(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက် ကျင်းပ ၊ ယနေ့တွင် ပုလဲအတွဲ ၁၁၀ ရောင်းချရပြီး တင်ပြသည့် ပုလဲအတွဲအားလုံး ရောင်းချရ

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ဆက်လက် ကျင်းပ ၊ ယနေ့တွင် ပုလဲအတွဲ ၁၁၀ ရောင်းချရပြီး တင်ပြသည့် ပုလဲအတွဲအားလုံး ရောင်းချရ

နေပြည်တော်   ဧပြီ  ၂၄

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့အတွက် ပုလဲတင်ဒါအမှတ် (၃)မှ ပုလဲအတွဲ ၁၁၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲအားလုံး ရောင်းချရခြင်းဖြစ်သည်။

 အလားတူ ဧပြီ ၂၃ ရက်တွင်လည်း ပုလဲတင်ဒါအမှတ်(၁)မှ ပုလဲအတွဲ ၁၁၀ တွဲနှင့် ပုလဲတင်ဒါအမှတ်(၂)မှ ပုလဲအတွဲ ၁၁၀ တို့ကိုလည်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ ၂၂၀ တွဲရောင်းချရသဖြင့် ယခု(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တင်ပြသည့် ပုလဲအတွဲ ၃၃၀ တွဲရောင်းချရကြောင်း သိရသည်။

ပြပွဲတတိယနေ့ဖြစ်သည့်     ယနေ့ နံနက်ပိုင်းမှ စတင်၍  ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည်  မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး ရောင်းချမည့် ပုလဲအတွဲအမှတ်(၃)မှ ပုလဲအတွဲအမှတ် (၂၂၁ မှ ၃၃၀) ကို မွန်းတည့် ၁၂ နာရီတွင် ဖွင့်ဖောက်စစ်ဆေး ရောင်းချရာတင်ပြထားသည့်   ပုလဲအတွဲ ၁၁၀ ကို ရောင်းချရကြောင်း ကြေညာသဖြင့် တင်ပြသည့်ပုလဲအတွဲအားလုံး ရောင်းချရကြောင်း သိရသည်။

ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထား ရှိပြီး ငွေပေးချေရာတွင်   ပြည်ပရတနာ ကုန်သည်များက   အမေရိကန်ဒေါ်လာ၊ ယွမ်၊ ကျပ်ငွေတို့ဖြင့် ပေးချေရမည်ဖြစ်ပြီး ကျောက်မျက်၊ ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် ကြမ်းခင်းဈေး သတ်မှတ်ထားရှိကာ    ရတနာကုန်သည်များ အနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်ကြောင်း    သိရသည်။

 ယခုကျင်းပသည့်  (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ပုလဲအတွဲ  ၃၃၀ ကိုတင်ပြခဲ့ရာ  ပုလဲအတွဲ အားလုံးကိုရောင်းချခဲ့ရကြောင်းနှင့် ပြပွဲ စတုတ္ထနေ့တွင် ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ ခင်းကျင်းပြသထားသည့်  ကျောက်မျက်အတွဲ ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

အလားတူ ကျောက်စိမ်းအတွဲ ၂၀၀၀ ကို ဧပြီ ၂၂ ရက်မှ ၂၅ ရက်အထိ ခင်းကျင်းပြသပြီး ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်   ဆက်လက် ရောင်းချသွားမည်ဖြစ်ကြောင်း    သိရသည်။