အိန္ဒိယက ရုရှားမှ ကုတ်ကျောက်မီးသွေး ပြန်လည်တင်သွင်းမည်

ရုရှားနဲ့အိန္ဒိယတာဝန်ရှိသူများက ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ဆုံပြီး အိန္ဒိယက ရုရှားမှ ကုတ်ကျောက်မီးသွေးတွေ ပြန်လည်တင်ပို့မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရှိ သံမဏိစက်ရုံတွေအနေနဲ့ မတ်လကတည်းကစလို့ ကျောက်မီးသွေး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာပါ။ အကြောင်းရင်းကတော့ ငွေပေးချေမှုနည်းလမ်းတွေကြောင့် ဖြစ်တယ်လို့ ကုန်သွယ်ရေးနဲ့ အိန္ဒိယအစိုးရ သတင်းအရင်းအမြစ်များက ပြောပါတယ်။

ရုရှားနိုင်ငံဆိုတာ ဥရောပသမဂ္ဂ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က  လိုအပ်တဲ့ ကုတ်ကျောက်မီးသွေးပမာဏ  စုစုပေါင်းအနက် ၃၀ ရာခိုင်နှုန်းကို  တင်ပို့နေရတဲ့နိုင်ငံပါ။

အခုအိန္ဒိယနိုင်ငံကလည်း ရုရှားဆီကနေ ကုတ်ကျောက်မီးသွေး တင်သွင်းမှုကို ဒီနှစ်အတွင်းမှာ တန်ချိန် ၉ သန်းအထိ  နှစ်ဆတိုးမြှင့်တင်သွင်းထားဖို့ စီစဉ်ထားပါတယ်။

အိန္ဒိယနိုင်ငံဟာ   သူ့နိုင်ငံအတွက် တစ်နှစ်စာလိုအပ်တဲ့ ကုတ်ကျောက်မီးသွေး တန်ချိန် ၅၀ ကနေ ၅၅ တန်အနက် ၈၅ ရာခိုင်နှုန်းဝန်းကျင်ကို ပြည်ပကနေ တင်သွင်းနေရတာပါ။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့နှစ်ကမှ ရုရှားနိုင်ငံကနေ ကုတ်ကျောက်မီးသွေးတွေတင်သွင်းဖို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ရုရှားအပေါ်အနောက်အုပ်စုက ချမှတ်လိုက်တဲ့   အရေးယူပိတ်ဆို့မှုတွေကြောင့် ငွေပေးချေမှုနည်းလမ်းနဲ့ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းတို့မှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာပါတယ်။

ဒီအတွက်ကြောင့်  အိန္ဒိယနိုင်ငံဟာ သြစတြေးလျနဲ့အမေရိကန်ပြည်ထောင်စုတို့ကနေ ကုတ်ကျောက်မီးသွေးကို တင်သွင်းခဲ့ရပြီး ရလဒ်အနေနဲ့တော့ ကျောက်မီးသွေးဈေးနှုန်းတွေကြီးမြင့်မှုနဲ့ ရင်ဆိုင်လာရခြင်းပဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအတွက် ကုတ်ကျောက်မီးသွေး အများဆုံးတင်သွင်းပေးနေတဲ့ သြစတြေးလျ နိုင်ငံဆိုရင် ဒီနှစ်မှာ သူတို့ရဲ့ကျောက်မီးသွေး တစ်တန်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂၀၀ ကနေ ၇၀၀ အထိ တိုးမြင့်လိုက်တာပါ။

ဒီကြားထဲ မတ်လအတွင်း ရုရှားနိုင်ငံကနေ ကျောက်မီးသွေးတင်သွင်းမှုဟာ မထင်မှတ်ထားဘဲ ပြတ်လပ် သွားတဲ့အတွက် အိန္ဒိယသံမဏိစက်ရုံတွေက စိုးရိမ်ထိတ်လန့်လာပါတော့တယ်။

ဒါကြောင့်မို့ အိန္ဒိယအစိုးရတာဝန်ရှိသူတွေနဲ့ သံမဏိစက်ရုံတာဝန်ရှိသူတချို့ဟာ ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံခဲ့တာဖြစ်တယ်လို့  သတင်းအရင်းအမြစ်များက အခိုင်အမာ ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ် သဘောတူညီချက်အတိုင်းပဲ  ရှေ့ဆက်လုပ်ဆောင်သွားဖို့     ရုရှားနိုင်ငံဘက်က တောင်းဆိုပါတယ်။ အိန္ဒိယဘက်ကတော့ ကုတ်ကျောက်မီးသွေးတွေ   တင်ပို့ရာမှာ အာမခံကောင်းကောင်း ပေးဖို့ကို  အဓိကထား တောင်းဆိုတာ တွေ့ရပါတယ်။

Ref: CNA