ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်

ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်

မြန်မာနိုင်ငံတွင် လွန်ခဲ့သော ခုနစ်နှစ်(၂၀၁၄ ခုနှစ်)က အပူဆုံးစံချိန်တင်ခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ်လည်း ထိုစံချိန်ကို ကျော်လွန်ကာ ပိုမိုပူပြင်းလာလျက်ရှိသည်။ နေ့အပူချိန်မြင့်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း (Ultra-Voilet Index) မြင့်မားခြင်း၊ အပူဒဏ် (Heat Stress) ခံစာရခြင်း၊ လူ၏ခံနိုင်သော အပူချိန်ကို ကျော်လွန်သည့်အပူဒဏ် (High Heat Index) ခံစားရခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ပြင် အပူချိန်မြင့်တက်လာခြင်း၏ ဆိုးကျိုးငါးခုဖြစ်သော နွေရာသီကာလ အပူရှိန်မြင့်မားမှုဒဏ်၊ သောက်ရေသုံးရေ ရှားပါးမှု ဘေးဒဏ်၊ မီးလောင်ကျွမ်းမှုဘေးဒဏ်၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုဘေးများနှင့် ကျန်းမာရေးထိခိုက်မှု ဘေးဒဏ်များ ကိုလည်း   မြန်မာပြည်၏ တချို့သောတိုင်းဒေသကြီးများမှာ ကြုံတွေ့နေရသည်။

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု အနိမ့်ဆုံးအဆင့်မှာ အရေပြားလောင်၍ အသားအရေမွဲခြောက်ခြင်းဖြစ်ကာ မှဲ့ခြောက်များ ဖြစ်ခြင်း၊ မျက်စိကျိန်းစပ်ခြင်းဖြစ်စေသည်။ အမြင့်ဆုံးအဆင့်တွင်  အရေပြားအိုမင်းရင့်ရော်၍ အရေးအကြောင်းထင်ခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း၊  သားသမီးမရနိုင်ခြင်း၊   မျက်စိတိမ်စွဲခြင်း၊   ခုခံ အားကျဆင်းခြင်း အစရှိသည့် ရောဂါ ဝေဒနာ များကို ခံစားရနိုင်သည်။ ထို့ပြင် Heat Stroke ခေါ် အပူကြောင့် လေဖြတ်ခြင်း၊ အပူပန်းဖျားဖျားနာခြင်းနှင့် သွေးတိုးခြင်း၊ သွေးပေါင်ကျဆင်းခြင်း၊ နှာခေါင်းသွေးလျှံခြင်း  စသည်တို့လည်း  ဖြစ်စေနိုင်သည်။

အထူးသတိပြုရမည့်အချက်မှာ အကယ်၍ လူတစ်ဦးသည် အပူချိန် ၁၀၆ ဒီဂရီဖာရင်ဟိုက် (၄၁ ဒီဂရီစင်တီဂရိတ်)တွင် အပူဒဏ်ကို အချိန်ကြာကြာခံနေရပါက ဦးနှောက်ကလာပ်စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည်။ အကယ်၍ လူတစ်ဦး သည် အပူချိန် ၁၀၉ ဒီဂရီဖာရင်ဟိုက် (၄၃ ဒီဂရီစင်တီဂရိတ်) တွင် နေပူထဲမှာ အချိန်ကြာကြာနေရပါက အသက် သေဆုံးနိုင်သည်။ ထို့ကြောင့် ပြောင်းလဲလာသောပြင်ပအပူရှိန်နှင့်အတူ  လူ့ခန္ဓာကိုယ်တွင်း၌ အပူချိန်တို့  မျှခြေဖြစ်စေဖို့ အတွက် ပူပြင်းသောရာသီတွင် ရေများများ သောက်ပေးသင့်သည်။

နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများ

ခရမ်းလွန်ရောင်ခြည် (UVR) ဆိုသည်မှာ နေမင်းကြီးမှ  ထုတ်လွှတ်လိုက်သောရောင်ခြည်ထဲတွင်  ရောနှောပါလာသည့် စွမ်းအားမြင့် လျှပ်စစ်သံလိုက်လှိုင်းများကို ခေါ်ဆိုခြင်းဖြစ်သည်။ အိုဇုန်းလွှာယိုယွင်းပါးလွှာမှုကြောင့် ကမ္ဘာတစ်လွှား တစ်နှစ် ထက်တစ်နှစ် သိသိသာသာ အပူဓာတ်ကဲလျက်ရှိသည်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတိုင်းထွာချက်များအရ အဆင့် သုည မှ ၁၁ အထိရှိပြီး အပူချိန် သုည မှ ၃ အထိကို အနိမ့်ဆုံးအဆင့်၊ ၄ မှ ၈ အထိကို အလယ်အလတ်အဆင့်နှင့် ၈ မှ ၁၁ အထိကို အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ထားသည်။ အထူးသဖြင့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်အောက် သွားလာလှုပ်ရှားခြင်းကို သတိပြုသင့်သည်။

အထူးသဖြင့်  ခြောက်နှစ်အောက် ကလေးငယ်များ၊ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများနှင့် မွေးရာပါ အသားဖြူ သူများက နေရောင်ခြည်ကို အာရုံခံစားလွယ်ကြသည်။  နေလောင်ဒဏ်ခံထားရသော အရေပြားကိုကိုင်တွယ်ကြည့်ပါက နာကျင်နေတတ်သည်။ ထိုအသေးစားနေလောင်ခြင်းကို ကုသရန်လွယ်ကူသော်လည်း အရေပြားနီမြန်းနာကျင်ရုံသာမက ရောင်ရမ်းပြီး အရည်ကြည်ဖုများပေါက်လာပါက အတွင်းပိုင်းအရေပြားအလွှာနှင့် အာရုံကြောများကိုပါထိခိုက်၍   အန္တရာယ်ရှိသည်။

ထို့ကြောင့် နေပူဒဏ်မှကာကွယ်ရန် အောက်ဖော်ပြပါ ရှောင်ရန်/ဆောင်ရန် နည်းလမ်းများဖြင့် ကျန်းမာသုတများကို ရေးသား မျှဝေလိုပါသည်။

လိုက်နာဆောင်ရွက်ရန်အချက်များ

  • ယခင်ထက်ပို၍  ရေများများသောက်ပါ။ ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် တစ်နေ့ လျှင် သန့်ရှင်းသောသောက်ရေကို ငှက်ပျောဖူး ၁၀ ပုလင်းမှ ၁၆ ပုလင်း(ငါးလီတာမှ ရှစ်လီတာခန့်)အား ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်သည်။
  • ခန္ဓာကိုယ်တွင်း အပူငြိမ်း၍ အေးမြစေသော အစားအသောက်များဖြစ်ကြသည့် နွားနို့၊ ဒိန်ချဉ်၊ အုန်းစိမ်းရည်၊ ထန်းရည်ချို၊ သလဲသီး၊ သံပရာသီး၊ ဘူးသီး၊ ဖရုံ၊ သခွား၊ ဖရဲသီး၊ ဖရဲသခွား၊ သခွားမွှေး၊ မန်ကျည်းသီး၊ ရှောက်သီး၊ ဂေါ်ရခါးသီး၊ လိမ္မော်၊ စပျစ်၊ နာနတ်၊ ဂရိတ်ဖရုသီး၊ ဘယ်ရီသီး၊ မုန်လာဥနီ၊ မုန်လာဥအဖြူ၊ ဟင်းရွက်သုပ်၊ အစိမ်းရောင်ငရုတ်ချိုပွ၊ ပူစီနံရွက်(ပူဒီနာ)၊ ကြံရည် စသည်တို့ကို စားသောက်ပေးသင့်သည်။
  • အဆီပြန်ဟင်းလျာများထက် အိုမီဂါ-၃ ဖက်တီးအက်စစ် ကြွယ်ဝသည့် ပင်လယ်ငါးစားပေးပါ။ ကိုကိုး၊ မန်ကျည်း ဖျော်ရည်၊ ဆေးကုလားမ၊ ခရမ်းချဉ်သီးဖျော်ရည်များနှင့် လက်ဖက်ရည်ကြမ်းတို့ကို များများသောက်ပါ။
  • အရိပ်ရ၍ အေးမြသောနေရာများတွင် သာနေပါ။
  • အသက်တစ်နှစ်အောက် ငယ်ရွယ်သောကလေးများကို နေပူထဲသို့ခေါ်ဆောင်ခြင်းမပြုပါနှင့်။ ကလေးငယ်များကို အရိပ်ထဲတွင်သာ ကစားပါစေ။
  • မွေးကင်းစကလေးငယ်များတွင် ဖြစ်တတ်သော အသည်းရောင်အသားဝါရောဂါ၊ ခရုသင်းရောဂါ အစရှိသော အရေပြား ရောဂါများကို  ခရမ်းလွန်ရောင်ခြည်ကုထုံးဖြင့် ကုသရသော်လည်း ရင်သွေးငယ်မျက်စိမထိခိုက်အောင် အရောင်ရင့်ရင့် မျက်စိအကာအကွယ်ယူရလေ့ရှိသည်။ အလားတူပင် နုနယ်သော ရင်ခွင်ပိုက်ကလေးများကို နေပူထဲထွက်ခါနီးမှာ မျက်စိပါမကျန် သတိထား၍ ဖုံးအုပ်ပေးဖို့လိုသည်။
  • ရေချိုးနည်းမှန်ကန်မှသာလျှင် အပူလေသင်တုန်း(ံနအေ ှအမသုန)ကို ကာကွယ်နိုင်မှာဖြစ်ပါသည်။ ထို့ကြောင့် အပူဒဏ်ခံနိုင်အောင် ဆေးဖက်ဝင်ရေချိုးနည်း အဆင့်ဆင့်ကို ယခုလို အကြံပြုလိုပါသည်။

(က) ရေကို အရိပ်ထဲ တွင်ချိုးရပါမည်။

(ခ) ဦးစွာ သောက်ရေ တစ်ဖန်ခွက်အပြည့်သောက်ပါ။

(ဂ) ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများဖြစ်ကြသည့် ခြေထောက်အောက်ပိုင်း၊ လက်ဖျားနှင့် လက်မောင်းများ စသည့်သုံးနေရာတို့ကို ကြိုတင်အသိပေးသည့်အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။

(ဃ) ပြီးမှ မျက်နှာသစ်ပါ။

(င) တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့် လည်ပင်းတို့ကို ရေနှင့် ပက်ပေးပါ။ 

(စ)  ဖော်ပြပါနည်းအဆင့်ဆင့်အတိုင်းဆက်၍ချိုးပါ။

  • မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကိုဝတ်ဆင်ပါ။
  • မိမိနေအိမ်ခန်းများသို့လည်း နေရောင်ခြည်စူးရှသည့် အလင်းရောင် တိုက်ရိုက်မကျရောက်စေရန် အကာ အကွယ်ပြုပါ။  ပြင်ပအပူဒဏ်သက်သာစေရန် နေအိမ်တွင် လေဝင်လေထွက်ကောင်းသော   ချည်သားအဝတ် အထည် သို့မဟုတ်  စပန့်သားပွပွတို့ကိုသာ ဝတ်ဆင်ပါ။
  • ပူပြင်းသော နေရောင်ခြည်အောက် မဖြစ်မနေ သွားလာရမည်ဆိုပါက နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့ အောင်  မျက်နှာ၊  လည်ပင်း၊  ပခုံး စသည်တို့ကိုပါ အပူဒဏ်ကာကွယ်ပေးနိုင်မည့် ဦးထုပ်နှင့် UV ပါသော ထီးများ ကိုင်ဆောင်းပါ။
  • မျက်လုံးတစ်ဝိုက် ၉၉ ရာခိုင်နှုန်း လုံခြုံစွာဖုံးအုပ်နိုင်သော နေကာမျက်မှန်တပ်ဆင်ပါ။
  • အသားလည်းအေး၊ နေလောင်မှုလည်းသက်သာစေမည့် မြန်မာ့သနပ်ခါးစစ်စစ်ကို ညအိပ်ရာဝင်ခါနီးတိုင်းလိမ်းပါ။
  • ဦးရေပြားနေလောင်ခြင်းမှ ကာကွယ်ရန်အတွက် SPF ပါသော ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီ စသည်တို့ လိမ်းကျံ ပြီးမှ ထီး သို့မဟုတ် ဦးထုပ်ဆောင်း၍ အပြင်ထွက်ပါ။
  • နေလောင်ခြင်းအတွက် နှုတ်ခမ်းအသားပပ်၍ကွဲအက်ခြင်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် SPF ပါသော နှုတ်ခမ်း ဆိုးဆေးကိုသုံးပါ။
  • မီးဖိုချောင်သုံး ရှလကာရည်ကလည်း နေလောင်၍ အသားအရေ ပူစပ်ပူလောင်ခြင်းကို သက်သာစေသည်။
  • နွေရာသီသာမက ဆောင်းရာသီတွင်လည်း နေ့လယ်ဘက်အပူရှိန်ပြင်းထန်သဖြင့် နေရောင်ခြည်ဒဏ် အကာ အကွယ်ယူ၍ အပြင်သို့ထွက်ပါ။ မိုးအုံ့သော်လည်း ခရမ်းလွန်ရောင်ခြည်က တိမ်တိုက်များကို ဖောက်ထွက်နိုင် သဖြင့် နေရောင်ခြည်ဒဏ် အကာအကွယ်ယူခြင်းဖြင့် အန္တရာယ်ကိုကျော်လွှားပါ။
  • နေလောင်ဒဏ်ခံရသော အရေပြားကို ရေခဲဝတ်ကပ်ပေးပါ။ နာကျင်မှုသက်သာစေရန်    အကိုက်အခဲပျောက်ဆေး သောက်ပေးနိုင်သည်။
  • နေလောင်ဒဏ်ကြောင့် သဘာဝအဆီများခန်းခြောက်စေတတ်၍ ရေအေးအေးဖြင့် လေးမိနစ်ခန့်ရေစိမ်ချိုးပါ။

ရှောင်ကြဉ်ရန်အချက်များ

  • နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
  • ပူပြင်းသည့် နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
  • နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကား အတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း သို့မဟုတ်အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသော နေရောင် အောက်သို့ ချက်ချင်းထွက်ခြင်း၊ အရက်သေစာသောက်စားခြင်း စသည်တို့ကို အထူး ရှောင်ရှားသင့်ပေသည်။
  • ခန္ဓာကိုယ်တွင်း အပူချိန်မြင့်မားစေတတ်သော ချင်း၊ ငရုတ်သီးအမျိုးမျိုး၊ ငရုတ်ကောင်းမှုန့်၊  ချောကလက်၊  ဆိုဒါ၊ ဆီကြော်မုန့်အမျိုးမျိုး၊ အရက်၊ ချိစ်၊ ကော်ဖီတို့ကိုရှောင်ပါ။

အထက်ဖော်ပြပါ နေပူဒဏ်ကာကွယ်ရန် နည်းလမ်းကောင်းများသည် အရွယ်သုံးပါး လူသားအားလုံးအတွက် အကျုံးဝင်ပြီး အထူးသဖြင့်  သက်ကြီးဘိုးဘွားများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည် ရောဂါရှိသူ များ (ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ၊ စိတ်ကျန်းမာရေးချို့ယွင်းသူများ)၊ ဝလွန်းသူများ၊ ကာယလုပ်သားများ၊   အားကစား လုပ်သားများ၊ အရက်စွဲသောသူများနှင့် မူးယစ်ဆေးသုံးစွဲသူတို့တွင်  အပူဒဏ်အန္တရာယ်  ပိုမိုသတိထားသင့်ပေသည်။  ။

 

ပေါက်ပေါက်