သွားကြားက သွေးထွက်ခြင်း

သွားကြားက သွေးထွက်ခြင်း

လူတိုင်းသွားကြားမှ သွေးထွက်ဖူးလိမ့်မယ်။ သွားကိုက်တဲ့အခါမလိုအပ်ဘဲ ဖိကိုက်မိရင် သွားပွတ်တံကြမ်းလို့ သွားဖုံးနဲ့တိုက်မိရင် ဖြစ်တတ်ပါတယ်။ သွားကြားသွေးထွက်ခြင်း အလိုလိုလည်းဖြစ်တတ်ပါတယ်။ ဥပမာ သွေးမတိတ်ရောဂါ (Haemophilia) ရောဂါရှိသူများ၊ ဗီတာမင်စီချို့တဲ့သူများ (Scurvey) သွေးထွက်နေတတ်ပါတယ်။ ထိပ်ဆုံးကဗီတာမင်စီ ကိုအရင်စဉ်းစားကာ တစ်နေ့ နှစ်လုံးသုံးကြိမ်သောက်သင့်တယ်။ သွားနဲ့ခံတွင်း သန့်ရှင်းရေးကိုလည်း ခါတိုင်းထက် ပိုလုပ်ပေးသင့်ပါတယ်။ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဗီတာမင်စီဟာ အသား၊ အရေပြား၊ သွားနဲ့အရိုးတို့ကောင်းစွာဖြစ်ထွန်းစေရာမှာ အထောက်အကူပြုတယ်။အအေးမိခြင်းကို သက်သာ စေပြီး အနာကိုအကျက်မြန်စေတဲ့ဓာတ်ဖြစ်တယ်။   ဗီတာမင်စီချို့တဲ့ရင် သွားဖုံးရောင်ရမ်းကာ သွေးယိုစိမ့်ထွက်ခြင်း၊ သွားများနဲ့ကာ ပိုးစားခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ သွေးအားနည်းခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကြွက်သားများပျော့ခြင်း၊ အရေပြားမှာ သွေးခြည်ဥခြင်း၊ စုန်းကိုက်သလို အင်ပျဉ်အကွက်လိုက်ဖြစ်ခြင်း၊ အရိုးအဆစ်နာခြင်း၊ အဆစ်ရောင်ခြင်းတို့ဖြစ်တယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေက စိမ်းလန်းတဲ့ အသီးအနှံများ၊ အရည်ရွှမ်းတဲ့အသီးအရွက်များ၊ ဆီးဖြူသီး၊ သံပရာသီး၊ လိမ္မော်သီး၊ သီဟိုဠ်သီး၊ မာလကာသီး၊ ကန်စွန်းရွက်၊ ဒန့်သလွန်ရွက်တို့ပဲဖြစ်တယ်။ ဗီတာမင်ဓာတ်ဟာ မီးအပူကိုမခံဘဲ ပျက်စီးတတ်လို့ လတ်ဆတ်ပြီး ဓာတုပိုးသတ်ဆေး၊ ဓာတ်မြေသြဇာကင်းအောင် ဈေးကွက်ထဲမှရရှိတဲ့သစ်သီး၊ ဟင်းသီးဟင်းရွက်တို့ကို ဆားရည်မှာ ၁၅ မိနစ်ခန့်စိမ်ပြီး ရေစင်စင်ဆေးကြောကာ အစိမ်းသောက်ခြင်းက ပိုမိုအကျိုးဖြစ်စေမှာဖြစ်တယ်။

အသီးအနှံ၊ သစ်သီး (၁)ကျပ်သား စားပေးရင်ရနိုင်တဲ့ဗီတာမင်စီမှာ ဆီးဖြူသီး ၁၅၀ မီလီဂရမ်၊ သီဟိုဠ်သီး ၁၀၀ မီလီဂရမ်၊ လိမ္မော်သီး ၈ မီလီဂရမ်၊ သင်္ဘောသီး ၈ မီလီဂရမ်၊ သံပရာသီး ၈ မီလီဂရမ်၊ မာလကာသီး ၂၅ မီလီဂရမ်၊ ရှောက်သီး ၈ မီလီဂရမ်၊ ဒန့်သလွန်သီး ၁၆ မီလီဂရမ်၊ ကန်စွန်းရွက် ၁၆ မီလီဂရမ်၊ ခဝဲသီး ၅ မီလီဂရမ်တို့ရရှိနိုင်ပါတယ်။ နေ့စဉ် ဗီတာမင်စီလိုအပ်ချက်မှာ (၂၅၀-၅၀၀) မီလီဂရမ်လိုအပ်တာကြောင့် တွက်ချက်စားသောက်နိုင်ပါတယ်။ ဥပမာ မာလကာသီးအမှည့် (၁၀-၂၀)ကျပ်သားရှိ တစ်လုံးစားပေးရင် တစ်နေ့လိုအပ်တဲ့ ဗီတာမင်စီဓာတ်ရရှိသလို အခြားဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ ဖျော်ရည်တို့မှလည်းရရှိနေတယ်။

သွားတိုက်တိုင်း သွေးထွက်နေတာကြာရှည်မကောင်းနိုင်ပါဘူး။ သွားတိုက်တံမှာ ရက်လွန်သွားပွတ်တံ ရှိတတ်တယ်။ အသွားဖွာပြီး လန်နေရင် သတ်မှတ်ထားတဲ့ သွားတိုက်တံ အရောင်ပြောင်းသွားရင် သွားတိုက်တံလဲပေးသင့်တယ်။ ပုံမှန်သွားပွတ်တံ တစ်ချောင်း ဟာ (၄/၆) လကြာရင်လဲပေးရပါမယ်။

သွေးမတိတ်ရောဂါ (Haemophilia) ရောဂါမျိုးရှိ ဗီဇပါဝင်နေရင် သွေးအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။ လိုအပ်တဲ့ ဓာတ်ခွဲခန်းသွေးအဖြေတွေ ရရှိမှသာ ကုသမှုခံယူသင့်တယ်။ အချို့သွေးမတိတ်ရောဂါအေ (Haemophilia A)က ကုသရခက်ခဲပြီး မကြာမကြာသွေးသွင်းကုသမှုမျိုး ခုခံအားမြင့်ဆေး စားဆေး၊ ထိုးဆေးကုဖို့လိုအပ်ပါတယ်။

ဗီတာမင်ကေဟာ ထိခိုက်ဒဏ်ရာ ရရှိတဲ့နေရာမှ သွေးထွက်မများစေဖို့၊ သွေးတိတ်မြန်တဲ့သတ္တိရှိပါတယ်။ ဗီတာမင်ကေဓာတ် (Vit.K) ချို့တဲ့ရင် သွေးတိတ်၊ သွေးခဲဖို့ ကြန့်ကြာတတ်ပါတယ်။ လူရဲ့ခန္ဓာကိုယ် အူမကြီးအတွင်းရှိ ပိုးတွေက ဗီတာမင်ကေ ဓာတ်ထုတ် လုပ်ပေးတတ်လို့ အူမကြီးရောဂါရှိသူများ၊ အူမကြီးအကျိတ်၊ အူမကြီးကင်ဆာ၊ အူမကြီးအနာရှိသူများ ဗီတာမင်ကေချို့တဲ့ကာ  သွေးမတိတ်တဲ့ ရောဂါဖြစ်စေနိုင်တယ်။

သွေးစစ်ဆေးရာမှာ သွေးခဲချိန်(Coagulation Time)၊ သွေးတိတ်ချိန် (Clotting Time) တို့ စစ်ဆေးကြည့်ရင် ဗီတာမင်ကေ ချို့တဲ့မှုရှိ၊ မရှိ အကြမ်းဖျင်းသိနိုင်သလို အခြားရောဂါရှာဖွေရေး အူမကြီးအကျိတ်၊ အူမကြီးကင်ဆာကို ရှာဖွေ ကြည့်ရှုကာ ရောဂါဖြစ်ပါက ပျောက်ကင်းလာအောင် ကုသပေးသင့်ပါတယ်။

အချို့သန်ကောင် (Parasites) များခြင်းသည် ဗီတာမင်စီ၊ ဗီတာမင်ကေတို့ချို့တဲ့လို့၊ သွေးအားနည်းကာ သွားကြားက   သွေးထွက်ခြင်း ဖြစ်နိုင်ပါတယ်။ လူတိုင်းလမ်းဘေးအစားအသောက် မလွတ်ကင်းနိုင်တာကြောင့် နှစ်စဉ်နှစ်ကြိမ်၊ မိုးဦးနှင့် မိုးနှောင်း တွေမှာ  သန်ချဆေး(Albendazole 500 mg) တစ်လုံးစီသောက်ပေးသင့်တယ်။

အာဟာရချို့တဲ့မှုကြောင့် ရရှိလာနိုင်တဲ့သွားကြားက သွေးထွက်ခြင်းရောဂါကင်းစေဖို့ ဗီတာမင်စီနဲ့ ဗီတာမင်ကေကြွယ်ဝတဲ့ အစားအစာ၊ စားဆေးများစားပေး၊ သောက်သုံးပေးသင့်ပါတယ်။ ဗီတာမင်စီအတွက် ရှောက်၊ သံပရာအနွယ်သီးများ၊ ဆီးဖြူသီး၊ ဆီးသီး၊ ဒန့်သလွန်သီး၊ ကန်စွန်းရွက်၊ ခဝဲသီးတို့စားပေးဖို့လိုမယ်။  ဗီတာမင်ကေအတွက် ထောပတ်၊ ကြက်ဥ၊ ငါးကြီးဆီ၊ ပဲနီလေး၊ အာလူး၊ ကန်စွန်းဥ၊ အမဲသား၊ ဆိတ်သား၊ သိုးသား၊ ဝက်သား၊ နို့နှင့် နို့ထွက်ပစ္စည်းများစားပေးသင့်ပါတယ်။ 

အစားအစာနဲ့ မလောက်ငရင် ဗီတာမင်စီဆေးပြား၊ ဗီတာမင်ကေဆေးပြားများသောက်သုံးပေးနိုင်တယ်။ အချို့အစာအိမ်၊  အူလမ်း ကြောင်းရောဂါရှိသူများ အစားအစာဆီမှ ရရှိဖို့ခက်ခဲပါက အကြောဆေး၊ အသားဆေးထိုးနှံခံယူကာ ကုသမှုခံယူသင့်တယ်။ သွေးမတိတ်ရောဂါ (Haemophilia) ရောဂါရှင်တွေ၊ အူမကြီးမကောင်းတဲ့ လူနာတွေတော့ အထူးကုဆရာဝန်တွေနဲ့ ပြသကုသ သင့်ပါတယ်။

နေ့စဉ် ဗီတာမင်စီစားဆေး (၂၅၀-၅၀၀) မီလီဂရမ်နဲ့ ဗီတာမင်ကေစားဆေး တစ်နေ့ (၅-၂၀) မီလီဂရမ် စားပေးပါက ဗီတာမင်စီ ချို့တဲ့ရောဂါ၊ ဗီတာမင်ကေချို့တဲ့ရောဂါ၊ သွေးမတိတ်ရောဂါတို့ အကြမ်းဖျင်း ပျောက်ကင်းနိုင်တယ်။ ဗီတာမင်ကေက သွေးခဲမှုကို ကူညီပေးနိုင်လို့ သွေးအမြောက်အမြားထွက်ခြင်းမှ ကူညီနိုင်တယ်။ နေ့စဉ်လူကြီးဗီတာမင်ကေ ၂၂၅ မီလီဂရမ် သောက်ပေး သင့်တယ်။ ဈေးကွက်ထဲမှာ ဗီတာမင်ကေအစား (Phytomedione) ၂၅ မီလီဂရမ် စားဆေးအနေနဲ့ တွေ့ရပါတယ်။ ဆရာဝန် တွေက စားဆေးအနေနဲ့ညွှန်ပြီး အစာအိမ်အူလမ်းကြောင်း မကောင်းရင် ဒရစ်ထဲထည့်ပြီး ချိတ်ပေးခြင်းအားဖြင့် ဗီတာမင်ကေကို ဖြည့်ပေးနိုင်ပါတယ်။

သွေးထွက်ခြင်းအခြေအနေပေါ်မူတည်လို့ ဗီတာမင်ကေ (K-1,2,3) ပေးသင့်တယ်။ နေ့စဉ် (၅-၂၀)မီလီဂရမ် ကျော်လွန်မပေးသင့်ပါ။ ၂၄ နာရီအတွင်း ဗီတာမင်ကေ(၁၀-၂၀) မီလီဂရမ်ကို အချိုအငန် ၅ ရာခိုင်နှုန်းဒရစ်ထဲမှာထည့်ပြီး ၁ မိနစ်မှာ အစက် ၂၀ နှုန်းချပေးကာ ၂၄ နာရီအတွင်း သွေးမတိတ်ခြင်းရောဂါကို ကုသနိုင်ပါတယ်။ သွေးမတိတ်ရောဂါနဲ့ မွေးလာတဲ့ကလေးတွေ ဗီတာမင်ကေကို မွေးမွေးချင်းထိုးပေးခြင်းက သွေးမတိတ်ရောဂါကို ကာကွယ်နိုင်ပါတယ်။   ။

ဒေါက်တာလွင်သန့်