဆေး၏အရသာ

ဓာတုဝိပါက(ဒေသနာ) ဆေးပညာအရ သီတဝါယော အာကာသ။ အပူငြိမ်းစေ၏။ အဇ္ဈတ္တပထဝီ ပျက်စေ၏။ ဗဟိဒ္ဓအာပေါ ပျက်စေ၍ အာကာသအနည်းငယ်ရစေ၏။ အနာ(၆)ပါး၊ အနာ(၈)ပါး ဆေးပညာတွင် ကက္ခဠနနှင့် ဝိတ္ထမ္ဘိတနာ များဖြစ်သည့်  မျက်စိနှင့်ပတ်သက်သော ရောဂါများတွင်   ညဆေး  (ညအိပ်ရာဝင် သောက်သောဆေး)အဖြစ် အဓိက သုံးစွဲနိုင်သည်။

ဆေးဝါး၏အကျိုးသွားနှင့်အသုံးပြုရမည့် ရေလဲပစ္စည်းများမှာ-

၁။        မျက်စိဝေခြင်း၊ မှုန်ခြင်း၊ တိမ်သလာစွဲခြင်းတို့ကို နေ့စဉ်ရေအေးနှင့်လည်းကောင်း။

၂။         ခြေအေး၍ ဝမ်းချုပ်သော မီးယပ်၊ ဒူလာ၊ ထုံကျဉ်၊ ညောင်းကိုက်သော ရောဂါတို့တွင်   ရေအေးနှင့်လည်း ကောင်း။

၃။        မီးယပ်ကွက်၊ ဒူလာကွက်၊ နှင်းခူ၊ သွေးသားမသန့်သော ရောဂါအမျိုးမျိုးနှင့် ခေါင်းအုံ၊ ဇက်လေးရောဂါတို့ကို ညစဉ် ရေအေးနှင့်မှန်မှန်သုံးစွဲပါ။

သောက်သုံးရမည့်ဆေးတစ်ခွက်စာ ပမာဏ

လူကြီး ၂ - ပဲသား (၂ ဂရမ်) ဆေးပြား Tablet (၄)ပြား

ကလေး ၁ - ပဲသား (၁ ဂရမ်) ဆေးပြား Tablet (၂)ပြား

သောက်ရမည့် အကြိမ်နှင့်ရက်

တိုင်းရင်းဆေးပညာရှင်၏ညွှန်ကြားချက်အတိုင်း သုံးစွဲသင့်ပါသည်။

ဆေးဝါး၏ အခြားအာနိသင်

လိပ်ခေါင်းရောဂါကို  ကုသရာတွင် ထိရောက်မှုရှိကြောင်း   သိရသည်။  (တိုင်းရင်းဆေး ပညာဦးစီးဌာန ဌာနသုံး   တိုင်းရင်း ဆေးနည်းများနှင့်  သမားစဉ်ဆေးဖုံများ။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်စာအုပ်မှ)

မျက်စိကွင်းဆေးများ

ရှေးမြန်မာများသည် မျက်စိကြည်စေရန် အတွက်လည်းကောင်း၊ မျက်စိနီရဲလျှင်၊ မျက်စိနာလျှင်  အနာသက်သာစေရန် အတွက်လည်းကောင်း မန်ကျည်းခေါက် (မန်ကျည်းပင်၏အခေါက်)ကို ခွာယူပြီး ခြောက်သွေ့အောင်နေလှန်းပြီး ကျောက်ပျဉ်တွင်   သွေး၍မျက်စိကွင်းကြသည်။ မန်ကျည်းပနီခေါက်က ပို၍ဆေးအာနိသင် ကောင်းသည်ဟုဆိုကြသည်။ မျက်စိဒဏ်ဖြစ်လျှင် ထိခိုက်မိ၍ ဒဏ်တိမ်ဖြစ်လျှင် မန်ကျည်းပနီခေါက်ကို ရေရှည်စွဲ၍ မျက်စိကွင်းပေးလျှင် ပျောက်ကင်းနိုင်သည်ဟု ဆိုကြသည်။

မျက်စိကွင်းဆေးအဖြစ် အခြားသုံးစွဲကောင်းသောဆေးမြစ်မှာ “ကျားမနိုင်နွယ်မြစ်” ဖြစ်သည်။ ကျောက်ကြိုကျောက် ကြားတွင် ပေါက်သောနွယ်ပင်ကြီးမျိုးဖြစ်သည်။ ပိုင်းဖြတ်လိုက်လျှင် ထိပ်ပိုင်းတွင် ကျားခြေရာ သဏ္ဌာန်တွေ့ရ သောကြောင့် ကျားခြေရာမြစ်ဟုလည်းခေါ်သည်။ အပူနာ၊ အဖုအပိမ့်များကို လိမ်းလျှင် အေးပြီး အဖုမှာ အကျိတ်မှာ ကျုံ့ဝင်ပြီး သေးပြီး ပျောက်ကင်းသွားနိုင်သည်။ မျက်စိကွင်းလျှင် အေးပြီးနီရဲနေသောမျက်စိကို ပြန်ဖြူစေနိုင်သည်။ မျက်ရိုးကိုက်ခြင်း၊ မျက်မှန်ဒီဂရီတိုးခြင်းများအတွက်လည်း မျက်စိကွင်းဆေးအဖြစ် အသုံးပြုနိုင်သည်။

ကျားမနိုင်နွယ် မြစ်ကို ပြင်ဦးလွင်(မေမြို့)နှင့် အနီးတစ်ဝိုက် တောကြီးများတွင် တွေ့ရသည်။ မန္တလေးမြို့အထွက် ပြင်ဦးလွင်အတက်လမ်းအနီး အုန်းချောရွာ ရွှေစာရံဘုရားပွဲတွင် ဆေးမြစ်များရောင်းချရာတွင် ရရှိနိုင်သည်။ အစွမ်းထက် သော နွယ်ပင်ဆေးမြစ်ဖြစ်သည်။  ။

 

ကြည်လွင်မြင့်(မုဒြာ)